လောက်ကိုင်မှာ MNDAA က အုပ်ချုပ်ရေးဘယ်လိုထူထောင်နေလဲ

နယ်စပ်မျဉ်းအမှတ် ၁၂၅ (BP-125) စစ်ရှောင်စခန်း

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, နယ်စပ်မျဉ်းအမှတ် ၁၂၅ (BP-125) စစ်ရှောင်စခန်းမှာ ကိုးကန့်တပ်(MNDAA)က စစ်ရှောင်တွေကို ဆန်နဲ့လိုအပ်တာတွေကူညီထောက်ပံ့ပေးခဲ့ပါတယ်
ရေးသားခဲ့သည်။

နယ်စပ်ဂိတ်တစ်ဖက်မှာရှိတဲ့ တရုတ်လုံခြုံရေးတွေလှမ်းမြင်နေရတဲ့ အခြေအနေမှာပဲ တရုတ် - မြန်မာနယ်စပ်ဂိတ် ရန်လုံကျိုင်းဂိတ်ကို ကိုးကန့်တပ်(MNDAA)က ကိုးကန့်အလံ လွှင့်ထူလိုက်ပါတယ်။

ချင်းရွှေဟော်ကစလို့ ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ရန်လုံကျိုင်းဂိတ်အထိ ကိုးကန့်ဒေသရဲ့ အရေးပါတဲ့ နယ်စပ်ဂိတ်အားလုံးကို MNDAA က ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုကြောင့် ကိုးကန့်ဒေသမှာ စစ်ရှိန်လျော့သွားမှုနဲ့အတူ ကိုးကန့်တပ်(MNDAA)က သူ့ရဲ့ အုပ်ချုပ်ရေးကို တစ်စတစ်စ ထူထောင်လာနေပါတယ်။

လောက်ကိုင်မြို့အဝင်က တုန်ချိန်ဧရိယာမှာ တပ်ချထားတဲ့ MNDAA ဟာ နယ်စပ်မျဉ်းအမှတ် ၁၂၅ (BP-125)ကိုပါ ထိန်းချုပ်လိုက်ပြီး အဲဒီကဒုက္ခသည်စခန်းကို သူ့ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ ဒီဇင်ဘာ ၁၆ ရက်က သွားရောက်ခဲ့ပါတယ်။

စစ်ရှောင်စခန်းက လောက်ကိုင်ဒေသခံတွေ ကို MNDAA တာဝန်ရှိသူတွေကတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, စစ်ရှောင်စခန်းက လောက်ကိုင်ဒေသခံတွေ ကို MNDAA တာဝန်ရှိသူတွေကတွေ့ဆုံ

မစ္စတာကျိုးနဲ့ မစ္စတာချာ

BP-125 ကို သွားတဲ့အဖွဲ့ ကို ရှမ်းပြည်နယ်အထူးဒေသ(၁)၊ ကိုးကန့်ခရိုင်အထွေထွေအတွင်း‌ရေးမှူး မစ္စတာကျိုးနဲ့ နိုင်ငံရေးဌာန ဒုတိယဌာနမှူး မစ္စတာချာတို့ ဦးဆောင်တဲ့ အလုပ်အမှုဆောင်အဖွဲ့လို့ MNDAA က သုံးနှုန်းခဲ့ပါတယ်။

စစ်ရေးသတင်းတွေပဲ တောက်လျှောက်ထုတ်ပြန်လာတဲ့ ကိုးကန့်တပ်က နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး စကားလုံးတွေကို စတင်သုံးစွဲလာတာပဲဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်က ဒီဒုက္ခသည်စခန်းဟာ ဒီဇင်ဘာ ဒုတိယပတ်အထိ စစ်ကောင်စီ၊ ကိုးကန့်ဦးစီးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။

ဒီဒုက္ခသည်စခန်းကို စစ်ကောင်စီက တိုက်ခိုက်လာနိုင်လို့ နေရာရွှေ့ဖို့စီစဉ်နေပြီး ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကို တာဝန်ယူတယ်လို့ မစ္စတာ ကျိုးက ဆိုပါတယ်။

ဒါ့အပြင် ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း အရေးယူသွားမှာဖြစ်လို့ ပြစ်မှုကျူးလွန်သူတွေတွေ့ရင် MNDAA ထံကို တိုင်ကြားနိုင်တယ်လို့ သူကပြောခဲ့ပါတယ်။

နိုင်ငံရေးဌာန ဒု-ဌာနမှူး မစ္စတာချာကလည်း ဒုက္ခသည်တွေကို ဖိနှိပ်တဲ့၊ ပစ္စည်းလုယူတဲ့ MNDAA တပ်ဖွဲ့ဝင်တွေကိုတွေ့ရင် တိုင်ကြားနိုင်ပြီး အရေးယူသွားမယ်လို့ ထပ်ပြောပါတယ်။

‘‘ဒါက ဖုန်မော်ကျွင်း(ကိုးကန့်တပ်)က လောက်ကိုင်မှာ အုပ်ချုပ်ရေးထူထောင်နေပြီဆိုတာကို သတင်းစကားပါးတာပဲ’’ လို့ တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

တဖက်မှာလည်း ဒုက္ခသည်စခန်းထဲက အရွယ်ကောင်းတဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ ကိုးကန့်တပ်က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

ကိုးကန့်မှာ MNDAA ရဲ့ အုပ်ချုပ်ရေးဖော်ဆောင်မှုနဲ့ပတ်သက်လို့ မေးမြန်းဖို့ ဘီဘီစီက MNDAA ကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရပါဘူး။

လောက်ကိုင်မှာ ဗမာတွေ မရှိသလောက်ဖြစ်သွားပြီ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လောက်ကိုင်မြို့ကနေ လူတစ်သိန်းနီးပါးကို မြန်မာပြည်ဘက် ပို့ဆောင်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့နယ်မှာ ဗမာဒုက္ခသည်လုံးဝကင်းရှင်းသွားပြီလို့ ဆိုနိုင်တဲ့အကြောင်း ကိုးကန့်ခရိုင်အထွေထွေအတွင်း‌ရေးမှူး မစ္စတာ ကျိုး က ပြောပါတယ်။

လောက်ကိုင်မြို့မှာ အရင်ကတည်းက ဗမာက လူနည်းစုဖြစ်ပြီး ငြိမ်းချမ်းရေးကျောက်တိုင်အနီးမှာ ဗမာတွေ စုဝေးနေထိုင်ဆိုင်ဖွင့်ကြလို့ ဗမာတန်းလို့တောင် ခေါ်ဝေါ်ကြပါတယ်။

လောက်ကိုင်က ကာစီနိုတွေက လစာကောင်းကောင်းပေးခေါ်ကြတဲ့အတွက်ရော၊ ငွေရှာရလွယ်ကူတာကြောင့်ပါ ဗမာတွေရော တခြားဒေသက တိုင်းရင်းသားတွေပါ လောက်ကိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် အခြေချလာကြတာဖြစ်ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) နှိမ်နင်းရေးစီမံချက်နဲ့အတူ လောက်ကိုင်ထဲက တရုတ်တွေရော ဗမာအပါအဝင် တခြားတိုင်းရင်းသားတွေကိုပါ MNDAA က ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်မှာ စီးပွားရေးအခြေကျနေပြီး တိုက်ပွဲကြောင့် ခေတ္တတိမ်းရှောင်နေရတဲ့ ဗမာတချို့ကတော့ လောက်ကိုင်ကို ပြန်မဝင်ရမှာကို စိုးရိမ်နေကြပါတယ်။

‘‘ကျွန်မဆိုင်လေး ဓာတ်ပုံရိုက်ခိုင်းပြီး ပို့ပေးခိုင်းတာ၊ ခုထိတော့ ဖောက်ထွင်းတာ ဘာညာမရှိသေးဘူး။’’ လို့ ဗမာတန်းမှာ ဆိုင်ဖွင့်ထားပြီး လားရှိုးကို တိမ်းရှောင်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

MNDAA ဟာ ရွှေ့ပြောင်းအလုပ်သမားထောင်ချီကို လောက်ကိုင်-ချင်းရွှေဟော်-နမ့်တစ် လမ်းကြောင်းကနေ ''ဝ'' တပ်ဖွဲ့ (UWSA)ရဲ့ ထိန်းချုပ်နယ်မြေထဲကတဆင့် လားရှိုးကို ပို့ပေးခဲ့တယ်လို့ ဒီဇင်ဘာလဆန်းက လောက်ကိုင်ကနေ ထွက်ခွာလာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘‘လမ်းမှာညအိပ်ရတယ်။ တိုက်ပွဲဖြစ်ရင် ခဏ နားလိုက်၊ တိုက်ပွဲရပ်ရင် သွားလိုက်နဲ့ပဲ’’ လို့ သူက ပြောပြပါတယ်။

အိမ်စီးကားတွေနဲ့ ပြန်ကြသူတွေရှိသလို လူအပြည့်တင်ထားတဲ့ ၁၂ ဘီးကားတွေ နဲ့ ကိုးကန့်တပ်က ပို့ဆောင်ပေးနေပြီး လမ်းတလျှောက် MNDAA တပ်ဖွဲ့ကပဲ ထိန်းချုပ်ထားတာတွေ့ရတယ်လို့ သူကပြောပြပါတယ်။

တရုတ်- မြန်မာနယ်စပ် ရန်လုံကျိုင်းနယ်စပ်ဂိတ်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay

ဓာတ်ပုံ ပုံစာ, တရုတ်- မြန်မာနယ်စပ် ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို MNDAA သိမ်းပိုက်ပြီး ကိုးကန့်အလံလွှင့်ထူထားပါတယ်။

ရန်လုံကျိုင်း နယ်စပ်ဂိတ် ကို MNDAA ထိန်းချုပ်

တရုတ်နိုင်ငံ၊ နန်ဆန်မြို့ ကို ဆက်သွယ်ထားတဲ့ရန်လုံကျိုင်းဟာ လောက်ကိုင်မြို့ရဲ့ အဓိက နယ်စပ်ဂိတ် ဖြစ်ပါတယ်။

တရုတ်ဘက်က ဝရမ်းထုတ်ခဲ့တဲ့ မြီရှောက်ချန်း အပါအဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နဲ့ ဆက်စပ်နေသူတွေကို ရန်လုံကျိုင်းနယ်စပ်ဂိတ်ကနေ ပဲ လွှဲပြောင်းမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။

‘‘အဲဒီလိုလွှဲတဲ့ တချိန်ပဲ ဌာနဆိုင်ရာကသွားတာ၊ ကျန်တဲ့ အချိန်မထိုင်ဘူး။ အခုကတော့ ကိုးကန့်က အသာလေးသိမ်းလိုက်တာပေါ့’’ လို့ လောက်ကိုင် ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်က ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ ရန်လုံကျိုင်းဂိတ်က စစ်ကောင်စီရဲ့ အစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဟာ ကိုးကန့်တပ်(MNDAA) ဆီလက်နက်ချ အလင်းဝင်လာခဲ့ကြတယ်လို့ ရေးသားဖော်ပြပါတယ်။

အရင်က ကိုးကန့်တိုက်ပွဲတွေမှာလည်း ရန်လုံကျိုင်းဂိတ်မှာ တာဝန်ကျတဲ့ဌာနဆိုင်ရာတွေ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

လက်ရှိအခြေအနေအရ MNDAA က လောက်ကိုင်တစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမဟုတ်သေးဘဲ မြို့အဝင်က တုန်ချိန်ဧရိယာကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

တုန်ချိန်နဲ့ လောက်ကိုင်ရဲ့ တခြား ဧရိယာတွေကြားမှာ တံတားတစ်စင်းခြားနေပြီး တစ်ဖက်မှာစစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက နေရာယူထားပါတယ်။

MNDAA ကတော့ စစ်ကောင်စီ နဲ့ စစ်ရေးဆက်တင်းမာနေဆဲပဲလို့ ထုတ်ပြန်ချက်တွေနဲ့ဖော်ပြပါတယ်။ တိုက်ပွဲတွေအချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့လည်း MNDAA က ခန့်မှန်းထားပါတယ်။