ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေရှိ
ရခိုင်ပြည်နယ် တောင်ပိုင်းက ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့နယ်တွေအတွင်းမှာ အခုရက်ပိုင်း အရပ်သားဖမ်းဆီးခံရမှုတွေ ဆက်ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ညက ရမ်းဗြဲမြို့ပေါ်နဲ့ နှစ်မိုင်ခန့်သာကွာဝေးတဲ့ ခမောင်းချေတိုင် ကျေးရွာမှာ ကျောက်ဖြူမြို့နယ် စနဲမြို့ခံ လေးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဖမ်းဆီးခံလိုက်ရသူတွေဟာ စနဲမြို့ ကံပြင်စုရပ်ကွက်က ကိုထွန်းမြင့်အောင်(ခ)ခေါင်းချွန်း (၂၈)နှစ်၊ ကိုဧပြီကျော် (၃၂)နှစ်၊ ကိုဟန်ထွန်း (၃၂)နှစ် နဲ့ စနဲမြို့ ချင်းမင်းပြင်ကျေးရွာက ကိုအောင်ကျော်ဝင်း (၃၂)နှစ်တို့ ဖြစ်ကြပါတယ်။
သူတို့လေးဦးဟာ ရမ်းဗြဲမြို့ပေါ်မှာ ပန်းရံအလုပ် လာရောက်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့ညမှာ ရမ်းဗြဲကနေပြီး စနဲမြို့သို့ ကားနဲ့အပြန်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စနဲမြို့ဟာ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်အကြား အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး အဲ့ဒီဒေသမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာလည်းမရှိဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်က ခမောင်းချေတိုင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းတစ်ခုရောက်ရှိလာခဲ့ပြီး ဘုန်းတော်ကြီးကျောင်းမှာ စခန်းချတပ်စွဲလျက်ရှိနေပြီး အဲ့ဒီစစ်ကြောင်းက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရမ်းဗြဲဒေသခံတွေက ပြောဆိုကြပါတယ်
“သူတို့လေးယောက်က ရမ်းဗြဲမှာ ပန်းရံသွားလုပ်နေကြတာပါ။ ၉ ရက်နေ့က အခုလို ဖမ်းဆီးခံရတယ်လို့ အဲ့ဒီကအသိတွေပြောတော့မှ သိတာပါ။ ဘာကြောင့်ဖမ်းဆီးလဲ ဆိုတာလည်း မသိရဘူး။ ဘယ်မှာထားလဲဆိုတာလည်း အဆက်အသွယ်မရဘူးဖြစ်နေတယ်။”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ သူတို့လေးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း သိရပေမယ့် ဘယ်နေရာကိုရောက်ရှိနေတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုတွေဘက်က စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့ပေါ်မှာလည်း အောက်တိုဘာ ၁၁ ရက်နေ့ ညနေပိုင်းက အရပ်သားတစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုမောင်တင်ထွန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဖမ်ဆီးခံရသူဟာ ကျောက်ဖြူမြို့ အရာရှိရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကိုယ်ယာယလေ့ကျင်ရေးသင်တန်း gym သင်ကြားပို့ချနေတဲ့ အားကစားသမားတစ်ဦးဖြစ်ကာ ကုလားပါတောင်ရပ်ကွက်က gym အားကစားရုံကနေ လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို ဖမ်းဆီးချိန်မှာ အင်အား ၁၀ ဦးခန့်ပါဝင်တဲ့ ခလရ ၃၄ တပ်ရင်းကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူ့ရဲ့အားကစားရုံကို ညနေပိုင်း ၇ နာရိခွဲလောက်မှာ အိမ်စီးကားနှစ်စီးနဲ့ ရောက်ရှိလာခဲ့ကြပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း ယခင်ကလည်း အရပ်သားဖမ်းဆီးခံရမှုတွေ ရှိနေပြီး တချို့ကိုတော့ ပုဒ်မ ၁၇(၁)၊ ၅၀၅-ကတို့နဲ့ အမှုဖွင့် အရေးယူထားတာတွေလည်း ရှိနေသလို တချို့တို့မှာလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်းကလည် ကျောက်ဖြူမြို့ပေါ်မှာ ဧည့်စာရင်းလာစစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံ လိုက်ရတဲ့ ဦးစိုးဝင်းနိုင်တို့ကို ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ထားပြီး ဒီကနေ့မှာ တတိယအကြိမ် ရုံးတင်စစ်ဆေးခဲ့တယ်လို့ ဇနီးသည် ဒေါ်နီလာမိုးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲမစခင်ကနေ မနေကအထိ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံထာရသူ ၂၀ ဦးကျော်ရှိနေပြီး ရမ်းဗြဲမြို့ပေါ်မှာလည်း လွန်ခဲ့တဲ့လပိုင်းအတွင်းက ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးရှိခဲ့ပေသူတို့ကိုတော့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက အခုလိုမျိုး မြို့နယ်အတွင်း သွားလာလှုပ်ရှားတာတွေ စခန်းချနေထိုင်တာတွေရှိနေတာကြောင့် လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်လုပ်ကိုင်နေကြတဲ့ လူငယ်ပိုင်းတချို့ဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီးတော့ တိမ်းရှောင်နေကြရတယ်လို့ ရမ်းဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။