ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာရထားပေါ်က အငြင်းပွားဖွယ်ခရီးသွားများ
စပိန်နဲ့ ဂျပန်ထုတ် လေအေးပေးစက်ပါ ဒီဇယ်-လျှပ်စစ် ရထား(DEMU)တွေကို နိုင်ငံတဝန်း ဒေသအချို့မှာ ပြေးဆွဲလာတဲ့နောက် ရထားစီး ခရီးသည်တချို့ရဲ့ရထားပေါ် အပြုအမူနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေလည်း ညံလာပါတယ်။
ဇူလိုင်လထဲမှာပဲ ဖြစ်စဥ် ၂ ခုထက်မနည်းရှိခဲ့ပါတယ်။ ပထမတခုက ရန်ကုန်-မန္တလေး ပြေးဆွဲတဲ့ DEMU ရထားပေါ်မှာ ကွမ်းယာပြီး အဲဒီကွမ်းယာတဲ့ထုံးတွေက ရထားထိုင်ခုံအစွပ်တွေကို ပေကျံတာ၊ ကွမ်းတံတွေးဘူးတွေကို ရထားပေါ် ချန်ထားခဲ့တာနဲ့ စကားကျယ်ကျယ်ပြောဆိုတာတွေရှိတယ်ဆိုပြီး သက်လတ်ပိုင်း အမျိုးသမီး လေးယောက် အမှုဖွင့် အရေးယူခံလိုက်ရပါတယ်။
နောက်ဖြစ်ရပ်ကတော့ ဇူလိုင် ၂၃ ရက်က မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်မှာအမျိုးသမီး အယောက် ၆၀ ဝန်းကျင်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ရဲ့ဆူညံသံတွေကြောင့် တခြားခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုတဲ့ပြောဆိုမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဒီလိုဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်လာတဲ့နောက် အများပြည်သူပိုင် ရထားပေါ်မှာ စည်းကမ်းမဲ့တဲ့အပြုအမူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့နဲ့ လိုအပ်ရင် အရေးယူဖို့ဆိုတဲ့တောင်းဆိုသံတွေ ထွက်ပေါ်လာပါတယ်။
တချိန်တည်းမှာပဲ အများပိုင်နေရာတွေမှာ လိုက်နာကြရမယ့် အပြုအမူတွေနဲ့ စည်းကမ်းတွေအကြောင်း ဆွေးနွေးတာတွေလည်း ရှိလာပါတယ်။
လူမှုကွန်ရက်က တိုင်ကြားချက်
DEMU ရထားတွေပေါ်က ဝေဖန်ခံရတဲ့ဖြစ်ရပ်တွေဟာ ခရီးသည်ချင်း ရိုက်ကူးထားတဲ့ TikTok နဲ့ Facebook လို လူမှုကွန်ရက်တွေကနေ ထွက်ပေါ်လာပြီး လူသိများလာတာဖြစ်ပါတယ်။
ရန်ကုန်-မန္တလေး DEMU ရထားဖြစ်စဉ်ကတော့ ရထားတွဲ အထက်တန်းကနေ လိုက်ပါလာတဲ့ အမျိုးသမီး ၄ ယောက်ဟာ ပျဉ်းမနားဘူတာကို ရောက်ချိန်မှာ ကွမ်းတံတွေးဘူးတွေနဲ့ အမှိုက်တွေကို ရထားတွဲထဲမှာ ချန်ထားခဲ့တယ်လို့ ခရီးသည်တချို့က TikTok လူမှုကွန်ရက်မှာ ဗီဒီယိုမှတ်တမ်းတွေနဲ့ တင်တာ ရေးတာကနေ လူပြောများခဲ့ပါတယ်။
အဲဒီရုပ်သံမှတ်တမ်း ပျံ့နှံ့ပြီး ရက်ပိုင်းအကြာမှာပဲ ရုပ်သံထဲပါတဲ့ အမျိုးသမီး ၄ ဦးကို ပျဉ်းမနားဘူတာရုံပိုင်က တရားလိုပြုလုပ်ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈ (က)နဲ့ အမှုဖွင့်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
"ခရီးသည်တွေ အဆင့်မီမီ အေးအေးချမ်းချမ်းနဲ့ ခရီးသွားလို့ရအောင် အခုလို အရေးယူတာပါ။ ရထားပေါ် ကွမ်းစားတာ ခွင့်မပြုဘူး။ အခုလို ဖမ်းဆီးအရေးယူလိုက်ရင် နောက်လူတွေလည်း ထပ်မလုပ်တော့ဘူး" လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်မှာလည်း ဇူလိုင် ၂၃ ရက်မှာ မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်က လိမ္မော်ရောင် တူညီဝတ်စုံ ဝတ်ဆင်ထားတဲ့အမျိုးသမီး ခရီးသည်အဖွဲ့နဲ့ ပတ်သက်တဲ့ရုပ်သံမှတ်တမ်းတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ရထားထိုင်ခုံတွေပေါ် တက်ရောက်ရိုက်ကူးတာ၊ TikTok ဗီဒီယိုတွေ ရိုက်တာ၊ စကားကျယ်ကျယ်ပြောဆိုတာနဲ့ ရထားတွဲ အဝင်အထွက် လျှောက်လမ်းပေါ်မှာ စုထိုင်နေကြတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ခရီးသည်တချို့က လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။
DEMU လို့ အတိုကောက်ခေါ်တဲ့ လေအေးပေးစက်ပါ ဒီဇယ်-လျှပ်စစ် ရထား(Diesel Electric Multiple Unit)တွဲတွေကို ၂၀၂၅ ခုနှစ်ကစပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွေကို ပြေးဆွဲနေပါတယ်။
အဲဒီရထားတွေက ပုံမှန် တွဲရထားတွေထက် ပိုသန့်ရှင်းပြီး သက်သောင့်သက်သာရှိလို့ လူကြိုက်များလာပါတယ်။
ဒါပေမဲ့ လူအများစုရဲ့ စည်းကမ်းမဲ့တာတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတာတွေ ကြုံနေရတယ်လို့ DEMU ရထားတွေကို မကြာခဏ စီးနင်းလေ့ရှိတဲ့ အသက် ၃၀ ဝန်းကျင် လူငယ်သုံးယောက်က ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်တို့ စီးလာတဲ့အတွဲပြီးရင် သူတို့ရထားတွဲက ကပ်လျက်ပဲ။ သူတို့အသံတွေက တော်တော်ကျယ်ကျယ်ကို ကြားနေရတယ်။ စကားကျယ်ကျယ်မပြောဖို့၊ ကခုန်တာမလုပ်ဖို့ ရထားလူကြီးတွေက အသံချဲ့စက်နဲ့ သတိပေးလည်း သူတို့က ခရီးစဉ်တစ်လျှောက်လုံး ဆက်လုပ်နေတာ" လို့ အဲဒီရထားခရီးစဉ်မှာ အတူလိုက်ပါခဲ့တဲ့ ကိုနေမင်းက ပြောပါတယ်။
ခြောက်နာရီဝန်းကျင်ကြာမြင့်တဲ့ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွင်း အဲဒီအမျိုးသမီးအဖွဲ့ရဲ့ ဆူညံသံတွေကြားမှာ စိတ်ပင်ပန်းစရာဖြစ်ခဲ့တယ်လို့ အခြားခရီးသည်တချို့ကလည်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြတာကို တွေ့ရပါတယ်။
လက်ရှိမှာ အဲဒီအဖွဲ့ကို အရေးယူပေးဖို့ လူမှုကွန်ရက်ပေါ် တောင်းဆိုတာတွေ ရှိနေတာကြောင့် မော်လမြိုင်မြို့က အဲဒီအမျိုးသမီးအဖွဲ့ဝင်တချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်တုံ့ပြန်ဖြေကြားမှု မရသေးပါဘူး။
မော်လမြိုင်ကမ်းနားလမ်း အားကစားအဖွဲ့က အဖွဲ့ဝင်တွေလို့ဆိုပြီး လူမှုကွန်ရက်ရုပ်သံမှာပြောထားတဲ့အဲဒီအမျိုးသမီးအဖွဲ့ကို မော်လမြိုင်ဘူတာကြီးက တာဝန်ရှိသူတွေက မော်လမြိုင်မြို့ရဲစခန်းမှာ အမှုဖွင့် အရေးယူနိုင်ရေး လုပ်နေတယ်လို့ မွန်ပြည်နယ်အခြေစိုက် ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက မော်လမြိုင်မြို့မ ရဲစခန်းကို ဆက်သွယ်ပေမဲ့လည်း မရခဲ့ပါဘူး။
အခုလိုမျိုး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးပေါ်က အပြုအမူတွေနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေက မြန်မာမှာတင်မက အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဇူလိုင်လအတွင်း ဖြစ်ခဲ့ပါတယ်။
ဇူလိုင် စတုတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကောင်းကင်ရထားလိုင်း (BTS) ရထားတွဲ ပေါ်မှာ အီတလီနိုင်ငံသား လူငယ်တစ်စုရဲ့အသံကျယ်ကျယ် စကားပြောဆိုမှုနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ အငြင်းပွားခဲ့တဲ့ဗီဒီယိုတစ်ခု ထိုင်းလူမှုကွန်ရက်မှာ လူပြောများခဲ့ပါတယ်။
ထိုင်းအမျိုးသမီးရဲ့ရပ်တည်ချက်ကို ထောက်ခံရေးသားတာ ရှိခဲ့သလို လူငယ်တွေဟာ အများကို အနှောင့်အယှက် ဖြစ်လောက်တဲ့အထိ ဆူညံခဲ့တာ မဟုတ်ဘူးလို့ ယူဆသူတွေလည်းရှိခဲ့ပါတယ်။
ဒါပေမဲ့ ဘန်ကောက်မှာရှိတဲ့ အီတလီ သံရုံးကတော့ ဒီလူငယ်တွေဟာ ထိုင်းကို လေ့လာရေးလာတဲ့ ကျောင်းသားလူငယ်တွေဖြစ်ပြီး လူငယ်တွေရဲ့အပြုအမူဟာ ထိုင်းလူထုကို အနှောက်အယှက်ဖြစ်စေမိတဲ့အတွက် တောင်းပန်ကြောင်း စာထုတ်ပါတယ်။
ဒီဖြစ်ရပ်ကလည်း အများပြည်သူသုံး နေရာတွေမှာ ဘယ်လိုအပြုအမူတွေက လက်မခံနိုင်စရာ ဖြစ်သလဲဆိုတာကို ဆွေးနွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။
ထိရောက်တဲ့ပညာပေးမှုနဲ့ အရေးယူမှုကို လိုလားကြ
ရထားပေါ်က စည်းကမ်းမဲ့တဲ့ အပြုအမူတွေဟာ လူမှုကွန်ရက်ပေါ် ရောက်ပြီး လူပြောများလာမှ အရေးယူတာမျိုးထက် နေ့စဉ်ခရီးစဉ်တွေမှာပဲ ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ ရထားစီးနင်းကြသူတချို့က ပြောပါတယ်။
အထက်တန်းကျောင်းသားဘဝကတည်းက ရထားစီးလာခဲ့ပြီး လက်ရှိစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့အချိန်အထိ ရထားကို အဓိက စီးနင်းသူဖြစ်တဲ့ မိတ္ထီလာမြို့နယ်က အသက် ၃၀ ကျော်အရွယ် ကိုကောင်းထက်က DEMU ရထားတွေပေါ်မှာ စည်းကမ်းမဲ့တဲ့ အပြုအမူတွေကို မကြာခဏ ကြုံနေရတယ်လို့ ဆိုပါတယ်။
"ရထားတွေ အဆင့်မြင့်ပေးထားပေမဲ့ စီးတဲ့သူ တချို့က အမှိုက်တွေ ပစ်ထားတယ်၊ ဆေးလိပ်သောက်တယ်။ တစ်ခါတလေဗျာ အိမ်သာထဲမှာ ကွမ်းတံတွေးတွေ ထွေးထားခဲ့တာ အရမ်းညစ်ပတ်တာပဲ"လို့ သူတွေ့ကြုံခဲ့ရတာကို ကိုကောင်းထက်က ပြောပြပါတယ်။
တချို့ခရီးသည်တွေဆိုရင် အရက်၊ ဘီယာ သောက်နေတာကို ရထားဝန်ထမ်းတွေက တွေ့ကြပေမဲ့ မတားမြစ်တာကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။
ဒါကြောင့် ရထားတွေကို အဆင့်မြှင့်လိုက်ရုံသာမက လိုက်ပါစီးနင်းမယ့်သူတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် ရထားဘူတာတွေတိုင်းမှာ ကွမ်း၊ ဆေးလိပ်၊ အရက် စတာတွေကို ယူဆောင်တာကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်စေချင်တယ်ဆိုတဲ့ အမြင်တွေလည်း လူမှုကွန်ရက်မှာ ဆွေးနွေးနေကြပါတယ်။
ရထားပေါ် တင်မကပဲ အများပြည်သူပိုင် နေရာတွေမှာ အသံချဲ့စက်ဖွင့်တာတွေ ၊ ရန်ဖြစ်တာ၊ ဆူညံတာတွေနဲ့ တခြားခရီးသည်တွေကို အနှောင့်အယှက် ဖြစ်စေရင် ၁၉၈၁ ခုနှစ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၆၈ အရ အရေးယူခံရနိုင်ပါတယ်။
အများပြည်သူပိုင်နေရာတွေမှာ အမှိုက်ပစ်တာ၊ ကွမ်းတံတွေး ထွေးတာတွေက ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၃၅ အရ အရေးယူခံရနိုင်သလို ရထားပေါ်မှာ စည်းကမ်းချိုးဖောက်မိတယ်ဆိုရင်လည်း ၂၀၁၆ ခုနှစ်၊ မြန်မာ့မီးရထားလုပ်ငန်းဥပဒေ အရ အရေးယူလို့ရတာတွေကို ဥပဒေတွေမှာ ပြဋ္ဌာန်းထားပါတယ်။
"ဥရောပနဲ့ အမေရိကတို့မှာဆို ဆူညံသူတွေကို နေရာကနေ ချက်ချင်းဖယ်ရှားပိုင်ခွင့်ရှိသလို ပြည်နယ်အလိုက် ဥပဒေတွေနဲ့ ငွေဒဏ်ရိုက်တာ၊ ကား/ရထားပေါ် လုံးဝ တက်ခွင့်ပိတ်တာ(Ban) စတဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိပါတယ်" လို့ ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ အများပြည်သူကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေကို ပပျောက်စေဖို့ ဥပဒေတစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ ဒေါက်တာဖိုးဖြူက ပြောပါတယ်။
အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ၊ အများကို အနှောင့်အယှက်ဖြစ်အောင် ဆူညံတာလိုမျိုး သေးငယ်တဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကို မျက်နှာလွှဲမထားဘဲ တသမတ်တည်း ကိုင်တွယ်တာက ပိုကြီးတဲ့ ပြဿနာတွေကို ကာကွယ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
"ဖမ်းမှာကြောက်လို့ မလုပ်တာမျိုးထက် မလုပ်သင့်လို့ မလုပ်တာမျိုး ဖြစ်လာအောင် အများပိုင်စိတ်နဲ့ ယဉ်ကျေးမှုကို တည်ဆောက်ရမယ်" လို့ သူက ဆိုပါတယ်။