အပစ်ရပ်မှုကို အာမမခံဘူးလို့ အေအေပြော

no tag

ဓာတ်ပုံ ရင်းမြစ်, AA INFO DESK

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့အေအေတို့အကြား အပစ်ခတ်ရပ်စဲထားတာ သုံးလပြည့်တဲ့ အချိန်မှာ လက်ရှိ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲမှုဟာ အာမခံချက်မရှိဘူးလို့ ရက္ခိုင်တပ်တော်အေအေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောဆိုခွင့်ရှိသူ ဦးခိုင်သုခက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီကတိကဝတ်တွေကို ချိုးဖောက်မှုတွေရှိနေသလို လူအင်အား၊ လက်နက်အင်အားနဲ့ ရိက္ခာဖြည့်တင်းမှုတွေကို စစ်ကောင်စီက ဆောင်ရွက်နေပြီး အေအေ အပေါ်ထိုးနှက်မှုတွေလည်း ရှိနေတာကြောင့် လက်ရှိရပ်စဲထားတဲ့ အပစ်ခတ်ရပ်စဲမှုက အာမခံချက်မရှိဘူးလို့ သူက ပြောဆိုခဲ့တာပါ။

အပစ်ခတ်ရပ်စဲထားတဲ့ကာလမှာပဲ စစ်ကောင်စီဘက်ကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ် တွေအတွင်း စစ်ရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုတွေ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အေအေဘက်က ပြောဆိုခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AA

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့တို့ဟာလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေကြပြီး ဖေဖော်ဝါရီ ၂၆ ရက် မနေ့က နေ့လယ်ပိုင်းမှာတော့ စစ်တွေတပ်နယ်အတွင်း စစ်သည်တွေ၊ စစ်သည်မိသားစုတွေနဲ့ဆုံမှုတွေ ပြုလုပ်ခဲ့သလို ဒီကနေ့မှာလည်း တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဟာ ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် ပြည်သူတွေရင်ဆိုင်နေကြရတဲ့ အကျပ်အတည်းတွေကို သက်သာမှုရစေရေးအတွက်ဆိုပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ခတ်ရပ်စဲလိုက်ကြတာဖြစ်ပါတယ်။

အပစ်ရပ်အပြီးမှာ စစ်ကောင်စီရဲ့ ရက္ခိုင့်တပ်တော်အပေါ် ပြည်သူတွေအကြား ထိုးနှက်တိုက်ခိုက် ပြောဆိုမှုတွေကြောင့် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေး ပြန်သွားနိုင်တဲ့အခြေအနေရှိနေတယ်လို့ အေအေရဲ့ပြောခွင့်ရသူ ဦးခိုင်သုခက ပြောကြားခဲ့တာဖြစ်ပါတယ်။

အေအေရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့ စစ်ကောင်စီက “လွတ်ငြိမ်းချမ်းသာခွင့်ပြုမှု ၄ ကြိမ်မှာ ၁၂၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးဖြစ်ပြီး ပြန်လွှတ်ပေးခဲ့တာ စုစုပေါင်း ၂၀၅ ဦးရှိပြီဖြစ်တယ် ဒါတွေကိုသိရဲ့သားနဲ့ ငြင်းဆိုတာက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်တို့ပြောချင်တယ်လို့ “ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်စစ်ရှောင်များ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ရခိုင်စစ်ရှောင်များ

ရက္ခိုင့်တပ်တော်အနေနဲ့လည်း ပလက်ဝမြို့နယ်အတွင်းမှာ ဒေသခံတွေကို ပြည်သူ့စစ်သင်တန်းတွေ ပေးနေတာတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေးက ပြည်သူတွေရဲ့အကျပ်အတည်းတွေကို ဖြေလျှော့ပေးရာမရောက်ဘဲ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှုကိုပဲ မြင်တွေ့နေရတယ်လို့ ရခိုင်နိုင်ငံရေးသမားတွေက ထောက်ပြပြောဆိုကြပါတယ်။

အပစ်ခတ်ရပ်စဲပြီး နှစ်လတာအတွင်း အေအေနဲ့ပတ်သက်ဆက်နွယ်သူတွေဆိုပြီး ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ပြန်လည်လွှတ်ပေးဖို့ သဘောတူညီချက်ရှိခဲ့ပေမယ့် သုံးလပြည့်တဲ့အထိ အရပ်သားပေါင်း ၂၀၀ ကျော်ပြန်လည်လွှတ်မြောက်လာခဲ့ခြင်းမရှိသေးဘူးလို့သိရပါတယ်။

"အရပ်သားတွေ လွတ်လာနိုး လွတ်လာနိုးနဲ့ ဒီကနေ့အထိလွတ်မလာသေးဘူး ဒါတွေကို ဘာကြောင့် မဖြေလျှော့တာလဲဆိုတာ နှစ်ဖက်ဆွေးနွေးမှုတွေကို အခြေခံသလား ပြည်သူကြားထဲမှာ အကြောက်တရားတွေလွှမ်းမိုးမှုရှိနေစေချင်တာလား "လို့ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဦးထွန်းဝင်းက သုံးသပ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“အဓိကကတော့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ humanitarian ceasefire လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အလွတ်သဘော informal လုပ်တာ ဖြစ်ပါတယ်”လို့ ပြီးခဲတဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ အပစ်ရပ်စဲမှုနဲ့ ပတ်သက်ပြီး ခိုင်သုခက ပြောဆိုခဲ့ပါတယ်။

“လောလောဆယ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေအတွက် အဓိကအကျဆုံးသည် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ နောက်ပြီးလို့ရှိရင် အခု စပါးရိတ်သိမ်းတဲ့ရာသီမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေအတွက် အလေးအနက်ထားပြီးတော့မှ၊ ပြည်သူတွေကို စဥ်းစားပြီးတော့ humanitarian ceasefire ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ နဂို နိုင်ငံရေး ရပ်တည်ချက်အတိုင်းပါပဲ” လို့ သူ ကဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲလိုက်တယ်ဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုသဘောတူညှိနှိုင်းခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ နှစ်ဖက်လုံးထံက ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာတော့ စစ်ပွဲကာလအတွင်းက ဖြတ်တောက်ပိတ်ဆို့မှုတွေပြုလုပ်ထားတဲ့ တချို့အချက်တွေကိုသာပြန်လည်ဖွင့်ပေးခဲ့ပြီး ဆေးဝါးသယ်ယူခွင့်၊ ကုန်စည်ပို့ဆောင်မှုကန့်သတ်ချက်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားတွေအပေါ် စစ်ဆေးတာတွေဆက်ရှိနေဆဲပဲဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ တိုက်ပွဲတွေပြန်ဖြစ်လာလို့ရှိရင်တော့ ပြီးခဲ့တဲ့ကာကထက် ပြည်သူတွေ ပိုမိုပြီး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်ခြေရှိသလို နှစ်ဖက်လက်နက်ကိုင်တပ်တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နိုင်ငံရေးနည်းလမ်းတကျ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။