ဆားလင်းကြီးက ကျေးရွာ တချို့ကို စစ်ကောင်စီ လေကြောင်းနဲ့တိုက်- ဇွန်လ ၁၀ ရက်နေ့ ထိပ်တန်းသတင်းများစုစည်းချက်

ရေးသားခဲ့သည်။

ကရင်နီပြည်နယ်ထဲက နေရာတချို့မှာ Starlink အင်တာနက် စတင်အသုံးပြုနိုင်ပြီလို့ Free Burma Ranger အဖွဲ့က တရားဝင်ထုတ်ပြန်လာပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတစ်ခု ဖြစ်တဲ့ ကရင်နီထဲက နေရာတချို့မှာ သန်းကြွယ်သူဌေး အီလွန်မက်ရဲ့ ကုမ္ပဏီက ကူညီပေးတဲ့ Starlink အင်တာနက်ကို စတင်သုံးစွဲလို့ ရနေပြီလို့Free Burma Ranger အဖွဲ့က ၄င်းတို့ရဲ့ တွစ်တာစာမျက်နှာကနေ ကျေးဇူးတင်ကြောင်းပြောထားတာလည်း ဖြစ်ပါတယ်။

ကရင်နီရဲ့ မြေပြင်မှာ ရှိနေသူ တချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့ အင်တာနက် ကို ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်အထိ သုံးစွဲလို့ မရသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

Starlink အင်တာနက်ဟာ အမေရိကန်လေကြောင်းအာကာသကုမ္ပဏီ SpaceX က လုပ်ဆောင်တဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုဖြစ်ပြီး ကျူးကျော်စစ်ဆင်နွှဲခံနေရတဲ့ ယူကရိန်း လိုနေရာတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ နိုင်ငံကျော်အတွက် ဂြိုလ်တုအင်တာနက်အသုံးပြုခွင့်ကို ပံ့ပိုးပေးထားတာလည်း ဖြစ်ပါတယ်။

မိုးဗြဲမြို့ပေါ်မှာ သေဆုံးရုပ်အလောင်း ၅ လောင်းတွေ့ရှိခဲ့တယ်လို့ KNDF ပြော

စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ မနေ့ ဇွန်လ ၉ ရက်နေ့တုန်းက သေဆုံးရုပ်အလောင်း ၅ လောင်းတွေ့ရှိခဲ့တယ်လို့ KNDF က ဘီဘီစီကိုပြောပါတယ်။ သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူတွေအကြောင်း အတည်ပြုလို့မရသေးဘူးလို့ ဆိုပါတယ်။

"သေဆုံးတဲ့ထဲ မိန်းကလေး ၂ ယောက်၊ ယောကျ်ားလေး ၃ ယောက် စုစုပေါင်း ၅‌ ယောက်ပါ။ မိန်းကလေးတွေကိုက အဓမ္မပြုကျင့်သတ်ဖြတ်ခံရတယ်ဆိုပြီး သတင်းထွက်နေတာနဲ့ပတ်သက်လို့ အတည်ပြုလို့မရသေးပါဘူး။ ဒါပေမဲ့ ဒီဘက်တွေမှာက အခုလိုပြုကျင့်သတ်ဖြတ်ခံရတာက ဖြစ်ရိုးဖြစ်စဉ်တခုလိုဖြစ်နေတာပါ" လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သား ၅ ယောက် သတ်ဖြတ်ခဲ့တာအပါအဝင် အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အချက်အလက်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ‌မေးမြန်းနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပေမဲ့ ဒီကနေ့ ဇွန်လ ၁၀ ရက် ညနေ ၃ နာရီအထိ ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိအချိန်အထိ မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားဆဲဖြစ်ပြီး မနေ့ ဇွန်လ ၉ ရက်အထိ တိုက်ပွဲရှိခဲ့သလို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးဗြဲမြို့၊ စည်ကား ၁ နဲ့ ၂ ရပ်ကွက်တွေက ဒေသခံထောင်နဲ့ချီ ‌ဟာ ကျေးရွာတွေဘက်နဲ့ လွိုင်ကော်မြို့ပေါ်ကို စစ်တိမ်းရှောင်နေကြတယ်လို့လည်း ကူညီနေသူတွေကပြောပါတယ်။

ဝက်လက်မှာ ၁၀ ရက် ဆက်တိုက် စစ်ကြောင်းထိုးခံရပြီး ပြည်သူ ၇ ဦးရဲ့ ရုပ်အလောင်းတွေ့

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက အခု ဇွန်လ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို စစ်ကြောင်းပြန်ထွက်ချိန်မှာ ဓားစားခံအနေနဲ့ ပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တဲ့နောက် ပြည်သူ ၇ ဦး ရဲ့ အလောင်းတွေကိုတွေ့ရတယ်လို့ ဒေသကာကွယ်‌ရေးအဖွဲ့တွေက ပြောကြပါတယ်။

ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားမရှိဘဲ တော်လှန်ရေးအင်အားစုတွေ အားကောင်းတယ်လို့ ယူဆပြီး စစ်ကောင်စီက ဝက်လက်ဘက်က ကျေးရွာ ၂၀ ကျော်ကို စစ်ကြောင်းဆက်တိုက်ထိုးခဲ့တာလို့ ကာကွယ်‌ရေး အဖွဲ့ဝင်တွေက ယူဆနေကြပါတယ်။

" ရွာတွေကို ဝင်လာတယ်။ ပြီးရင် ဓားစားခံအဖြစ် ပြည်သူတွေကိုဖမ်းတယ်။ စစ်ကြောင်းပြန်ထွက်သွားရင် ရွာအထွက်မှာ ဓားစားခံပြုလုပ်သွားတဲ့ ပြည်သူ တွေကို သတ်ခဲ့တယ်။ သေဆုံးခဲ့တဲ့သူတွေက အမျိုးသား များပြီး အမျိုးသမီးတစ်ဦးပဲပါတယ်။ ပြည်သူတွေပါ။ နဘဲပင်လှကျေးရွာမှာ အသတ်ခံခဲ့ရတဲ့ တစ်ဦးဆိုရင် ခေါင်းတွေ ခြေတွေ လက်တွေ ခုတ်ထစ်ပြီး မီးရှို့သတ်ခဲ့တာပါ။ " လို့ ‌ဝက်လက်ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၁ ရက်နေ့ကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့အထိ ဝက်လက်အတွင်းက ကျေးရွာတွေဖြစ်တဲ့ နဘဲပင်လှကျေးရွာ၊ တမာကန်ကျေးရွာ၊ တိုက်ရွာ၊ တလိုင်းကျေးရွာ ‌‌စတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာ ၂၀ လောက်ကို ဝင်ရောက် စီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကြောင်းဟာ ပဒူကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးနေသလို ဒေသခံတွေကတော့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးကြီးမယ်

ဘင်္ဂလားပင်လယ်အော်အရှ့မြောက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနက ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေပြည်တော် ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ နေရာစိတ်စိတ် မိုးရွာသွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းမယ်လို့ မိုးဇလရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မိုးတိမ်တောင်များရွေ့လျားဖြစ်ထွန်းမှုကြောင့် မိုးရွာသွန်းတာ ၊ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ် ၊လျှပ်စီးလက်တာတွေဟာ စစ်ကိုင်း၊ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ ကချင်၊ရှမ်း(အရှေ့နဲ့ မြောက်) ၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့ဟာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကြိုတင်သတိပြုနေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနက အသိပေးနှိုးဆော်ထားပါတယ်။

ဒ့ါအပြင် ဆိုင်ကလုန်းမုန်တိုင်း 03B(THREE) အတွက် JTWC Warning-3 ကဖေါ်ပြထားတဲ့လမ်းကြောင်းမှာ ရခိုင်ပြည်နယ်ထဲကို အတည့်မဝင်တော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတောင်ဘက်ကမ်းခြေမြို့ "Inani" အနီးကနေ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စတင်ဝင်ရောက်နိုင်ပြီး ညနေ ၆ နာရီခွဲလောက်မှာ အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းထဲအထိ ဝင်သွားပြီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားနိုင်တယ်လို့ အရပ်ဖက်မိုးလေဝသလေ့လာစောင့်ကြည့်ရေး သူ ဉီးဝင်းနိုင်က သူရဲ့ ‌လူမှုကွန်ရက်မှာရေးသားထားပါတယ်။

လားရှိုးမြို့နယ် ဟက်ကာကျေးရွာမှာ လူနေအိမ်ပေါ် အုတ်တံတိုင်းပြိုကျလို့ မိသားစုဝင် လေးဦး သေဆုံး

လားရှိုးမြို့နယ်၊ ဟက်ကာ ကျေးရွာမှာ ဇွန်လ ၁၀ ရက်နေ့ မနက်အစောပိုင်း ၁ နာရီ ခွဲလောက်က လူနေအိမ်တစ်အိမ်ပေါ်ကို အုတ်တံတိုင်းပြိုကျခဲ့လို့ မိသားစုဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေး ပြုလုပ်ပေးသူတွေထံက သိရပါတယ်။

မိုးရွာသွန်းမှုများပြားတဲ့ဒဏ်ကြောင့် မြေကြီးရဲ့မြေသားတွေ ပျော့ကျရာကနေ အုတ်တံတိုင်းက လူနေအိမ်ပေါ် ကို ပြိုကျခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လေးဦး သေဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

" လက်ရှိတော့သေဆုံးသူတွေကို ရင်ခွဲရုံ ပို့ထားပြီး ဖြစ်ပါတယ်။ သေဆုံးသူတွေက အမျိုးသမီးတစ်ဦးနဲ့ ကလေး ၃ ဦး ပါ " လို့ ကယ်ဆယ်ရေး ပြုလုပ်ခဲ့သူတွေထဲမှာ ပါတဲ့ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေဆုံးသွားခဲ့တဲ့ အလောင်းတွေကို သယ်ဆောင်ပြီး လားရှိုးပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာန ကနေ တစ်ဆင့် ရင်ခွဲရုံကို ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

သရက်ချောင်းမှာ ဒေသခံပြည်သူ ၃၀၀ ကျော် ရွာလုံးကျွတ် တိမ်းရှောင်နေရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိ ရွာမှာ စစ်ကောင်စီတပ်တွေ ဝင်‌ရောက်နေတဲ့အတွက် ဒေသခံပြည်သူ ၃၀၀ ကျော်လောက်က ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးကတော့ " ရွာထဲကိုဝင်လာပြီး လူတွေကို ဖမ်းဆီးတာတွေ လုပ်တဲ့အတွက် ပြေးနေရတာပါ။ တစ်ရွာလုံးပြေးနေရတယ် ။ လူ ဆယ်နဲ့ချီ အဖမ်းခံခဲ့ရတယ်။ ဒီနေ့ အထိ ရွာထဲမှာ တပ်စွဲထားတုန်း ရှိနေတုန်းပဲ " လို့ ပါတယ်။

မနေ့က ဇွန်လ ၈ ရက်နေ့ က စစ်ကောင်စီနဲ့ ဒေသကာကွယ်‌ရေးအဖွဲ့တွေအကြား ထိတွေ့မှု တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ကနက်သီရိကျေးရွာကို ရောက်ရှိလာပြီး တပ်စွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေက ဘေးလွတ်ရာနေရာတွေကို ရှောင်နေကြရတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ ‌မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ထန်းတော ရွာဘက်ကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မနေ့က ည ‌နေ ၄ နာရီ ဝန်းကျင်လောက်မှာထဲက လေကြောင်း ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ စတင်ခဲ့ပြီး ညဘက် ၉ နာရီလောက်မှာတော့ စစ်ကောင်စီက ညောင်ပင်ကြီးရွာကို မီးစတင်ရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

" မနေ့က ညနေထဲကနေ လေကြောင်းတွေနဲ့ပစ် မီးတွေ စရှို့ လုပ်တာ။ ခု မနက်ထိ စစ်ကြောင်းရှိနေသေး သလို ဆက်မီးရှို့နေ တော့ ဘာတွေ ပျက်စီး၊ ဘယ်နှစ်လုံးလောင်သွားတယ်ဆိုတာ ဘာမှ မသိရဘူး။ အဝေးက မီးခိုးတွေပဲ မြင်နေရတယ်။ မီး တောက်တွေ မြင်ရတယ်။ " လို့ ဆားလင်းကြီး ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆားလင်းကြီး ဒေသကာကွယ်‌ရေးအဖွဲ့ဝင်တစ်ဦး စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရပြီးနောက်ပိုင်း ဆားလင်းကြီး ဘက်ကို စစ်ကောင်စီ တပ်တွေ စစ်အင်အားတိုးချဲ့တာတွေ ပြုလုပ်လာသလို ကျေးရွာတွေကို စီးနင်းဝင်ရောက် စစ်ဆေးမေးမြန်းတာတွေလည်းဆက်တိုက်ရှိနေခဲ့ပြီး အခုလို ဆက်တိုက်မီးရှို့တာတွေ ဖြစ်နေတာလို့လည်း ဒေသခံတွေထံက သိရပါတယ်။

ဒီလို လေကြောင်းပစ်ခတ်မှုတွေ ကျေးရွာမီးရှို့မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ အထိ တစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီခေါင်းဆောင်ကတော့ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးတာတွေ မရှိဘူးလို့ ကုလ အထူး သံတမန် မစ္စနိုလင်းဟေဇာ မြန်မာပြည်ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။