ဥပဒေအကြံပေးအဖွဲ့ Law Firm တွေကို ထောက်လှမ်းရေးဆီ သတင်းပို့ဖို့ ညွှန်ကြား

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကိုငွေကြေးထောက်ပံ့နိုင်တယ်လို့ သံသယရှိရင် ရှေ့နေက ထောက်လှမ်းရေးဆီကို သတင်းပို့ဖို့  စစ်ကောင်စီဘက်က စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ပြီး ညွှန်ကြားလာပါတယ်။

 PDF နဲ့ NUG ကို ငွေကြေးထောက်ပံ့တဲ့လမ်းကြောင်းတွေကို နေရာစုံကနေ ဖြတ်တောက်ဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အိမ်ခြံမြေနဲ့ ငွေကြေးဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ ရှေ့နေရှေ့ရပ် အသိုင်းအဝိုင်းအထိ ရောက်လာပြီလို့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

 ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေ ငွေကြေးထောက်ပံ့တာတွေကို တိုက်ဖျက်ဖို့ဆိုပြီး ရှေ့နေတွေနဲ့ Law Firm( ဥပဒေအကြံပေး အကျိုးဆောင်အဖွဲ့ )တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ညွှန်ကြားချက် ထုတ်ပြန်လာခဲ့ပါတယ်။

ဒီညွှန်ကြားချက်ဟာ PDF နဲ့ NUG တို့ဆီ ငွေကြေးထောက်ပံ့နေတာတွေကို ဖြတ်တောက်ဖို့ စစ်ကောင်စီက အားထုတ်တာလို့ ရှေ့နေအသိုင်းအဝိုင်းက နားလည်ထားကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဝေဖန်ကြပါတယ်။  

ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့မှုတွေကို တာဝန်ယူပေးဖို့ Law Firm တွေအနေနဲ့ သီးသန့်ရှေ့နေတစ်ယောက် ထားရမှာဖြစ်ပြီး အဲဒီရှေ့နေရဲ့ အချက်အလက်တွေကို ရှေ့နေရှေ့ရပ် စစ်ဆေးရေးဌာနကို ပို့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

  အကြမ်းဖက်မှုစွပ်စွဲချက်နဲ့ ငွေကြေးထောက်ပံ့တယ်ဆိုပြီး ချိပ်ပိတ်ခံရတဲ့ အိမ်တစ်လုံး

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,  အကြမ်းဖက်မှုစွပ်စွဲချက်နဲ့ ငွေကြေးထောက်ပံ့တယ်ဆိုပြီး ချိပ်ပိတ်ခံရတဲ့ အိမ်တစ်လုံး

ဒါ့အပြင် အဲဒီသီးသန့်ရှေ့နေဟာ အမှုသည်က ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတွေကို ငွေကြေးထောက်ပံ့တာတွေနဲ့ ဆက်နွယ်တယ်လို့ သံသယရှိရင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း‌ရေးအဖွဲ့ကို သတင်းပို့ဖို့ပါ ညွှန်ကြားထားပါတယ်။

ဒီညွှန်ကြားချက်ဟာ နိုင်ငံကြီးတချို့မှာအလုပ်ဖြစ်နေတဲ့စနစ်မျိုးဖြစ်ပေမဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့တော့ ကိုက်ညီမှုမရှိဘူးလို့ ရှေ့နေတချို့နဲ့ Law Firm တချို့က ဘီဘီစီကိုပြောပါတယ်။

“အမှုသည်က အခွန်ဆောင်ထားလား၊ ငွေဘယ်ကရလဲဆိုတာ ဒီမှာ ရှေ့နေတွေက ဘယ်လိုစစ်မလဲ၊ ဒီအချက်တွေက မြန်မာနိုင်ငံမှာက အစိုးရအဖွဲ့အစည်းတွေကပဲ ဒီအချက်အလက် ရှိတာ၊ ပြီးတော့ ဘယ်သူကပြောမလဲ၊ ကျွန်တော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ကို ငွေထောက်ပံ့ပါတယ်”လို့ ဂျပန်နိုင်ငံကနေ ဥပဒေပညာနဲ့ ဒေါက်တာဘွဲ့ယူထားတဲ့ ဒေါက်တာညိုညိုသင်း ဘီဘီစီကိုပြောပါတယ်။

Law Firm တစ်ခုက အကြီးအကဲတစ်ဦးက ဒီညွှန်ကြားချက်ဟာ ပြည်ပကနေ စီးဝင်လာမယ့် ငွေကြေးတွေရော ပြည်တွင်းကငွေကြေးတွေ အပြင်ကို တရားမဝင်ထွက်မသွားဖို့ပါ စစ်ကောင်စီရဲ့ တင်းကြပ်စီးနှောင်မှုတစ်ခုလို့ သုံးသပ်ပါတယ်။ 

၂၀၁၉ ခုနှစ်ဝန်းကျင်က ABC ဘဏ်က ပိတ်လိုက်တဲ့ ငွေစာရင်းရှင်တွေထဲမှာ မြန်မာကုန်သည်တွေနဲ့ ငွေလဲသူတွေ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်ဝန်းကျင်က ABC ဘဏ်က ပိတ်လိုက်တဲ့ ငွေစာရင်းရှင်တွေထဲမှာ မြန်မာကုန်သည်တွေနဲ့ ငွေလဲသူတွေ ပါဝင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံကို ထည့်သွင်းဖို့အတွက် အခုအောက်တိုဘာလအတွင်းမှာ ဆွေးနွေးနိုင်တယ်လို့ အဲဒီအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေဘက်က ပြောဆိုမှုတွေရှိလာပြီးနောက် စစ်ကောင်စီက ဘဏ်အပါအဝင် ‌‌ငွေရေးကြေးရေးအဖွဲ့အစည်းတွေ အပေါ် စစ်ဆေးမှုတွေကို ဒီလအတွင်းမှာ လုပ်လာတာဖြစ်ပါတယ်။

အဲဒါအပြင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကိုလည်း တင်းကြပ်တဲ့ ကြတ်မတ်မှုတွေ လုပ်ဆောင်နေပါတယ်။  

FATF ကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ခိုင်မာမှုအပေါ် အလားတူခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ ၁၉၈၉ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့စင်ကာပူ အပြင် ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်တို့လို မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိတဲ့ နိုင်ငံတွေလည်း အဖွဲ့အတွင်းမှာ ပါဝင်ကြပါတယ်။

အလားတူ စစ်တပ်ကိုလက်ရှိအချိန်မှာ သံတမန်နည်းအပါ အဝင် နိုင်ငံရေးအရ ဖိအားပေးနေတဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါနဲ့ အနောက်နိုင်ငံအများစုနဲ့ အာဆီယံအဖွဲ့ဝင်ထဲက မလေးရှားလည်း ပါဝင်နေပါတယ်။

FATF က‌တော့ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုပုံစံမျိုးစုံရှိနေတယ်ဆိုတဲ့ ထောက်ပြချက်နဲ့ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နိုင်မှုမရှိတဲ့ ငွေကြေးခဝါချမှုပုံစံ ကိုင်တွယ်မှု အားနည်းချက်တွေ ကို ထောက်ပြပြောဆိုထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က တာဝန်ပေးလာတဲ့ အမှုထဲမှာ စီးပွားရေးဆိုင်ရာ ပြစ်မှု ၁၃၆မှု ၊ ထုတ်ပြန်ထားတဲ့ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ အမိန့်ညွှန်ကြားချက်များကို မလိုက်နာတဲ့ ဝန်ထမ်း မသမာမှု ၁၅၉ မှုကို စုံစမ်းစစ်ဆေးနိုင်ခဲ့တယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြီးခဲတဲ့ ၂၀၁၉ ခုနှစ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

 ဦးမောင်မောင်ကျော်က " အဓိကကတော့ ကျွန်တော်တို့ နိုင်ငံမှာ တွေ့ရှိတာ မူးယစ်မှုတွေများပါတယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးခံရတဲ့ ကိစ္စရပ်တွေမှာ မူးယစ်ဆေးဝါးကရတဲ့ငွေတွေကို ဘယ်လိုမျိုးခဝါချလဲဆိုတော့ ဥပမာ မလေးရှားမှာ ကွန်တိန်နာအလိုက် မိတာတွေရှိတယ်။ မိတာနဲ့ တပြိုင်နက် မူးယစ်အဖွဲ့ကလည်း သူတို့ရဲ့ ကွင်းဆက်တွေ လိုက်လံ ဖော်ထုတ်သလို ကျွန်တော်တို့ကလည်း ဒီမူးယစ်မှုနဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ လိုက်လံစစ်ဆေး သိမ်းဆည်းတာ တရားစွဲတာ ရှိပါတယ် " လို့သူက ပြောခဲ့ပါတယ်။

ငွေကြေး ခဝါချသူအများစုဟာ သူတို့ရရှိတဲ့ ငွေတွေကို အိမ်ခြံမြေ ဝယ်တာတွေ မော်တော်ကား ဝယ်တာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထည့်ဝင်တာတွေ လုပ်ဆောင်တာတွေ ရှိတယ်လို့  ဘီဘီစီကို ၂၀၁၉ ခုနှစ်တုန်းက ဦးမောင်မောင်ကျော်က ရှင်းပြခဲ့ပါတယ်။

တချို့ ငွေကြေးခဝါချတဲ့ သူတွေဟာ ဘဏ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်တာတွေကိုလည်း စုံစမ်း စစ်ဆေး ရရှိတယ်လို့ ညွန်ကြားရေးမှူးချုပ်က သူကပြောခဲ့ပါတယ်။

 ဘဏ်တွေမှာ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မယ့် ငွေတွေကို ငွေဖြူ ဟုတ်မဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ စစ်ဆေးသလို ကျပ်သိန်း တစ်ထောင်နဲ့ အထက် ငွေလွှဲတဲ့သူတွေကိုလည်း ဝင်ငွေရလမ်း ဖော်ပြပေးရတာတွေ စစ်ဆေးမှုတွေ ရှိတယ်လို့လည်း ဦးမောင်မောင်ကျော်က ပြောခဲ့ပါတယ်။

PDF နဲ့ NUG ကို ငွေကြေးထောက်ပံ့နေတာတွေကိုဖြတ်တောက်ဖို့ လုပ်နေ

 အခု Law firm တွေကို ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရတော့ စစ်ကောင်စီဟာ မူးယစ်ဆေးဝါးကရတဲ့ငွေတွေလမ်းကြောင်းထက် PDF နဲ့ NUG ကို ငွေကြေးထောက်ပံ့နေတာတွေကိုဖြတ်တောက်ဖို့ ပိုအားထုတ်နေတာ တွေ့ရတယ်လို့ ရှေ့နေတွေကပြောပါတယ်။

ရှေ့နေတွေနဲ့ Law Firm တွေက ဒီညွှန်ကြားချက်အပေါ် ဝေဖန်ကြပေမယ့်လို့ ငွေကြေးခဝါချမှုဥပဒေအရ လိုက်နာဖို့ တာဝန်ရှိတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ချက်ပါတယ်။  

FATF  အနေနဲ့ မြန်မာနိုင်ငံအပေါ် အမည်ပျက်စာရင်းအထိ အရေးယူနိုင်မှုအခြေအနေ ရှိမရှိအပေါ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက စောင့်ကြည့်အခြေအနေမှာပဲ ဆက်ထားဖို့ရှိနိုင်တယ်လို့ ပြောပါတယ်။

မြန်မာပြည်ရဲ့လက်ရှိ ငွေကြေးလည်ပတ်မှုက စင်ကာပူကို မှီခိုနေတာဖြစ်ပြီးတော့ မြန်မာပြည်ကို အရေးယူရင် လက်ရှိဥက္ကဋ္ဌ စင်ကာပူနိုင်ငံကိုပါဆက်စပ်ပြီး ထိခိုက်နိုင်စရာရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အခုလိုစစ်ဆေးမှုတွေကို လုပ်ဆောင်ပြတာတွေနဲ့ အခြားဆက်စပ်နိုင်ငံတွေရဲ့ အကျိုး စီးပွားအခြေခံ ဆုံးဖြတ်မှုတွေကြောင့်FATF က စစ်တပ်ကို ဖိအားပေးတာမျိုးသာရှိနိုင်ပြီး အမည်ပျက်စာရင်းအထိ ထည့်သွင်းဖို့ မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ သူတွေလည်း ရှိနေပါတယ်။