ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နယ်မြေကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ ဘာတွေလိုလဲ ...
ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ရင်းတွေ ၃၀၀ ကျော် ဖွဲ့စည်း ထားတယ်၊ တနိုင်ငံလုံး အနှံ့ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ အထဲက ၂၅၀ ကျော်မှာလည်း မြို့နယ် ကာကွယ်ရေး အဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းပြီး ဖြစ်တယ်လို့ စက်တင်ဘာလဆန်းပိုင်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ဖော် ပြောပါတယ်။
ဒီ-ဒေးခေါ်တယ်၊ စစ်ကြေညာတယ် လို့ လူအများကြား နားလည်ကြတဲ့ အာဏာသိမ်းစစ်တပ်ကို တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်နည်းနဲ့ ခုခံ တွန်းလှန်ကြဖို့ NUG ကြေညာခဲ့တာ ၁ နှစ်ပြည့်ချိန် ဒူဝါလရှီးလ ပြောတဲ့ မိန့်ခွန်းထဲ အဲဒီလို ထည့်ပြောတာ ဖြစ်ပါတယ်။
ပြည်သူ့ ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေး စနစ်ကို ထူထောင်တဲ့ အခါ PDF တပ်ရင်း battalions တွေနဲ့ မြို့နယ် အခြေပြု ပြည်သူ့ကာကွယ်ရေး အဖွဲ့ ကပဖ ဆိုပြီး တပ်ပုံစံ နှစ်မျိုးရှိတယ်လို့ NUG ယာယီသမ္မတက ပြောရင်းမှာပဲ PDF တပ်ရင်း အရေအတွက်နဲ့ ကပဖ အဖွဲ့တွေရဲ့ ဖြန့်ကြက်နိုင်မှု အတိုင်းအတာကို လူအများကို အသိပေးတာ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ NUG နှစ်ပတ်လယ် ကာလ တစ်နှစ်တာ အစီရင်ခံစာ အကျဥ်းချုပ်နဲ့ လာမယ့်နှစ်အတွက် ရည်မှန်းချက် အစီအစဥ် ဆိုတာတွေလည်း NUG ထံက နောက်ဆက်တွဲ ထုတ်ပြန် လာပါတယ်။
အဲဒီထုတ်ပြန်ချက်တွေထဲမှာ တိုင်းပြည်ရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ကို စိုးမိုးထားတယ် ဆိုတဲ့ အချက်နဲ့ အာဏာသိမ်း စစ်တပ်အပေါ် ပွဲသိမ်း ထိုးနှက်ချက်တွေ တစ်နှစ်အတွင်း လုပ်ဆောင်မယ် ဆိုတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မဟာမိတ် အင်အားစုတွေနဲ့ကြား မဟာဗျူဟာမြောက် စုဖွဲ့ထားပြီလို့လည်း NUG ဘက်က ကြွေးကြော်ပါတယ်။ ယာယီ သမ္မတ ဒူဝါလရှီးလဟာ သူ့ရဲ့ မိန့်ခွန်းတွေထဲမှာ မဟာမိတ် စုဖွဲ့နိုင်မှုရှိဖို့ အရေးကြီးပုံကို အမြဲလိုလို ထည့်ပြောလေ့ရှိတာ တွေ့ရပါတယ်။
စစ်ရေး အကဲခတ် တချို့ကတော့ အခု တကျော့ပြန် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ရေး ပဋိပက္ခတွေထဲ ပါဝင်ပတ်သက်လာတဲ့ ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ မဟာမိတ် စုဖွဲ့မှုတွေကို ကြည့်ရင် ၁၉၈၈ စစ်အာဏာသိမ်းမှု နောက်ပိုင်း ပေါ်လာတဲ့ DAB လို အဖွဲ့စုံ စုစည်းပြီး စစ်ရေးဖော်ဆောင်မှုလို အနေအထားမျိုးထိ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် DAB ဆိုတာ KNU နယ်မြေထဲမှာ ၁၉၈၈ နှောင်းပိုင်းကာလ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ဒီမိုကရေစီ အင်အားစုတွေ စုစုပေါင်း ၂၁ ဖွဲ့နဲ့ စဖွဲ့ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
တခါ၊ အခု စစ်အာဏာသိမ်းပြီး နောက်ပိုင်း အင်အား တောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့ စစ်ရေး ပဋိပက္ခထဲ ပါဝင်လာပေမယ့်၊ သူတို့ရဲ့ မူလ အဖွဲ့အစည်း ပုံရိပ်ကို rebrand လို့ ခေါ်တဲ့ ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်ပြီး ဥပမာ- နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတွေ အဖြစ် ခံယူပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာမျိုး လုပ်တဲ့ အနေအထားမှာ မရှိဘူးလို့လည်း ထောက်ပြကြသူတွေ ရှိပါတယ်။
ဒီတော့ NUG ရဲ့ စစ်ရေးအရ စွမ်းဆောင်နိုင်မှု၊ နယ်မြေစိုးမိုးနိုင်မှုနဲ့ ပကတိ အနေအထားတွေကို ဆန်းစစ်နိုင်ဖို့ ပဋိပက္ခ လေ့လာရေးကို အထူးပြု ကျွမ်းကျင်တဲ့ နယူးဒေလီမြို့ အခြေစိုက် မူဝါဒပိုင်းနဲ့ ပဋိပက္ခဆိုင်ရာ လေ့လာရေး စင်တာ ဆိုတဲ့ သုခမိန် အဖွဲ့က အကြီးတန်း သုတေသီ အန်ရှူမန်ချောက်ဒရီကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ NUG ရဲ့ စစ်ရေး စွမ်းရည်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ကြား ချိတ်ဆက်နိုင်မှု အတိုင်းအတာပေါ်မှာ အန်ရှုမန် အနေနဲ့ ဘယ်လို သုံးသပ် ထားပါသလဲ ခင်ဗျ ... ။
အန်ရှုမန်ချောက်ဒရီ။ ။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြီးခဲ့တစ်နှစ်တာ အတွင်း၊ NUG အနေနဲ့ စစ်ရေးအရ အောင်မြင်မှုတွေ အများအပြား ရရှိအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။
အောင်မြင်မှုတွေလို့ ဆိုရာမှာ ... ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ PDF လို့ ခေါ်တဲ့ ပြောက်ကျားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကျယ်ပြန့်အောင်၊ စည်းစနစ်ကျအောင် စုဖွဲ့ နိုင်တာတွေ၊ ဗဟို အမိန့်ပေး ယန္တရား ကြိုးစား ဖော်ဆောင်တာတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ ချိတ်ဆက်တာတွေ စတဲ့ နယ်ပယ်တွေကို ကျွန်တော် ရည်ညွှန်း ပြောတာ ဖြစ်ပါတယ်။
ဒီလို ပြောပေမယ့်လည်း၊ မြန်မာစစ်တပ်အပေါ် ပြတ်သားတဲ့ အနိုင်ရယူမှုမျိုး ဖြစ်လာဖို့ကတော့ NUG အနေနဲ့ ရှေ့ဆက် လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေပါတယ်။
အထူးသဖြင့် လိုအပ်နေတာကတော့ စစ်လက်နက် ပစ္စည်း တွေ အပါအဝင်၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ဖြစ်ပါတယ်။
ဒီ စစ်လက်နက် ပစ္စည်း ကွာခြားချက်ဟာ မြန်မာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား နှိုင်းယှဥ်မယ် ဆိုရင် အချိုးအစားမမျှတဆုံး ကွာခြားချက် ဖြစ်နေပါတယ်။
အခုဆိုရင် မြန်မာ စစ်တပ်ဟာ ရုရှားဆီက စစ်လက်နက် ပစ္စည်းတွေ ပိုပြီး ရရှိလာဖွယ်ရာ ရှိနေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ နောက်ဆုံး ရုရှား ခရီးစဥ် အတွင်း အတော်လေး အသေးစိတ် ဆွေးနွေး မှုတွေ ရှိခဲ့ပြီး၊ ရုရှားက သူတို့ရဲ့ လက်နက်ကြီးတွေ အပြင် ဆုခွိုင်း Sukhoi တိုက်လေယာဥ်တွေပါ ထပ်ပြီး ပေးလာဖို့ ရှိတယ်လို့ နားလည် ထားပါတယ်။
ဒီ လက်နက်ကွာခြားချက် ကြီးမားနေတာဟာ အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်ပြီး ရှိနေနိုင်ပါတယ်။ မဲန်းပက်ဒ်စ် Man-Pads လို့ အတိုကောက် ခေါ်ကြတဲ့ “Man-portable air-defense system” ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေ အပါအဝင်၊ မြေပြင်ကနေ ဝေဟင်ကို ပစ်ခတ်နိုင်စွမ်းတဲ့ လက်နက် အမျိုးအစားတွေ မရရှိပဲနဲ့တော့ စစ်ရေး မျက်နှာစာမှာ မြန်မာ စစ်တပ်ကို အပြတ်အသတ် အနိုင်ရဖို့ဆိုတာ ခက်ပါလိမ့်မယ်။
ဘီဘီစီ။ ။ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ကြား ချိတ်ဆက်မှု၊ လက်တွဲလုပ်ဆောင်မှု အပိုင်းကို ကြည့်ရင်ရော လုံလောက်အောင် ရှိနေပြီလား .. ခိုင်မြဲနေပြီလို့ ပြောနိုင်လား အန်ရှုမန်ရေ။
အန်ရှုမန်ချောက်ဒရီ။ ။ မြန်မာ့ အရေး သရုပ်သကန် အမှန်ကို မကွယ်မဝှက်စတမ်း ပြောရမယ် ဆိုရင် လှုပ်ရှားနေတဲ့ အစုအဖွဲ့တွေဟာ အင်မတန်မှကို များပြားလွန်းပါတယ်။
တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာလည်း ကိုင်စွဲတဲ့ မဟာဗျူဟာ နည်းဗျူဟာက အစ ကွာခြားမှုတွေ၊ လက်ရှိ ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး မှာ ပါဝင် ပတ်သက်မှု၊ ယုံကြည်မှု အတိုင်းအတာတွေကအစ မတူညီပဲ အမျိုးမျိုး အဖုံဖုံ ကွဲပြား ကြပါတယ်။ ကွဲပြားတာတင်မက၊ တချို့နေရာတွေမှာ တစ်ခုနဲ့တစ်ခု အတိုက်အခံအသွင်ထိအောင် ဆောင်ပါတယ်။
ဒီတော့ အဖွဲ့အားလုံးနဲ့ကြား ပြေပြစ်ချော့မွေ့ပြီး တစည်းတလုံးတည်း ရှိနေမယ့် မဟာမိတ် တပ်ပေါင်းစု တစ်ခု အသွင် ထူထောင်နိုင်ဖို့ ဆိုတာ NUG အတွက် မလွယ်ကူပါဘူး။
ဒီ ခက်ခဲတဲ့ တာဝန်ကို ဖြည့်ဆည်းဖို့ရာ အင်မတန် မျှော်လင့်နိုင်တဲ့၊ အလားအလာကောင်းတွေ ရှိနေတဲ့ နေရာကတော့ NUCC ဖြစ်ပါတယ်။ အားလုံးပါဝင် ပတ်သက်နိုင်တဲ့ NUCC ဆိုတဲ့ ပလက်ဖောင်း နေရာကို ဖန်တီးထားနိုင်ပါတယ်။
NUCC ဟာ မတူကွဲပြားတဲ့ အဖွဲ့အမျိုးမျိုးတွေကို စုစည်း ထားတာ ဖြစ်ပါတယ်။ EAO တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော၊ CSO အရပ်ဘက် အဖွဲ့တွေပါ ပါဝင်ပါတယ်။ နိုင်ငံရေး အဖွဲ့တွေ၊ အမျိုးသမီး အဖွဲ့တွေ စသဖြင့် အသွေေးရောင်စုံပါတယ်။
NUCC အဖြစ် စုစည်းနိုင်မှုဟာ တချိန်မှာ တခြား တိုင်းပြည်တွေကပါ ဖက်ဒရယ် မဟာမိတ် အဖွဲ့ အစည်းကြီးတစ်ရပ်ကို ဘယ်လို ညီညီညွတ်ညွတ် စုစည်း နိုင်မလဲ ဆိုတဲ့အပေါ် လိုက်လံ အတု ယူလောက်စရာ “စံပြ မော်ဒယ်” တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် အခုနက ကျွန်တော် ပြောခဲ့သလို လက်နက်ကိုင် အဖွဲ့တွေ အမျိုးမျိုး ရှိနေပြီး သူတို့ရဲ့ ချိတ်ဆက် လုပ်ဆောင်မှု အတိမ်အနက်ကလည်း မတူညီပါဘူး။ ဥပမာ - အာရ်ကန်အာမီ အေအေနဲ့ ကရင် KNU အဖွဲ့တို့ကို နှိုင်းယှဥ် ကြည့်နိုင်ပါတယ်။ AA ဟာ သူတို့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ချမှတ်ပြီး အဲဒီ အပေါ်မှာ ပိုပြီး အာရုံစိုက် ပါတယ်။ KNU ကတော့ PDF အဖွဲ့တွေကို ပံ့ပိုးပေးတာမျိုးလို ပိုပြီး ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိပါတယ်။
ချင်းအမျိုးသား တပ်ဦး CNF ကို ကြည့်ရင်လည်း ချင်းပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ CDF တပ်များနဲ့ကြား ပူးပေါင်းဆောင်ရွက်တာတွေ၊ လေ့ကျင့်ရေး သင်တန်းနေရာတွေ ပံ့ပိုးတာတွေက အစ ချိတ်ဆက်မှု အခိုက်အမာ လုပ်ဆောင်ပါတယ်။ ဒါ့အပြင် KIA၊ KNPP နဲ့ KNU အဖွဲ့တွေနဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားပါတယ်။
ဒီလို မတူညီတဲ့ အနေအထားတွေမှာပဲ စည်းလုံးညီညွတ်မှု ဖော်ဆောင်မယ် ဆိုတာကို NUG ရဲ့ ကြေညာချက်ထဲမှာလည်း တွေ့နိုင်ပါတယ်။ ဒီတော့ ကျွန်တော် ပြောလိုတာက ညီညွတ်ရေး ဖော်ဆောင်နိုင်မယ့် NUCC လို နေရာမျိုးလည်း ရှိနေပြီ ဖြစ်တဲ့ အတွက် ရှိလက်စ စည်းလုံးမှုတွေ ပို ခိုင်မြဲ အဓွန့်ရှည်ဖို့ရော၊ ပိုပြီး ပူးပေါင်းလာကြဖို့ကိုရော ဝိုင်းဝန်း အားပေး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လောက် အတိုင်းအတာထိအောင် NUG အနေနဲ့ စုစည်း နိုင်မလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ မြန်မာစစ်တပ်ကို လက်တွေ့မြေပြင်ပေါ်မှာ တိုက်ခိုက်နေတာမှာ ... NUG နဲ့ ကျန် မိတ်ဖက် အင်အားစုတွေရဲ စစ်ရေး လုပ်ဆောင်နိုင်စွမ်း ဆိုတဲ့ အပိုင်းကို အာရုံစိုက်မယ် ဆိုရင်၊ သူတို့ အနေနဲ့ မြို့တွေ ရွာတွေကို သိမ်းပိုက် နိုင်တဲ့ အနေအထားမျိုး ရှိနေပြီလား။ သိမ်းပိုက်ရုံတင်မက၊ တစ်ရက် နှစ်ရက် ဆိုသလို မဟုတ်ပဲ ကာလတစ်ခု အထိ ထိန်းချုပ် သိမ်းပိုက်ထားနိုင်စွမ်းရော တကယ်တမ်း ရှိနေပြီလို့ မြင်ရလား အန်ရှုမန်ရေ။
အန်ရှုမန်ချောက်ဒရီ။ ။ ဒါအင်မတန်မှ အရေးကြီးတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ ကိစ္စဟာ အင်မတန် အခက်ကြုံနေရတဲ့ ပြဿနာ ဖြစ်နေလို့ပါပဲ။ အထူး သဖြင့် PDF တွေ အတွက် ဒါဟာ အခက်အခဲ ရှိနေပါတယ်။ တိုင်းရင်းသား အဖွဲ့ EAO တွေ ကတော့ PDF တွေထက် စစ်ရေး အတွေ့အကြုံ ပိုများပြီး၊ သူတို့ဆီမှာ နယ်မြေတွေကို သိမ်းပိုက် ထိန်းချုပ် ထားနိုင်ခဲ့တဲ့ အတွေ့ အကြုံတွေ ရှိကြပါတယ်။
ချင်းမှာဆိုရင် ချင်းအမျိုးသားတပ် CNA နဲ့ တော်လှန်ရေး အင်အားစုတွေဟာ နယ်မြေတွေကို တကယ်တမ်းကို သိမ်းပိုက် ထိန်းချုပ် ထားကြတာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ KIA ရော၊ KNU ပါ သိမ်းပိုက် ထိန်းချုပ်မြေတွေ ကိုယ်စီ ရှိပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာကို အဲဒီ အတွေ့အကြုံ ရှိကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ PDF အဖွဲ့တွေမှာတော့ အဲဒီ အတွေ့အကြုံ မရှိပါဘူး။ သိမ်းပိုက်ရုံမက အချိန်ကာလ အတိုင်းအတာတစ်ခု အထိ ထိန်းချုပ် ထားနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။ နယ်မြေ ဒေသ တစ်ခုခုကို မပြောနဲ့ ရဲစခန်းလိုမျိုး၊ စစ်အခြေစိုက် စခန်းလိုမျိုး ပစ်မှတ် နေရာ တစ်ခုခုကိုတောင် သိမ်းပိုက်ရုံမက ဆက်ပြီး ထိန်းချုပ်ထားဖို့ ဆိုတာ မလွယ်ပါဘူး။
ထိန်းချုပ် ထားဖို့ ဆိုတာ ထောက်ပံ့ရေး လမ်းကြောင်း အခိုင်အမာ တည်ဆောက် ထားနိုင်ဖို့ လိုပါတယ်။ နေရာတစ်ခုကို ထိန်းချုပ်ဖို့ ဆိုရင် အဲဒီနေရာ တစ်ခုတည်းကို ကွက်ပြီး စဥ်းစားရတာမျိုး မဟုတ်ပါဘူး။ ဆပ်စပ်နယ်မြေ ပတ်ဝန်းကျင်ကို ပါထည့်တွက်ပြီး၊ ကိုယ့်ဘက်က ချုပ်ကိုင်နိုင်တဲ့ ၊ တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ နယ်မြေ အဝန်းအဝိုင်း တစ်ခုကို ဖော်ဆောင်ရတာမျိုး ဖြစ်ပါတယ်။ ဒါမှလည်း လိုအပ်တဲ့ စားနပ် ရိက္ခာ က အစ၊ စီးစင်းနေနိုင်တဲ့ ထောက်ပို့ လမ်းကြောင်း တွေ ပွင့်နေမှာ ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးထိ ဖန်တီးနိုင်ဖို့ရာ PDF အဖွဲ့တွေမှာ အကန့်အသတ် တွေ ရှိနေပါတယ်။ အဓိကကတော့ ကျွန်တော် စပြီး ပြောခဲ့တဲ့ လက်နက် အင်အား ကွာခြားမှု ဆိုတဲ့ ပြဿနာဆီ ပြန်ရောက် သွားမှာ ဖြစ်ပါတယ်။
PDF တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေ၊ အဖွဲ့တွေ အသီးသီး ဆီမှာ ပိုပြီး ကောင်းမွန်တဲ့၊ စွမ်းအားပြင်းတဲ့ လက်နက်တွေ ရှိလာဖို့ ကအစ၊ ထောက်ပံ့ရေးပိုင်းမှာ ဖြည့်ဆည်းရမှာတွေ အများကြီး ရှိနေပါတယ်။
အဲဒီလို မရှိပဲနဲတော့ သိမ်းပိုက် ထိန်းချုပ်ရေး ဆိုတဲ့ ဗျုဟာမျိုး ချမှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။