ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲ- တွေ့ဆုံဆွေးနွေးမှု မလုပ်ခင် ဖဲ့ထုတ်နယ်တွေ အသိအမှတ်ပြုဖို့ ရုရှားတောင်းဆို
ရုရှားက ယူကရိန်းထဲကနေ သူတို့ ကျူးကျော် သိမ်းပိုက်ပြီး ရုရှားထဲကို သွပ်သွင်းခဲ့တဲ့ နယ်ပယ်တွေကို အနောက်အုပ်စုက အသိအမှတ် မပြုသ၍ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိစ္စဟာ ခက်ခဲနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း အရိပ်အယောင် ပြလာခဲ့တဲ့ နောက်မှာ အခုလို ပြောကြားလိုက်တာပါ။
ကရင်မလင်က သူတို့ဘက်က ဆွေးနွေးဖို့ တံခါးဖွင့်ထားပေမဲ့ အနောက်အုပ်စုရဲ့ တောင်းဆိုမှုတွေက ယူကရိန်းကို ဆွေးနွေးပွဲက ဆွဲထုတ်သွားခဲ့တာလို့ ဆိုပါတယ်။
ရုရှားဟာ ယူကရိန်းထဲက နယ်မြေ ၄ ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တရားမဝင် သူတို့ ပိုက်နက်အဖြစ် သွပ်သွင်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ နယ်မြေတွေကို တခုမှ သူတို့ ထိန်းချုပ်မထားနိုင်ပါဘူး။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တာ ၉ လ ထဲကို ရောက်လာချိန်မှာ စစ်ပွဲအစပိုင်းက သူတို့ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေရဲ့ ထက်ဝက်ကျော်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။
သမ္မတ ဘိုင်ဒန်က ကြာသပတေးနေ့က သူ့ဘက်က ရုရှားခေါင်းဆောင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။ ပူတင်ဟာ စစ်ကို အဆုံးသတ်ဖို့ အတွက် ထွက်ပေါက် ရှာနေပြီလို့ ယူဆရတာကြောင့် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြင်သစ် သမ္မတ အီမန်နျူယဲလ် မက်ခရွန်းနဲ့ အတူ ရှိစဉ်မှာ ပြောခဲ့တာ ဖြစ်ပြီး သူရော ပြင်သစ်သမ္မတရောက ယူကရိန်း ပြည်သူတွေကို သူတို့လက်မခံနိုင်တဲ့ အလျှော့ပေးမှုမျိုး လုပ်ဖို့ ဘယ်တော့မှ တိုက်တွန်းမှာ မဟုတ်ကြောင်း ပြောပါတယ်။
လပေါင်းများစွာ တွေ့ဆုံ ဆွေးနွေးလိုတဲ့ လက္ခဏာတွေ ပျောက်ဆုံးနေခဲ့ပြီး နောက် အခုလို သံတမန်ရေး စကားသံတွေ တဖန်ပြန်ကြား လာရတာလည်း ဖြစ်ပါတယ်။ ရုရှား စစ်တပ်ဟာ ယူကရိန်း တောင်ပိုင်းမှာ အခြေမလှလို့ ဆုတ်ခွာပြေးနေရသလို တဖက်မှာလည်း အရပ်ပြည်သူလူထု အသုံးပြုနေတဲ့ အခြေခံ အဆောက်အအုံပိုင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အများအပြား လုပ်နေပါတယ်။