မှတ်ပုံ ပြန်မတင်တော့တဲ့ SNLD ဘယ်လိုဆက်လက် ရပ်တည်ဖို့ရှိလဲ

ဓာတ်ပုံ ရင်းမြစ်, SNLD
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက နိုင်ငံရေးပါတီမှတ်ပုံ ပြန်မတင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
မတ်လ ၁၆ရက်နဲ့ ၁၇ရက် ၂ ရက်တာ ကျင်းပခဲ့တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝးအပြီးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။
ရွေးကောက်ပွဲရက် အတိအကျမသိရတာ၊ ပါတီဝင်တွေကို ပြန်စည်းရုံးတိုင်ပင်ဖို့အချိန်မရှိတာကြောင့် ဖြစ်ပါတယ်။
အဲဒါတွေအပြင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပါ ကန့်သတ်ချက်အသစ်တွေထဲ ပါတီရုံး ၁၆၅ ရုံး ဖွင့်ရမှာ၊ အင်အား တစ်သိန်း ရှာဖွေဖို့ စတာတွေကလည်း ပါတီမှတ်ပုံမတင်ဖို့ကို ဖြစ်လာစေတာလို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
“ရွေးကောက်ပွဲကိုကြည့်ပြီးတော့ ပါတီကိုမှတ်ပုံတင်ကြတယ်ဆိုရင်တော့ လောလောဆယ်ကိုမှားတာဘဲ... နိုင်ငံရေးဆိုတာ ပုံသေရပ်နေတာမျိုးမဟုတ်ဘဲ အပြောင်းအလဲတွေတော့ရှိလာနိုင်ဦးမှာပါဘဲ” လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
SNLD ပါတီထောက်ခံသူတွေက ရန်ကုန်၊ မန္တလေး၊ ကချင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာရှိနေတာကြောင့် ပါတီခွဲတွေဖွင့်လှစ်ဖို့ဆိုတဲ့ စဥ်းစားချက်တွေကလည်း နိုင်ငံရေးပါတီတစ်ရပ်အဖြစ်ရပ်တည်ဖို့ ထိရောက်တဲ့ လုပ်ကိုင်နိုင်မှုမဖြစ်နိုင်ဘူးလို့ SNLD က ယူဆထားပါတယ်။
အာဏာသိမ်းကာလအတွင်း နိုင်ငံရေးပါတီအဖြစ်ရပ်တည်ခဲ့စဥ်တုန်းကလည်း နိုင်ငံရဲ့ အခြေအနေကြောင့် ပါတီရေးရာလုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန်လုပ်ကိုင်နိုင်တာမျိုးမရှိသလို၊ ပါတီမှတ်ပုံတင်ခဲ့ရင်လည်း အလားတူအခြေအနေမျိုးသာဖြစ်လာနိုင်တယ်လို့လည်း SNLD က သုံးသပ်ထားပါတယ်။
ဒါကြောင့် SNLD အနေနဲ့ “နိုင်ငံရေးအရ ရပ်တည်ဖို့ ပိုပြီး ဦးစားပေးရတဲ့အနေအထားဖြစ်လို့၊ အဆုံးအရှုံးတွေ ရှိလာရင်လည်း ရင်ဆိုင်ဖို့ပဲ ရှိပါတယ်၊ လွတ်လပ်ပြီးတရားမျှတတဲ့၊ နိုင်ငံတကာနဲ့ ပြည်သူတရပ်လုံး လက်ခံတဲ့၊ ဒီမိုကရေစီစံချိန် စံနှုန်းနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ် ဖြစ်စေမယ့် ရွေးကောက်ပွဲ အခင်းအကျင်းတွေ ပေါ်ပေါက်အောင် ဝိုင်းဝန်းကြိုးပမ်းတာက ပိုအဓိပ္ပာယ်ရှိမယ်” လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၉၉၀ရွေးကောက်ပွဲ မတိုင်ခင်၊ ၁၉၈၈ခုနှစ် အောက်တိုဘာလအတွင်းမှာ တည်ထောင်ခဲ့တဲ့ SNLD ပါတီက စစ်အာဏာသိမ်းမှုကာလတွေအတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်တိုက်ရပ်တည်ခဲ့တဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။
စစ်တပ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်မပြုတဲ့နောက်ပိုင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနည်းတူ၊ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ထောင်ချခံရတဲ့ အတွေ့အကြုံတွေကိုလည်း ဖြတ်သန်းခဲ့ဖူးပါတယ်။
အဲဒီနောက် NLD နည်းတူပဲ စစ်တပ်ကဦးစီးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မပါဝင်ခဲ့သလို၊ ပါတီမှတ်ပုံတင်လည်း ပြန်လည်မတင်ခဲ့ပါဘူး။ အဲဒီအပြင် NLD ရွေးကောက်ပွဲဝင်ခဲ့တဲ့ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲလည်း ဝင်ရောက်ယှဥ်ပြိုင်တာမျိုး မရှိခဲ့ပါဘူး။
ဒါပေမဲ့ အဲဒီ ၂၀၁၂ခုနှစ်အတွင်း ပါတီရဲ့ခေါင်း ဆောင် ဦးခွန်ထွန်းဦးအပါအဝင် ခေါင်းဆောင်အများစု ပြန်လွတ်လာချိန်မှာတော့ ပါတီကို မှတ်ပုံပြန်တင် ခဲ့ပြီး ဒီကနေ့အထိ ရပ်တည်လာတဲ့ နိုင်ငံရေးပါတီတခု လည်း ဖြစ်ပါတယ်။
“တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပီပီပြင်ပြင်မပေါ်ပေါက်လာသေး သမျှ SNLD ကတော့ တစ်ထောင့်တစ်နေရာကနေ ပြည်သူ့အကျိုးပြုဖို့ အမြဲရပ်တည်လုပ်ဆောင်နေမယ်” လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဘီဘီစီကိုပြောပါတယ်။
မှတ်ပုံပြန်မတင်တာကြောင့် ပါတီအလိုလျှောက်ပျက်ပြယ်တာမျိုးအတွက် တစုံတရာ ပြစ်ဒဏ်မျိုးတော့ မရှိ နိုင်ဘူးလို့ SNLD ဘက်က ယူဆထားပါတယ်။ အဲဒီအပေါ် ပြစ်ဒဏ်မျိုးတစုံတရာရှိခဲ့ရင်လည်း မလွန်ဆန်နိုင်တဲ့ အနေအထားမျိုးသာဖြစ်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
နိုင်ငံရေးပါတီတစ်ခုအတွက် မှတ်ပုံတင်ရှိနေတာက အရေးကြီးတဲ့အရာမဟုတ်ဘဲ လူထုထောက်ခံမှု၊ စုဖွဲ့မှုနဲ့ လူထုကောင်းရာကောင်းကျိုးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ လုပ်နိုင်နေဖို့လိုအပ်သလို၊ လုပ်စရာတွေလည်းရှိနေတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SNLD
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ မတ်လ ၁၆ရက်နေ့အထိ တည်ရှိပြီး နိုင်ငံရေးပါတီ ၉၁ ပါတီကနေ မှတ်ပုံပြန်တင်ကြတဲ့ နိုင်ငံရေးပါတီပေါင်း ၂၁ ပါတီအထိ ရှိတယ်လို့သိရပါတယ်။ အခြားနိုင်ငံရေးပါတီအသစ် တည်ထောင်တာကတော့ ၆ ပါတီ အထိရှိတယ်လို့ သိရပါတယ်။
တည်ရှိပြီး နိုင်ငံရေးပါတီတွေအတွက် ပါတီမှတ်ပုံပြန်တင်ရေးဟာ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေအကြား လုပ်ကိုင်ရခက်ခဲတယ်လို့ ပါတီအများစုက ရှုမြင်ထားကြပါတယ်။
ဒါပေမဲ့ ပါတီမှတ်ပုံတင်ဖို့ ဖိတ်ခေါ်တဲ့ ပထမဆုံးရက်မှာတင် ပါတီမှတ်ပုံတင်ပြန်လျှောက်တဲ့ ပါတီတွေ လည်းရှိပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့လို ပါတီတွေလည်း ပါဝင်ပါတယ်။
SNLD ပါတီ မှတ်ပုံပြန်မတင်မယ့်အပေါ် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရသူ ဦးလှသိန်းကတော့ “ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိမယ်လို့ မထင်ပါဘူး” လို့ ဘီဘီစီကိုဖြေကြားပါတယ်။
လက်ရှိရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်တွေက တင်းကျပ်တဲ့ဟာမျိုတွေ မရှိသလို၊ မိမိတိုပါတီ အနေနဲ့လည်း မူလအင်အား ၂ သိန်းကျော်အထိ ရှိခဲ့တာကြောင့် ပါတီမှတ်ပုံတင်ရေးကအဆင်ပြေတယ်လို့ အရင် ရှမ်းတိုင်းရင်းသားများများတိုးတက်ရေးပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကိုပြောပါ တယ်။ လက်ရှိတော့ ရှမ်းနဲ့ တိုင်းရင်းသားများတိုးတက်ရေးပါတီအနေနဲ့ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံတင် ပြန်လည်လျှောက်ထားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ SNDP ဟာ တစ်နေရာမှအနိုင်မရရှိခဲ့ပါဘူး။ SNLD ကတော့ ရှမ်းပြည် နယ်မဲဆန္ဒနယ်တွေရဲ့ နေရာအားလုံးနီးပါးကို အနိုင်ရခဲ့ပါတယ်။
ဒါပေမဲ့ ပါတီဝင်အင်အားနဲ့ ၁၆၅ မြို့နယ်အတွင်းရုံးဖွင့်ဖို့ဆိုတဲ့ တင်းကျပ်တဲ့သတ်မှတ်ချက်မျိုးတွေကြောင့် SNLD ကလက်ရှိမှာ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ထားတာပါ။
ပါတီတွေ မှတ်ပုံတင်မတင်ဆိုတာထက် နိုင်ငံရဲ့ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးပါတီတွေအပါအဝင် အားလုံးက စဥ်းစားလုပ်ဆောင်သင့်တယ်လို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန် က ယူဆပါတယ်။
“နိုင်ငံရေးမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲလုပ်တာထက်ကို တွေ့ဆုံဆွေးနွေးတာတွေကို အရင်လုပ်သင့်တယ်” လို့ ပူဂင့်ကမ်းလျန်က သုံးသပ်ပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက်လည်း ပြည်နယ်အဆင့်စည်းရုံးရေးပါတီအဖြစ် မှတ်ပုံပြန်တင်ဖို့ကို အခက်အခဲ ဖြစ်နေတာပါ။ ချင်းပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်လုံးက အေးချမ်းတည်ငြိမ်မှုမရှိတာကြောင့် ပါတီမှတ်ပုံတင်ပြီး ပါတီရပ်တည်နိုင်ရေးက အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေရတာမျိုးပါ။
အလားတူ အခက်အခဲတွေရှိနေတဲ့ SNLD ကလည်း Federal Forward ဆိုတဲ့ နာမည်သစ်နဲ့ နိုင်ငံရေးပါတီ တစ်ခုအဖြစ် ပြန်လည်ဖော်ဆောင်ဖို့ ဆိုတဲ့ စဥ်းစားမှုမျိုးတွေလည်း ရှိနေပါတယ်။ ဒါကနိုင်ငံရေးပါတီတစ်ခု အောက်ကနေ ဆက်လက်လုပ်ကိုင်လို တဲ့ SNLD ပါတီဝင်တွေ ပါဝင်လုပ်ဆောင်နိုင်ဖို့စဥ်းစားချက်မျိုး ဖြစ်တယ်လို့ ပြောပါတယ်။
အခုလိုစဥ်းစားမှုမျိုးက တင်းကျပ်လွန်းတဲ့ နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံတင်ခြင်းဆိုင်ရာ ကန့်သတ်ချက် တွေကြောင့်လို့လည်း သိရပါတယ်။
ဒါပေမဲ့ နာမည်ပြောင်းပြီး နိုင်ငံရေးပါတီအဖြစ် ပြန်လည်တည်ထောင်မှုမျိုးကို လုပ်ဆောင်တာမျိုးတော့ လတ်တလော မရှိတော့ အကောင်အထည်ဖော်တာမရှိသေးဘူးလို့ SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဘီဘီစီကိုပြောပါတယ်။
“နိုင်ငံရေးအပြောင်းအလဲတွေက မြန်နေတယ်။ ဘာဆက်ဖြစ်လာမလဲဆိုတာတော့ အတိအကျမပြောနိုင် သေးဘူး။ Federal Forward ဆိုတာက စဥ်းစားချက်ပဲရှိတာ” လို့ ဆိုပါတယ်။
ပါတီမှတ်ပုံတင်ပြန်မတင်တဲ့အတွက် ပါတီဝင်တွေအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်နိုင်ဖို့ကိုလည်း ခွင့်ပြုထားတယ်လို့သိရပါတယ်။
အခုလို နိုင်ငံရေးပါတီတွေ အခက်အခဲဖြစ်နေစေတဲ့ အကြောင်းတွေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ ဆက်လက်စောင့်ကြည်ပြီး ဖြေလျော့သင့်တာတွေကို နှစ်ဖက်ညှိနှိုင်းပြီး ဖြေရှင်းသင့်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေက အကြံပြုတိုက်တွန်းကြတာလည်းရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးပါတီတွေဘက်ကလည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပါတီတွေအတွက်သာ ဖြေလျော့ပေး နိုင်တာမျိုး ဖြစ်မယ်ဆိုတဲ့ ယူဆပြောဆိုတာတွေလည်းရှိပါတယ်။ ဒါကြောင့်လည်း အင်အားကြီးတဲ့ နိုင်ငံရေး ပါတီတွေနဲ့ စစ်တပ်ကအလိုကျတဲ့ နိုင်ငံရေးပါတီတွေသာ ရပ်တည်နိုင်မယ့် တင်းကျပ်မှုမျိုးတွေကို ထည့်သွင်း ခဲ့တာလို့ နိုင်ငံရေးပါတီတွေဘက်က ပြောဆိုကြတာလည်း ရှိနေပါတယ်။











