တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌသွား

စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ ကယားပြည်နယ် ခရီးစဥ်

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ ကယားပြည်နယ် ခရီးစဥ်
ရေးသားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကယားပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဝင်တာ စိတ်မကောင်းဖွယ်ရာ တွေ့ရပေမဲ့ ဆွေးနွေးပွဲကို စစ်တပ်က အမြဲကြိုဆိုနေတယ်လို့ ကယားပြည်နယ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုလိုက်ပါတယ်။

ကယားပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး လိုအပ်နေပြီး ဒီအတွက် ပြည်သူတွေက ပြည်နယ်အစိုးရအဖွဲ့၊ စစ်တပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုသလို ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ သက်တမ်းတိုးထားတယ်လို့လည်း ဆိုပါတယ်။

ကယားပြည်နယ် ဖွံ့ဖြိုးရေး အတွက် စစ်ကောင်စီက ငွေကျပ် ၁၀ ဘီလျံ အရင်းမပျောက် မ တည်ပေးထားတယ်လို့လည်း ပြောပါတယ်။

ကယားပြည်နယ်ကို သုံးရက်ကြာ ခရီးစဥ်အဖြစ် ရောက်ရှိနေတဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌဟာ သူ့ခရီးစဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံပြီး ဒေသဖွံဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ အပစ်ခတ်ရပ်စဲရေးကိစ္စတွေ ပြောဆိုခဲ့ပေမဲ့ တဖက်မှာလည်း စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေလည်း ရှိနေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက် ဒဏ်ရာရတာတွေလည်း ဆက်တိုက် ရှိနေပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီအကြီးအကဲတဦး ရောက်လာတာဟာ စစ်ရေးအရှိန်မြင့်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက အခုလို သုံးသပ်ပါတယ်။

“တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပြည်နယ်ကို ဗိုလ်ချုပ်စိုးဝင်း လာတယ်ဆိုကတည်းက ဒီထက်ပိုပြီး စစ်ရေးစစ်ရာတွေကို တပ်ဘက်က ပြင်ဆင်ဖို့၊ ဖိအားပေးဖို့ ကွပ်ကဲတာ ဖြစ်တယ်လို့ပဲ ကျွန်တော် သုံးသပ်ပါတယ်။ ဒီခရီးစဥ်တွေက တော်လှန်ရေးအတွက် အကျိုးမရှိပါဘူး။ အထောက်အကူလည်း မဖြစ်ပါဘူး” လို့လည်း ထောက်ပြပြောဆိုပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးကတည်းက ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၃၀ ဦးအထိရှိနေပြီး တိုက်ပွဲ အကြိမ်ရေ ၅၈၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးဗြဲမြို့နယ်အရှေ့ခြမ်းက စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေ က စစ်ကြောင်းထိုးခဲ့ပြီး စစ်ရှောင် ပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖယ်ခုံ PDF တပ်ရင်း-၂ က မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

နေ့စဥ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားပြီး ပြည်နယ် လုံခြုံရေးအတွက် ကြိုးပမ်းသွားမယ်လို့ ဆိုနေပါတယ်။

ဒါကြောင့် စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ ခရီးစဥ်ဟာ ကရင်နီပြည်နယ်ကို စစ်တပ်ဘက်က အပြည့်အဝ ထိန်းချုပ်နိုင်အောင် ကြိုးစားတဲ့ ခြေလှမ်းဖြစ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီ ဒုအကြီးအကဲ သွားရောက်

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီ ဒုတပ်ချုပ် သွားရောက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“စစ်ကောင်စီ ဒုဥက္ကဋ္ဌကတော့ ထိုးစစ် ဒီထက်မက ဆက်လုပ်ဖို့ အခြေအနေ လာကြည့်တယ်။ နောက်ပြီး အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ ရှေ့တန်းထွက်နေတဲ့ ရဲဘော်တွေကို လာအားပေးတယ်။ နောက် ဌာနဆိုင်ရာဝန်ထမ်းတွေကို လာအားပေးသွားတဲ့ အနေအထားမျိုးပဲ ရှိတယ်” လို့ ဆိုပါတယ်။

အခု မတ်လထဲမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် တို့အကြား ခပ်စိပ်စိပ် ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်း က စစ်ဘေးရှောင် စခန်းတွေ မှာ စစ်ဘေးရှောင်သူတွေ သောင်းနဲ့ချီပြီး ထပ်တိုးလာတဲ့အတွက် စစ်ဘေးရှောင် စခန်းတွေမှာ နေရာ မလုံလောက်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ရှောင်တွေအတွက် ရေရှားပါးလာတာ၊ အစားအစာနဲ့ ရိက္ခာ ပြတ်တောက်မယ့် အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ စစ်ဘေး‌ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီအကြီးအကဲကတော့ စစ်ရှောင် သိန်းနဲ့ချီကို ကူညီဖို့ မပြောဆိုခဲ့သလို ပဋိပက္ခတွေ မရှိရင် စစ်ရှောင်ပြည်သူတွေ ရှိလာမှာ မဟုတ်တဲ့အတွက် ဒေသ တည်ငြိမ်အေးချမ်းဖို့ လုပ်ဆောင်ဖို့ လိုတယ်လို့သာ တိုက်တွန်းသွားခဲ့ပါတယ်။

ဘာသာရေးအဆောက်အအုံတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အလေးထား ထိတွေ့ဆက်ဆံတယ်လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌက ကာကွယ်ပြောဆိုခဲ့ပေမယ့် တိုက်ပွဲတွေအတွင်း ကရင်နီပြည်နယ်အတွင်းက အရပ်သားတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုနေကြပါတယ်။