ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေး-ရန်ကုန် လမ်းကြောင်းက ယာဥ်တွေ လုံခြုံရေးခက်ခဲ
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတပ်တွေကြား တိုက်ပွဲတွေ ဖြစ်လာတာကြောင့် မြစ်ကြီးနား-ရွှေဘို-မန္တလေး-ရန်ကုန် ကားလမ်းကြောင်းပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေ လုံခြုံရေး နဲ့ ခရီး ဖြောင့်ဖြူးစွာရောက်ဖို့ စိုးရိမ်နေရတယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။
သူတို့ ဇနီးတွေကလည်း သူတို့ ခင်ပွန်းတွေ အိမ်မရောက်မချင်း စိတ်သောကနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
အခုနောက်ပိုင်းမှာ လမ်းကြောမှာ မကြာခဏ ဆိုသလို စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ခိုက်မှုတွေ ရှိတာကြောင့် ကားရပ်နားရတာ၊ ဒေသကာကွယ်ရေးအဖွဲ့ PDF တွေရဲ့ သတ်မှတ်ချိန်တွေအမီ ယာဉ်မောင်းရတာမျိုးတွေလည်း ရှိနေတယ်လို့ ယာဥ်မောင်းတွေက ဆိုပါတယ်။
ဒါကြောင့် အခုလို ကာလမျိုးမှာ သူတို့ ဇနီးတွေလည်း ကားထွက်သွားတာနဲ့ စိုးရိမ်နေရပြီး ဘုရားမှာ ဆုတောင်းနေရတယ်လို့ ဆိုပါတယ်။
"တခါတလေကျရင် ကားမှန်ပစ်ခွဲလို့ ကားသမားတွေ လည်ပင်းကို ကားမှန်စမှန်တာတို့၊ မျက်နှာစုတ်တာတို့ ယဉ်မယ်ဗိုက်ထိတာတို့ ၊စပါယ်ယာတွေ သေရတာတို့ အများကြီးပဲ ရှိပါတယ်။ အာဏာမသိမ်းခင် အခြေအနေနဲ့ အာဏာသိမ်းပြီး အခြေအနေက တော်တော်ကို ကွာခြားတာပေါ့နော်" လို့ ယာဥ်မောင်းရဲ့ ဇနီးသည် တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်း ကားပြေးဆွဲရတာဟာ အချိန်မီ ကားမဝင်နိုင်တာတွေအပြင် ဆီဈေးတွေကလည်း သိသိသာသာတက်လို့ ကားလုပ်ငန်းလုပ်ကိုင်ရတာလည်း အဆင်မပြေဘူးလို့ ယာဉ်မောင်းတွေက ပြောပါတယ်။
အခုအခါ လမ်းခရီးမှာ နှစ်ဖက်စလုံးကို ကြောက်ရွံ့နေရပြီး PDF တွေက နှုတ်အားဖြင့် မနက်-ည သတ်မှတ်မောင်းနှင်ချိန် ထုတ်ပြန်ထားတဲ့ အချိန်တွေ ရှိတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မြစ်ကြီးနား -ရွှေဘို- မန္တလေး-ရန်ကုန် လမ်းကြောင်းမှာ မကြာခဏ ဆိုသလို စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်တာ၊ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရတာတွေရှိပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့က မြစ်ကြီးနားကနေ မန္တလေးကို လူနာသွားပို့တဲ့ ပရဟိတယာဉ်မောင်းတစ်ယောက် ထီးချိုင့်မြို့နယ် ဘိုတဲကုန်း ရွာအလွန် မှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သတ်မှန်ချိန်လွန်ပြီး ယာဉ်မောင်းတာကြောင့် ကားနဲ့စပါယ်ယာတစ်ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ ယာဉ်မောင်းတချို့ရဲ့ လူမှုကွန်ရက်တွေမှာ ပြောဆိုမှုတချို့ကို တွေ့ရပါတယ်။
စစ်ကောင်စီကတော့ မန္တလေး-မြစ်ကြီးနားသွားကားလမ်းမှာ မတ် ၁၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ခရီးသည်တင်ကား ၃ စီးနဲ့ ကိုယ်ပိုင်ကားတစ်စီး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။