ဇွန်လ ၉ ရက် ထိပ်တန်းသတင်းများ- သိမ်းဆည်းခံ မြန်မာ့ပဲ တန်ချိန်သောင်းချီကို တရုတ်က လေလံတင်ဖို့ စီစဉ်နေ

ရေးသားခဲ့သည်။

တရုတ်ပြည်မှာ မြန်မာငွေ ကျပ်သိန်းပေါင်း သုံးသိန်း တန်ဖိုးရှိတဲ့ ပဲမျိုးစုံ တန်ချိန် သောင်းချီကို

တရုတ်ပြည်ဘက်က ချိပ်ပိတ်သိမ်းထားခဲ့ပြီး တစ်လ ခွဲ ကျော် အကြာ လာမယ့် ဇွန်လ ၁၄ ရက်နေ့ မှာ မှာ လေလံတင် ရောင်းချတော့ မယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

တရုတ်ဘက်မှာချိပ်ပိတ်ခံထားရတဲ့ မြန်မာပဲမျိုးစုံအပါပို့ကုန်တွေကို လေလံတင်ရောင်းချမယ်ဆိုတဲ့ တရုတ်ဘက်ကကြေညာချက်နဲ့ ပြင်ဆင်နေမှုကို ပြန်လည်ညှိနှိုင်းပေးဖို့ မြန်မာကုန်သည်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံတော်အဆင့်အထိ တောင်းဆိုခဲ့ကြတာပါ ။

ယူနန်ပြည်နယ်အစိုးရဘက်ကတော့ မြန်မာဘက်ကချိပ်ပိတ်သိမ်းထားတဲ့ပဲမျိုးစုံအပါအဝင် ပို့ကုန်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၆ရက်မှာ လေလံတင်ရောင်းချဖို့ပြင်ထားခဲ့ပေမဲ့ ၁၄ ရက်နေ့ အထိ ရက် ရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

'' ၁၄ ရက်နေ့ လေလံတင်မယ်လို့ ကြားထားတယ်။ လေလံဆွဲခွင့် လိုင်စင်ရှိတဲ့ သူတွေ ဝင်ဆွဲကြမှာပေါ့။ လေလံတင်မယ်ဆိုပေမယ့် ကျွန်တော်တို့ဘက်ကလည်း လုံးဝ ဆုံးရှုံးသွားပြီလို့တော့ မဟုတ်ဘဲ ဖြစ်နိုင်ချေရှိတဲ့ဘက်က‌တော့ ကြိုးစားနေတုန်းပါပဲ '' လို့ တရုတ်မြန်မာနယ်စပ်က ကုန်သည်တစ်ဦးကပြောပါတယ်။

ဒီပြဿနာကိုဖြေရှင်ဖို့ ပြီးခဲ့တဲ့ရက်က စစ်ကောင်စီရဲ့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဝန်ကြီးအဆင့်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေမဲ့ ယူနန်ပြည်နယ်အစိုးရကလက်မခံဘဲ ၆ ရက်နေ့မှာ လေလံတင်ရောင်းချမယ့်အစီအစဉ်ကနေ တဖြည်းဖြည်း ရက်ရွှေ့လာရာက အခု ဇွန်လ ၁၄ ရက်နေ့မှာ လေလံတင်ရောင်းချသွားမှာ ဖြစ်တယ်လို့လည်း ကုန်သည်အချို့ကပြောကြပါတယ်။

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မကွေးတိုင်းအများဆုံးဖြစ်

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဒီနေ့ ဇွန် ၉ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဝင်ရောက်ဖြေဆိုသူတွေရဲ့ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒဿမ၈ ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန စာစစ်ဌာနက သိရှိရပါတယ်။

ဒါ့အပြင် မြန်မာတစ်နိုင်ငံလုံးအမှတ်များဆုံးရရှိသူတွေဟာ ဒီနှစ်မှာတော့ ကိုယ်ပိုင်အထက်တန်း ကျောင်းတွေနဲ့ ဘော်ဒါဆောင်တွေက ဖြစ်နေတာကိုတွေ့ရပါတယ်။

တစ်နိုင်လုံးအမှတ်အများဆုံး (သိပ္ပံဘာသာတွဲ) ကို မကွေးတိုင်း၊ မလှိုင် ကိုယ်ပိုင်အထက် တန်းကျောင်းက ၆ ဘာသာဂုဏ်ထူးရှင်က အမှတ်ပေါင်း ၅၅၆ မှတ်နဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။ (ဝိပ္ပံဘာသာတွဲ) အမှတ်အများဆုံးကို အမှတ် ၅၃၈ မှတ်နဲ့ ပြင်ပဖြေဆိုသူတစ်ဦးက ရရှိခဲ့ပြီး (ဝိဇ္ဇာဘာသာတွဲ) အမှတ်အများဆုံးကို အမှတ် ၅၁၃ မှတ် နဲ့ အထက ( တောက်တဲ့ရိုး) သောင်ကြီး ၊ ကျုံပျော်က ရရှိခဲ့တယ်လို့ တွေ့ရပါတယ်။

၂၀၂၃ ခုနှစ် ၊ မတ်လမှာ ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ စနစ်‌ဟောင်းရဲ့ နောက်ဆုံးနှစ်မှာ ကျောင်းသားဉီးရေ တစ်သိန်း‌ခြောက်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို လက်မခံတာကြောင့် စာမေးပွဲဖြေခြင်းမရှိတဲ့ CDM ကျောင်းသားတွေလည်းရှိခဲ့ပြီး အရင်နှစ်တွေထက် ဝင်ရောက်ဖြေဆိုသူအရေအတွက် နည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ၄၆.၈၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ဒီနှစ်မှာ မကွေးတိုင်းဒေသကြီးက ၇၅ ဒသမ ၀၄ ရာခိုင်နှုန်းနဲ့ အောင်ချက် အများဆုံး ဖြစ်ပြီး ကချင်ပြည်နယ်က ၇၄ ဒသမ ၀၃ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ မန္တလေးတိုင်း ဒေသကြီးက ၇၂ ဒသမ ၅၈ ရာခိုင်နှုန်းနဲ့ တတိယဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်စာမေးပွဲကိုအင်းစိန်ထောင်ထဲကအကျဥ်းသား ၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၀ ဦးလုံး ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

အင်းစိန်ထောင်ထဲက အောင်ချက် ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး ၅ ဘာသာဂုဏ်ထူး ၁ ဦး ၊ ၃ ဘာသာဂုဏ်ထူး ၂ ဦး ၊၂ ဘာသာဂုဏ်ထူး ၅ ဦး၊ ၁ ဘာသာဂုဏ်ထူး ၂ ဦး ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာလည်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး KG အတန်းကနေ ၁၂ တန်းအထိ တက်ရောက်သင်ကြားရမယ့် ပညာရေးစနစ်သစ်ကိုလည်း စတင်နေပြီလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းမှာ ဝင်ရောက်ဖြဆိုခြင်းမရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေကို အခုလာမယ့် စနစ်သစ် ၁၂ တန်းမှာ ပြင်ပဖြေအဖြစ်နဲ့ ဝင်ရောက်ဖြေဆိုခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

အခုနှစ်မှာတော့ အစိုးရကျောင်းတွေ အပါအဝင် ၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးတွေမှာ ကျောင်းအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူ ၆ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တခြားတစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သင်ကြားတဲ့ အွန်လိုင်းသင်ပညာရေးစနစ်မှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို အွန်လိုင်းကနေ သင်ကြားမှုတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေရှိနေပြီး ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း မန္တလေးက NUG လက်အောက်က ဖက်ဒရယ်ပညာရေးကျောင်းမှာ သင်ကြားတဲ့ဆရာဆရာမ ၁၅ ဦးကိုဖမ်းဆီးခဲ့တာရှိထားသလို အဲဒီကျောင်းတွေမှာ တက်ရောက်သင်ကြားတဲ့ ကျောင်းသားကျောင်းသူတွေရဲ့မိဘတွေကိုလည်း ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ ကျောင်းတွေကို ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

ခင်ဦးမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းမှာ ဒီကနေ့ ဇွန်လ မနက်အစော ၇ နာရီလောက်စပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်‌ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် ၂၀ ဦး ဝန်းကျင် သေဆုံးခဲ့သလို ဒေသကာကွယ်‌ရေးတပ်တွေ ဘက်ကလည်း တစ်ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ခင်ဦးမြို့နယ် အထွက် ကျီးကန်ရွာအနီးမှာ ဇွန်လ ၉ ရက်နေ့မနက်က တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး နာရီနဲ့ချီပြီး တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ လည်း ကာကွယ်ရေး အဖွဲ့တွေက ပြောကြပါတယ်။

"ကျည်တွေတောင် သွားပို့ရတဲ့ အထိ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ မနက် ၇ နာရီ လောက်ကနေ ၁၀ နာရီလောက်အထိ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ကျီးကန်နဲ့ ရေအေးကုန်းတစ်ဝိုက်တွေ မှာ တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ကာကွယ်‌ရေးအဖွဲ့တွေဘက်က တစ်ဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကိုတော့ ကျွန်တော်တို့ မိုင်းဆွဲခဲ့လို့ ၂၀ ဦး ထက်မနည်း သေခဲ့ပါတယ်" လို့ ကာကွယ်‌ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က သေဆုံးစာရင်းနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားသတင်းအတည်မပြုနိုင်ပါဘူး။

ဒီကနေ့ မနက် ‌ ခင်ဦးမြို့ပေါ်ကနေ သံဘိုရွာတောင်ဘက် ရွှေမိုးညို ဘုရားက တစ်ဆင့် ရေအေးကုန်းရွာထဲကို လက်နက်ကြီးငယ်တွေ ရမ်းသမ်းပစ်ခတ် ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရသလို လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန် ထားပါတယ်။ လက်ရှိ စစ်ကြောင်းကြောင့်လည်း သံဘို၊ ချောင်းဆုံ၊ ရေအေးကုန်း၊ ကျီးကန် စတဲ့ ကျေးရွာတွေက ဒေသခံ ၃၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီး နောက်ရက်မှာပဲ ကိုးကန့်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဘာကြောင့်ဖြစ်ပွားရသလဲ

ကိုးကန့် (MNDAA) နဲ့ စစ်ကောင်စီတပ်တို့အကြား အခု ဇွန်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်သေဆုံး ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ MNDAA ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ လေးရက်တာ တိုက်ပွဲတွေ နှစ်ဘက်ပြင်းထန်ခဲ့သလို တိုက်ပွဲအ‌တွင်း ကို့ကန့် တပ်တွေ ဘက်က တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်က အယောက် ၂၀ ဝန်းကျင်လောက် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ MNDAA အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးစာရင်းနဲ့ပတ်သက်လို့တော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးတဲ့နောက် ဇွန်လ ၇ ရက်နဲ့ ၈ ရက်နေ့ နှစ်ရက်မှာတော့ စစ်ကောင်စီက လောက်ကိုင်မြို့ကနေ တာရွှေထန်‌ဘက် ကို စစ်ကား အစီး ၂၀ လောက်နဲ့ စစ်အင်အားဖြည့်တင်းနေပြီး တိုက်ပွဲက အချိန် မရွေးဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကိုးကန့် အဖွဲ့ဝင်တွေက ဆိုကြပါတယ်။

"လတ်တလော ထိုးစစ်ဆင်တာတော့ မရှိသေးဘူး။ သူတို့ဘက်က ထိုးစစ်ဆင်လာရင်တော့ အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ လေးရက်တာ တိုက်ပွဲကလည်း သူတို့ဘက်က စ လာလို့ ဖြစ်တာပါ။ ၃ ရက်နေ့ ကနေ ၅ ရက်နေ့အထိ သုံးရက်ကတော့ အတော်ကို ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘက်က လှုပ်ရှားနေတဲ့ အခြေအနေတွေကို ဟန့်တားချင်လို့ အခုလို သူတို့ဘက်က တိုက်ပွဲတွေ စနေတာလို့ ယူဆပါတယ်" လို့ MNDAA က အဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

တိုက်ပွဲ ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီဘက်က စစ်ကား ၄ စီးကို ကိုးကန့်ဘက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ စီးကတော့ အပျက်အစီးများခဲ့သလို စစ်ကောင်စီရဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ လည်း ကိုးကန့်အဖွဲ့က တရားဝင် ထုတ်ပြန်ထားပါတယ်။

ကိုးကန့်ဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သီးသန့်သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ချင်းပြည်အတွင်းသွားလာမယ်ဆိုရင် CNF နဲ့ PDF တို့ရဲ့ ထောက်ခံစာ ယူရမယ်လို့ထုတ်ပြန်

စစ်ကောင်စီတပ်တွေက အများပြည်သူခရီးသွားယာဉ်တွေကို အသုံးပြုပြီး အရပ်ဝတ်နဲ့ ဝင်ရောက် စစ်အင်အား ဖြည့်တင်းနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ချင်းပြည်အတွင်း သွားလာစရာ ရှိပါက ချင်းအမျိုးသားတပ်ဦး CNF နဲ့ ဒေသကာကွယ်ရေး PDF တို့ရဲ့ ထောက်ခံစာနဲ့ သာ သွားလာဖို့ မနေ့က ဇွန်လ ၈ ရက်နေ့ နေ့စွဲနဲ့ ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်လိုက်တာတွေ့ရပါတယ်။

စစ်ကောင်စီက လက်နက်ခဲယမ်း ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ သယ်ယူပို့ဆောင်ခြင်းတွေကို ခရီးသည်တင်ယာဉ်တွေနဲ့ သယ်ယူနေတယ်လို့ သိရပြီး အဲဒီ သယ်ဆောင်မှုတွေကို တားမြစ်ဖို့အတွက် အခုလို သတိပေးထုတ်ပြန်တာလို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်ကို ဒေသခံ ချင်းပြည်သူများမှ အပ ပြင်ပကနေ ခရီးသည်ဝင်ရောက်တာကိုလည်း တားမြစ်ထားပါတယ်။ လာရောက်ဖို့ အရေးကြီး ကိစ္စရှိတယ်ဆိုရင် သက်ဆိုင်ရာ CNF နဲ့ PDF တို့ရဲ့ ထောက်ခံစာနဲ့သာ ဝင်‌ရောက်ခွင့်ပြုမယ်လို့ ကြေညာထားပြီး အဲဒီထောက်ခံစာကို ဘယ်လိုပုံစံမျိုး စီစဥ်ပေးမယ်ဆိုတာတော့ဖော်ပြထားတာ မတွေ့ရပါဘူး။

တားမြစ်ချက်တွေကို မလိုက်နာရင် ပြင်းထန်စွာအရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်လိုအရေးယူသွားမယ်ဆိုတာတော့ ဖော်ပြထားတာမတွေ့ရသေးပါဘူး။

ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ မိုးကာတွေ အရေးတကြီးလိုအပ်နေ

ကရင်နီ ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဦးရေ တဖြည်းဖြည်းတိုးပွားလာနေသလို စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှိပြီးသား စစ်ရှောင်စခန်းတွေဟာ ဘေးကင်းရာရွေ့ပြောင်းနေထိုင်နေရတဲ့အတွက် နားခိုဖို့ တဲတွေ ပြန်လည်ဆောက်လုပ်ရတာတွေ ရှိတဲ့အတွက် အရေးပေါ် လိုအပ်တာတွေ များနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းဖွင့်ရာသီရောက်ရှိလာတာကြောင့် စာသင်ကျောင်းတွေပါ ပြန်လည်တည်ဆောက်နေရတဲ့ အတွက် အမိုးအကာအတွက် မိုးကာတွေပါ အပ်တာဖြစ်တယ်လို့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ကိုဗညားက " နှစ်ပေါက်အောင်နေလာတဲ့ စစ်ရှောင်တွေ နှစ်နှစ်ပြည့်ပြီ။ ပြီးတော့ မိုးကာက တစ်နှစ်တစ်ခါ လိုအပ်တယ်။ ပြီးတော့ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ် တို့မှာ စစ်ရှောင်တွေ အများကြီး တိုးလာတယ် ။ အဲဒီတော့ အမိုးအကာ၊ ခြင်ထောင်တွေကလည်း လိုတယ်။ အခုဆို စစ်ရှောင်တချို့မှာ တုပ်ကွေးလေးတွေ စဖြစ်နေကြပြီ။ ကျွန်တ်ော တို့စိုးရိမ်တာကတော့ သွေးလွန်တုပ်ကွေး ဖြစ်ကြမှာကို စိုးရိမ်တယ်။ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်။ " လို့ ပြောပါတယ်။

ကရင်နီဒေသအတွင်းမှာ စစ်ဘေးရှောင်ပြည်သူပေါင်း ၂ သိန်း ဝန်းကျင်ရှိပြီး လက်ရှိမှာ ကျောင်းဖွင့်ရာသီရောက်ရှိနေပေမယ့်လည်း နေရာအခက်အခဲနဲ့ ဆရာ၊ ဆရာမလိုအပ်ချက်တွေကြောင့် စစ်ရှောင်ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတချို့ မဖွင့်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားမီးရထားမြေအတွင်းက ကျူးကျော်သူတွေ ထွက်ပေးဖို့ စာထုတ်

မြစ်ကြီးနားမြို့ မီးရထား မြေအတွင်း အခွန်ဆောင်ထားတဲ့ မြေနေရာပေါ်မှာ နေထိုင်သူတွေနဲ့ မီးရထားဝန်ထမ်း လိုင်းခန်းတွေကလွဲပြီး မီးရထား ဝန်းအတွင်း ကျူးကျော်တွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံး ဖယ်ရှားခိုင်းထားတဲ့ နို့တစ်စာတွေကပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတ်မှတ်ရက်စွဲ ပြည့်လို့မှ မဖယ်ရှားဘူးဆိုရင် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒနဲ့ အညီ ရှင်းလင်းဖယ်ရှားမယ်လို့ အာဏာပိုင်တွေရဲ့ သတိပေးဆိုင်းဘုတ်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မီးရထားဝင်းအတွင်း နေထိုင်သူတချို့ အရေးပေါ် အိမ်ငှားရမ်းရှာဖွေတာ၊ တစ်ချို့ အိမ်ပြောင်းတာနဲ့ ဆောက်လုပ်ထားတဲ့နေအိမ်တွေကို ဖျက်ပြီး ရွှေ့ပြောင်းတာတွေကို ပြုလုပ်နေကြရပါတယ်။ တစ်ချို့ကတော့ အိမ်ငှားခမတက်နိုင်တဲ့အတွက် အခုထိ ဘယ်ကိုမှမပြောင်းနိုင်ဘဲ​ဆက်နေနေရတယ်လို့ ဆိုပါတယ်။

လက်ရှိမီးရထားဝင်းထဲကအခြေအနေကို အခက်အခဲကြုံနေရသူတစ်ဦး ပြောပြတာက

" စိတ်မကောင်းတော့ဖြစ်တာပေါ့။ နေလာတာလဲကြာပြီ၊ ကလေးတွေလည်း တစ်သက်ဆိုတော့ ကိုယ်မပိုင်ဘူးဆိုတာတော့သိပါတယ်။ တစ်ချိန်ရောက်ရင် ဖယ်ရမယ်ဆိုတာ သိတယ် ဒီအချိန်ကိုတော့ မဖယ်ချင်သေးဘူးပေါ့နော် ။ အကုန်လုံးကိုဗစ်ကာလ နိုင်ငံရေးကာလ ဆိုတော့ ကာလတွေရော ဖြတ်ကျော်ခဲ့ရတော့ အကုန်လုံးအခက်အခဲ အမျိုးမျိုးရင်ဆိုင်နေရတဲ့အချိန်ဆိုတော့ ဒီအချိန်ကိုမဖြစ်စေချင်ဘူးပေါ့။ စိတ်ခံစားချက်ပြောရရင်တော့ အချိန်တစ်ခုစောင့်ပြီးမှဖယ်ခိုင်းရင် အားလုံးအဆင်ပြေမယ်။ အခုက အနိုင်ထက်ပြုမှုနဲ့ဖယ်ရှားမယ်၊ စာကလည်း ဒါနဲ့ဆို ၃ကြိမ်မြောက်ရှိသွားပြီ။ ဒါလည်း မဖယ်ဘူးကုတ်နေတာက တော်တော်ခက်ခဲလို့အဆင်မပြေကြလို့ပါ။ အခုကမဖယ်ရင်အနိုင်ထက်ပြုမယ်ဆိုပြီး ဒီလိုမျိုးတွေစာထဲပါတယ် ဆိုတော့ အခုဝမ်းနည်းတယ် " လို့ ပြောပါတယ်။

မြစ်ကြီးနား မြို့ မီးရထား ပိုင် မြေအတွင်း ကျူးကျော်နေထိုင်သူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဖယ်ရှားဖို့ သတိပေးစာ ဖြန့်ဝေခဲ့ပြီး လက်ရှိမှာတော့ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးဖယ်ရှားပြောင်းရွှေဖို့ နို့တစ်စာနဲ့ ဗီနိုင်း တွေကို နယ်မြေအလိုက် သတိပေး ကြေငြာထားတာဖြစ်ပါတယ်။