ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မောင်တောမြောက်ပိုင်း အေအေက စခန်းတွေသိမ်းထားပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်
ရခိုင်ပြည်နယ်မောင်တောမြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုကို အေအေဘက်က သိမ်းပိုက်ထားပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ဒေသခံကျေးရွာသားတွေလည်း ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
မောင်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေက ရှေ့ဆက် ပြင်းထန်လာနိုင်တဲ့အခြေအနေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေကြတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ အခိုင်အမာ ခြေကုတ်ယူထားတဲ့ တပ်စခန်းနှစ်ခုကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်တယ်လို့ အေအေဘက်က စက်တင်ဘာ ၁၁ ရက်နေ့မှာ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတစ်ခုကိုလည်း ဩဂုတ်လ ၃၁ ရက်နေ့ကသိမ်းပိုက် ခဲ့ပြီး လောင်းဒုံကျေးရွာအနီး ဂုတ်ပီကျော်လမ်းမှရှိတဲ့ ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို စက်တင်ဘာ ၁၀ ရက်နေ့က သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အခုလို စခန်းသိမ်းတိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြသလို လက်နက်ကြီး ပစ်ခတ်တာတွေ လေကြောင်း စစ်ဆင်ရေးတွေကိုပါ အသုံးပြုလာနေတာကြောင့် ဒေသခံကျေးရွာသားတွေဟာ မောင်တောမြို့ပေါ်အထိ ထွက်ပြေးရောက်ရှိလာ နေကြပါတယ်။
"တိုက်ပွဲတွေက ထပ်ပြီး ပြင်းလာဖို့ရှိတယ်၊ ထွက်ပြေးဖို့ကလည်း ပြေးစရာနေရာမရှိတော့ဘူး"လို့ လက်ရှိ မောင်တာမြောက်ပိုင်း တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ထွက်ပြေးနေရတဲ့ ခမောင်းဆိတ် ဒေသခံတစ်ဦး ပြောပြပါတယ်။
ဒါ့အပြင် အေအေဘက်က သိမ်းယူထားတဲ့ တပ်စခန်းနှစ်ခုအပြင် ဘင်္ဂလားဒေ့ရှ်နယ်တစ်လျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် စွန့်လွှတ်ဆုတ်ခွာခဲ့ကြရတဲ့ တပ်စခန်း ၁၀ ခုလောက်အထိ ရှိနေတယ်လို့ မြေပြင်သိရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မောင်တော ဒေသ တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
လက်ရှိအခြေအနေအရ မောင်တောမြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနိုင်သလို စစ်ရေးအရ အဲ့ဒီဒေသဟာ စိုးရိမ်ရစရာအခြေအနေကို ရောက်သွားနိုင်တယ်လို့ ရခိုင်ဒေသခံတွေက သုံးသပ်ကြပါတယ်။
"မောင်တောက စစ်ဘက်ဆိုင်ရာအရ စစ်ကောင်စီဘက်က အရေးကြီးတဲ့နေရာဖြစ်လို့ စခန်းချထားတဲ့နေရာဖြစ်တယ်၊တစ်ဖက်ကလည်း အရင်နဲ့မတူဘဲ နယ်စပ်ကအရေးကြီးတဲ့စခန်းကို သိမ်းနိုင်တယ်ဆိုတာကို ချပြချင်တာလည်းပါမယ် "လို့ တိုက်ပွဲတွေ ပြင်းထန်နေရလဲ ဆိုတာနဲ့ပတ်သက်လို့ ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက သုံးသပ်ပါတယ်။
ဒေသတွင်း အခြေအနေတွေကြောင့် မောင်တောမြို့ပေါ်ကို ထွက်ပြေးရောက်ရှိလာခဲ့တဲ့ စစ်ဘေးရှောင်ဦးရေ ၈၀၀ လောက်ရှိနေပြီး တချို့ကျေးရွာသားတွေဟာ သူတို့ရဲ့ နေရပ်ကျေးရွာတွေကိုလည်း ပြန်သွားလို့မရတော့သလို မြို့ပေါ်ကိုလည်း မရောက်လာနိုင်ကြတော့ဘဲ ကျေးရွာတွေမှာ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပြောဆိုကြပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့နေရာတွေဟာ မောင်တာမြို့နယ် မြောက်ပိုင်းက မိုင်တိုင်အမှတ် ၄၀ အနီးဝန်းကျင်နေရာတွေနဲ့ ခမောင်းဆိတ်၊ ကြိမ်ချောင်းအနီးဝန်းကျင်တွေ ဖြစ်ပြီး အဲ့ဒီက ဒေသခံကျေးရွာသားတွေဟာ တိုက်ပွဲတွေကြားထဲ ရောက်ရှိနေကြတာဖြစ်ပါတယ်။
စစ်ရေး တင်းမာမှုတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောဒေသခံပြည်သူတွေအနေနဲ့ သေရေးရှင်ရေး ကိစ္စတွေကလွဲပြီး ခရီးသွားလာတာတွေ မလုပ်ကြဖို့ ရက္ခိုင့်တပ်တော်(အေအေ)က ဩဂုတ်လ ၂၃ ရက်၊ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ကြေညာချက်ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။
ဒေသခံ ပြည်သူအချို့ဆိုရင်လည်း စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ဖမ်းဆီးတာ ရင်ဆိုင်နေကြရပြီး ဒေသခံတွေ ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေကို ရောက်ရှိလာနေတဲ့အထိ အသွားအလာနဲ့ ရိက္ခာသယ်ယူခွင့်တွေ ပိတ်ထားတာဟာ စစ်ကောင်စီက ဒေသတွင်း ဖြတ်လေးဖြတ်အဖြစ် ဖန်တီးနေတယ်လို့ အေအေဘက်က စွပ်စွဲပြောဆိုထားပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ ခရီးသွားလာကြရမယ်ဆိုရင်လည်း နယ်မြေရုံးတွေကို အကြောင်းကြားပြီးမှ သွားလာကြဖို့နဲ့ ခရီးသွားပြည်သူတွေကို ရက္ခိုင့်ပြည်သူ့ အစိုးရအဖွဲ့အနေနဲ့လည်း အကူအညီပေးကြဖို့ ULA က ညွှန်ကြားထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။