ဖေဖော်ဝါရီ ၁၁ ရက် ထိပ်တန်းသတင်းများ-ကိုးကန့်ဒေသ အောင်ပွဲကို မြောက်ပိုင်းမဟာမိတ်တပ် ခေါင်းဆောင်တွေ တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ကိုးကန့်တပ် (MNDAA) က ဦးဆောင်ကျင်းပတဲ့ ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်မှ အလုံးစုံလွတ်မြောက်ရေးအောင်ပွဲ အခမ်းအနားကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ တအာင်းတပ်(TNLA)နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ရဲ့ စစ်ဘက်ခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
ဇန်နဝါရီလ ၉ ရက်တုန်းက ကျင်းပတဲ့ ကိုးကန့်ဒေသအောင်ပွဲနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ညီနောင်မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့အကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။
အဲဒီအခမ်းအနားမှာ ကိုးကန့်တပ်(MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်၊ တအာင်းတပ်(PSLF/TNLA) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်တို့အတူ တက်ရောက်ကြတဲ့ဓာတ်ပုံကိုလည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
TNLA ခေါင်းဆောင်ကတော့ ကိုးကန့်ဒေသတိုက်ပွဲမှာ တအာင်းတပ် ပါဝင်တိုက်ပွဲဝင်မှုဟာ မဟာမိတ်သွေးစည်းညီညွတ်မှုကို ပြသတာဖြစ်ပြီး နားလည်မှုရှိရှိနဲ့ ဆက်ပြီး လက်တွဲသွားဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် အထူးဒေသ ၁ ကို ပြန်လည်ထူထောင်မယ်လို့ ပြောထားတဲ့ ကိုးကန့်တပ် စစ်ဦးစီးချုပ်ကတော့ ‘‘ကိုးကန့်တွေရဲ့ အမျိုးသားတော်လှန်ရေး အိမ်အပြန်ခရီး ပြန်လည်ရောက်လာပြီ’’ လို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထုတ်ပြောသလို နှစ်သစ်ကူးကာလ ကစလို့ တိုက်ပွဲအလွန် စစ်ရေး၊ နိုင်ငံရေး ပြန်လည်ထူထောင်မှုစတင်မယ်လို့ ပြောထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ တရုတ်နှစ်သစ်ကူးကာလကို စိတ်လုံလုံခြုံခြုံနဲ့ ကျော်ဖြတ်နိုင်ကြဖို့ တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်မှာ သေနတ်သံမထွက်အောင် အလေးထား လုပ်နေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ်မှာတော့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
ရခိုင်မှာ စစ်သင်္ဘော နစ်မြုပ်မှုကနေ လွတ်မြောက်လာသူတွေ သတ်ဖြတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အေအေ ဘယ်လိုတုံ့ပြန်လဲ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့ဆက်စပ်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ် စစ်သင်္ဘောသုံးစီးကို ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ တိုက်ခိုက်နစ်မြှုပ်နိုင်ခဲ့ပြီး လက်နက်ချ အညံ့မခံသူတွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) ပြောပါတယ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရက္ခိုင့်တပ်တော် အတွက် ဖေဖော်ဝါရီ ၈ ရက်နေ့ဟာ ပင်လယ်ပြင်ထက်မှာ ရန်သူကို နှိမ်နှင်းနိုင်ခဲ့ပြီး သမိုင်းမှာ အောင်ပွဲဆင်နိုင်တဲ့နေ့အဖြစ် မှတ်တမ်းတင်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ကျောက်တော်ကနေ စစ်တွေကို ရွှေ့ပြောင်းနေချိန် ကုလားတန်မြစ်ကြောင်းတလျှောက်၊ ကျောက်တော်အနားမှာ အေအေ၊ ချင်းနဲ့ မကွေး PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်နစ်မြှုပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ သေဆုံးရတယ်လို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ် ချန်နယ်တွေကနေ ရေးသားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ကမ်းတက်လာချိန် ကမ်းပေါ်ကနေစောင့်ဆိုင်းပြီး သတ်ဖြတ်တယ်ဆိုတာ လုံးဝမဟုတ်တဲ့အပြင် အဲဒီဖြစ်စဥ်ကနေ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို အေအေက နိုင်ငံတကာစစ်သုံ့ပန်းဥပဒေ၊ အေအေရဲ့ သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ စနစ်တကျထိန်းသိမ်းလုပ်ဆောင်နေတယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ ဖမ်းမိအရေအတွက်ကိုတော့ စိစစ်နေတယ်လို့ သူက ပြောပါတယ်။
“ပထမ ဆင်းလာတဲ့သင်္ဘောမှာ မိသားစုတော်တော်များများ ပါလာတယ်။ ပါလာတာကိုလည်း စစ်တွေမြို့ပေါ်ကနေ မြင်လိုက်တယ်။ အဲ့ဒီလူတွေကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ထားတာကိုလည်း လူတိုင်းသိတယ်။ နှစ်ရက်လောက်အကြာမှာ အဲ့ဒီလူတွေ အယောက် ၄၅၀ လောက် ကုန်သင်္ဘောနဲ့ပါသွားတာလည်း သိကြတယ်။ အဲ့ဒါကြောင့်မို့လို့ ကျောက်တော်ထဲမှာ လူ ၄၅၀ လောက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ” လို့ အခြေအနေတွေကို သိတဲ့ဒေသခံတစ်ယောက်က ပြောပါတယ်။
လက်ရှိမှာ ဘာသာရေး၊ လူမျိုးရေးပြဿနာတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဝါဒဖြန့် နေမှုတွေကိုလည်း သတိပြုဖို့ သူက ဦးခိုင်သုခက တိုက်တွန်းပါတယ်။
ဒါပေမဲ့ အေအေထုတ်ပြန်ချက်အရ သင်္ဘောတွေပေါ်ကနေ လက်နက်ချအညံ့မခံသူတွေကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန်လိုက်လံချေမှုန်းတယ်ဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းတာကိုတော့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
တစ်ဖက်မှာလည်း ရေယာဥ်တွေတိုက်ခိုက်နစ်မြှုပ်ခံရမှုကနေ ရာနဲ့ချီတဲ့ သေဆုံးသူတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်လို့ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရုပ်အလောင်းတွေ တွေ့ရှိရတာမျိုးတော့ မရှိသေးတဲ့အကြောင်း ကျောက်တော်ဒေသနဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဥ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် လူဦးရေ ရာချီသေဆုံးသွားတယ်ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီအနေ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်းဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းအထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
စစ်ကိုင်းက လူငယ်အယောက် ၂၀ ဝန်းကျင် မုံရွာ-မန္တလေးလမ်းပေါ်မှာ အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကိုင်းမြို့၊ မုံရွာ-မန္တလေး လမ်းမဘေးမှာရှိတဲ့ ရွာမကျေးရွာနဲ့ လယ်ကြီးကျေးရွာအကြားက တမာကုန်းနားမှာ အင်အား ၈၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက လူငယ်၊ လူလတ်ပိုင်း အရွယ် အယောက် ၂၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းမြို့နယ်ထဲက တောင်ပေါ်တပ်လို့ လူသိများတဲ့ အမှတ် ၇၂ ခြေမြန်တပ်ရင်း(ခမရ)က စစ်ကောင်စီတပ်တွေက မနက် ၅ နာရီလောက်ကစ ကင်းပုန်းဝပ်နေတာဖြစ်ပြီး မနက် ၇ နာရီလောက်မှာ စစ်ဆေးဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အဲ့ဒီအထဲမှာ အမျိုးသမီး သုံးယောက်ပါတယ်။ အကြောင်းပြချက်က စစ်ဆေးစရာရှိလို့ဆိုပြီးတော့ပဲ ပြောတာ။ ကား၊ ဆိုင်ကယ်၊ ခရီးသွားကားပေါ်က အမျိုးသား၊ အမျိုးသမီး လူလတ်ပိုင်းတွေ အကုန်ဆင်းခိုင်းတယ်၊ စစ်ဆေးစရာရှိတယ်ဆိုပြီး လမ်းနဲ့ ခပ်လှမ်းလှမ်းနေရာကို ခေါ်သွားတယ်။ တောင်ယာလုပ်နေတဲ့သူတွေလည်းပါတယ်။ တချို့ကိုတော့ ပြန်လွှတ်တယ်၊ တချို့တော့ ထိန်းသိမ်းထားတဲ့ပုံစံမျိုး၊ မီတာ ၂၀၀ အကွာ ပတ်ချာလည်းကို ကင်းထိုးထားတယ်” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဖမ်းဆီးထားသူတွေကို ဘယ်နေရာမှာ ထားထားတယ်ဆိုတာကိုလည်း မသိကြရသေးပါဘူး။
စစ်ကိုင်းမြို့မှာ အရင်က ရတနာပုံတံတားနဲ့ မြို့ဝင်ဂိတ်တွေကစစ်ဆေးရေးဂိတ်တွေမှာ သူတို့သတင်းရထားတဲ့ ကား၊ ဆိုင်ကယ်၊ ခရီးသွားကားတွေကိုသာ ဦးတည်စစ်ဆေး၊ ဖမ်းဆီးတာဖြစ်ပြီး အခုအကြိမ်ကတော့ လာသမျှယာဉ်တွေဆီက လူငယ်၊ လူလတ်ပိုင်းတွေကို ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်က လူငယ်၊ လူလတ်ပိုင်းတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
AA ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို စစ်ကောင်စီတပ် ပြန်ရဖို့ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, Social Network
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(အေအေ)သိမ်းပိုက်ထားတဲ့ မင်းပြားမြို့ကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတွေကနေ တိုက်ခိုက်ပြီး ပြန်ရယူနိုင်ဖို့ ကြိုးစားနေတယ်လို့ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းပြားမြို့ အခြေစိုက် အမှတ် ၃၇၉ နဲ့ ၅၄၁ ခြေမြန်တပ်ရင်းတွေကို တစ်လတာ ထိုးစစ်ဆင်အပြီး ဖေဖော်ဝါရီ ၆ ရက်မှာ အေအေက မင်းပြားကို အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့တာပါ။
မင်းပြားမြို့နယ်ကို ဖေဖော်ဝါရီ ၁၀ ရက် တစ်ရက်လုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ပုဏ္ဏားကျွန်းမြို့နယ်မှာ အခြေစိုက်ထားတဲ့ တပ်ရင်းကနေလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရမ်းဗြဲမြို့နဲ့ အနီးတဝိုက်နေရာတွေကို သိမ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ မနက် ၈ နာရီကနေ နေ့လယ်အထိ ပစ်ခတ်ခဲ့သလို ရေကြောင်းနဲ့ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိမှာ အေအေပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်အဖွဲ့မဟာမိတ်အဖွဲ့တွေကြား အပစ်ရပ် သဘောတူညီမှုရရှိထားပါတယ်။
အခုတော့ ရခိုင်မှာ အေအေနဲ့ စစ်ကောင်စီတပ်ကြားက တိုက်ပွဲပြင်းထန်နေတာကြောင့် ရှမ်းမြောက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရခိုင်ဒေသစစ်ဆင်ရေးလို့ ပြောရလောက်တဲ့အထိ စစ်ရေးဗဟိုချက်တွေက ရခိုင်ဒေသဘက်ကို ရွှေ့ပြောင်းသွားခဲ့ပြီး စစ်ဆင်ရေးမှာဆက်ပြီး ပျံ့နှံ့နေပါတယ်။
မဟာမိတ်ညီနောင်သုံးဖွဲ့ကတော့ မြန်မာပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးကို အခုနှစ်အတွင်းပြီးမြောက်နိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း တရုတ်နှစ်သစ်ကူးကာလ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။











