အာဏာသိမ်း ၂ နှစ်ပြည့် နောက်ပိုင်း နိုင်ငံအနှံ့က အစုလိုက် အသတ်ခံရမှုများ

စစ်အာဏာသိမ်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Image

ဓာတ်ပုံ ပုံစာ, မြို့ပြဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
ရေးသားခဲ့သည်။

စစ်အုပ်ချုပ်‌ရေးကြေညာထားတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ(ကယား)၊ ကရင်၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်တွေထဲမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီကနေ မတ် ၁၁ ရက်အတွင်း သေဆုံးသူအရေအတွက် ၁၃၀ ကျော်ရှိနေပြီး မတ်လ ထဲမှာတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတာတွေ ပိုများလာတာကို ဘီဘီစီက လက်လမ်းမှီသလောက် ကောက်ယူထားတဲ့အချက်လက်တွေအရ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၂ နှစ်မြောက်၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နဲ့ ၂၂ ရက်မှာ စစ်အုပ်ချုပ်ရေးနယ်မြေ ၄၀ မြို့နယ် ထပ်တိုးသတ်မှတ်တာကြောင့် ၂၀၂၁ ခုနှစ်က သတ်မှတ်ထားတာတွေနဲ့ပေါင်းရင် စစ်အုပ်ချုပ်ရေးမြို့နယ်ပေါင်း ၄၇ မြို့နယ် ရှိလာပါတယ်။

စစ်အုပ်ချုပ်ရေး မကြေညာခင်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးကျတာ၊ လေကြောင်းနဲ့ ပစ်ခတ်တာ၊ သတ်ဖြတ်မီးရှို့တာတွေ ရှိခဲ့ပေမဲ့ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းမှာတော့ ဖမ်းမိတဲ့သူတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေသာမက အရပ်သားတွေပါ အစုအလိုက်အပြုံလိုက် အသတ်ခံရတဲ့ ဖြစ်ရပ်က ဖေဖော်ဝါရီ ၂၆ ရက် ကနေ မတ် ၈ ရက်အတွင်း ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲ့ဒါတွေကတော့ မြင်းမူမြို့နယ် ကန်တော်ရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ တုန်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံ ၅ ယောက်၊ မတ် ၂ ရက်မှာ ဝက်လက်မြို့နယ်၊ ကျီးကန်ရွာမှာ ဒေသခံနဲ့ ပကဖ ၇ ယောက်၊ တနင်္သာရီတိုင်း၊ ဝိုင်းဒင်းရွာက တိုက်ပွဲမှာ ပကဖ ၉ ယောက်၊ မတ် ၂ ရက်က စစ်ကိုင်းမြို့၊ တာတိုင်ရွာမှာ ၁၇ ယောက်၊ မတ် ၆ ရက်က မြင်းမူမြို့နယ် လက္ကပြင်ရွာမှာ ပကဖနဲ့ အရပ်သား ၈ ယောက်ရှိခဲ့ပါတယ်။

မတ် ၁၁ ရက်မှာလည်း ရှမ်းပြည်နယ် နမ်းနှိမ်ရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ပြည်သူ ၃၀ နဲ့ ဘုန်းကြီး ၃ ပါးဟာ စစ်ကြောင်းထိုးခံရချိန်မှာ အဖမ်းခံရပြီး အသတ်ခံလိုက်ရတယ်လို့ KNDF က ဘီဘီစီကို ပြောပါတယ်။

အစုလိုက် အသတ်ခံရသူ အများဆုံးအရေအတွက်ဟာ ပင်လောင်းမြို့နယ် နမ်းနှိမ်ရွာ လူ ၃၀ ကျော် အသတ်ခံရတဲ့ဖြစ်စဥ် မထွက်လာခင်အထိ စစ်ကိုင်းတိုင်းထဲမှာ အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၁၇ ယောက် အသတ်ခံရတဲ့ တာတိုင်ရွာ

စစ်အာဏာသိမ်း၊ အစုုလိုက်အပြုံလိုက်အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တာတိုင်ရွာက အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်းတွေကို လိုက်ရှာကြတဲ့ ဒေသခံများ

စစ်ကိုင်းမြို့၊ ရွှေလှေကျေးရွာအုပ်စု၊ တာတိုင်ရွာကို ပြီးခဲ့တဲ့ မတ် ၁ ရက်မှာ တပ်မ ၉၉ က စစ်ကြောင်းထိုးလာခဲ့ပါတယ်။ အရပ်ဝတ်တွေနဲ့ PDF တွေဆိုပြီးဝင်လာကြတာကြောင့် ကျေးရွာဒေသခံတချို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထင်နဲ့ နေမြဲအတိုင်းနေကြသလို အခြေအနေ ရိပ်စားမိသူတချို့ကတော့ ထွက်ပြေးခဲ့ကြတာပါ။

အဲ့ဒီနောက် ထွက်မပြေးတဲ့ ဒေသခံ ၇၀ လောက်က ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ရင်း ပိတ်မိခဲ့ကြပါတယ်။ မတ် ၂ ရက်မှာ ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲက အမျိုးသမီး ၃ ယောက်အပါအဝင် ၁၅ ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကြောင်းပြန်ထွက်သွားလို့ ရွာသားတချို့ရွာထဲကို ပြန်ဝင်လာချိန်မှာ သုဿန်နားမှာရက်ရက်စက်စက် အသတ်ခံထားရတဲ့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုမိုက်ကယ်ရဲ့ရုပ်အလောင်းကို တွေ့ခဲ့ကြရပါတယ်။

“ခေါင်းတွေ၊ ခြေတွေ၊ လက်တွေကိုဖြတ်ထားတယ်။ အူတွေကို ဆွဲထုတ်ပြီး ကိုယ်လုံးပေါ်တင်ထားတာ၊ အဲ့ဒီအလောင်းမြင်တော့ ဒေသခံတွေလည်း ချောက်ချားပြီးထွက်ပြေးကြတယ်”လို့ အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကို ကူညီသင်္ဂြိုဟ်ပေးခဲ့သူတစ်ယောက်က ပြောပါတယ်။

အဖမ်းခံလိုက်ရသူတွေထဲက ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို မြင်းမူမြို့နယ်၊ ညောင်ရမ်းရွာမှာ ရှာတွေ့ခဲ့ပြီး နောက်ထပ် ၉ ယောက်ကိုတော့ မတ် ၃ ရက်မှာ ပြန်ရှာတွေ့ခဲ့ကြတာပါ။

အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေဟာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေရှိနေပြီး အမျိုးသမီး သုံးယောက်ဆိုရင်လည်း အဓမ္မပြုကျင့်ခံထားရတဲ့ ပုံစံတွေ တွေ့ရတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ အယူအဆအရတော့ တချို့ကို ပြေးခိုင်းပြီးတော့ သေနတ်နဲပစ်တဲ့ပုံစံ၊ တချို့ ဦးခေါင်းတွေ အခွဲခံထားရတာတွေတွေ့တယ်။ အမျိုးသမီးရော၊ အမျိုးသားတွေရော အလောင်းတွေ ပြန့်ကျဲနေတာ။ ၄ ယောက် တစ်စု၊ ငါးယောက် တစ်စု တွေ့ရတာ”လို့ အသတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေ ကူညီ သင်္ဂြိုဟ်ပေးခဲ့သူက ပြောပါတယ်။

တာတိုင်ရွာနဲ့ပတ်သက်တဲ့ စစ်ကောင်စီ ဖြေရှင်းချက်

စစ်အုပ်ချုပ်ရေး ကြေညာတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ထုတ်ပြန်ရတာဖြစ်ပြီး ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ နဂိုလုပ်ရိုးလုပ်စဉ် ထိတွေ့တိုက်ခိုက်မှုစည်းမျည်းအတိုင်း ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“တာတိုင်ရွာဖြစ်စဉ်မှာလည်း ရွာထဲက လူတွေကို ဖမ်းဆီးခဲ့တာမရှိဘူး။ ရွာအပြင်ပြန်ထွက်ချိန်မှာ လာတိုက်လို့ ခုခံခဲ့တာပဲရှိတယ်။ တနေကုန် တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မဖွယ်မရာလုပ်ဖို့အချိန် မရှိဘူး။ ပြီးရင် ပီဒီအက်ဖ်ထဲမှာလည်း အမျိုးသမီးတွေပါနေတာ တွေ့နေတာပဲ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမှာ ဟိုဘက်မှာ ထိခိုက်သေဆုံးတာတွေ ရှိချင်ရှိမယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြောဆိုချက်တွေအပေါ် တကယ်ရင်ဆိုင်ခဲ့ရတဲ့ ဒေသခံတစ်ယောက် တုံ့ပြန်တာက “ဘယ်တုန်းက သူတို့လုပ်တယ်လို့ ဝန်ခံဖူးလို့လဲ။ အခု အသတ်ခံရတာတွေက ရည်ရွယ်ချက်ရှိရှိ အသတ်ခံရတာတွေ။ တိုက်ပွဲမှာသာ တကယ်သေရင် သူတို့တွေက ဓာတ်ပုံတွေနဲ့ တင်ကြမှာလေ။ အခုဘာတွေတင်တာရှိလို့လဲ။ သေသွားတဲ့ အမျိုးသမီးတွေဆိုတာ အသက် ၃၀ ကျော် ၄၀ တွေလေ။ ဘယ်လို PDF ဖြစ်နိုင်မှာလဲ။ အသတ်ခံရတာလဲ ပြန်ပြောရရင်တောင် စိတ်ထိခိုက်စရာ၊ အဝတ်အစားတွေ ဖရိုဖရဲနဲ့ ၊ ရင်ဘတ်တွေမှာလည်း ညိုမည်းစွဲနေတာ၊ မိန်းမကိုယ်တွေထဲက ကြက်သွန်တွေထွက်လာတာကိုလည်း ဗုံးဆိုပြီး ကျနော်တို့တွေ ထွက်ပြေးကြရသေးတယ်။ နောက်မှ ကြက်သွန်တွေမှန်းမသိတာ။ ဘယ်မိန်းမက ကိုယ့်ကိုယ်ကိုယ် ဒီလိုလုပ်မှာလဲ”လို့ ပြောပါတယ်။

စစ်ကိုင်း၊ တာတိုင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်နဲ့ ဒေသခံ ၁၅ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းဟာ မြင်းမူမြို့နယ်ထဲကို ဝင်လာကြတယ်လို့ ဆိုပါတယ်။

မြင်းမူမှာလည်း အသတ်ခံရသူ ၈ လောင်းထက်မနည်းတွေ့

စစ်အာဏာသိမ်း၊ အစုလိုက်အပြုံလိုက် အသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အသတ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းဖြတ်တောက်ခံရတဲ့ မြင်းမူမြို့နယ် ကန်တော်ရွာ

မြင်းမူမြို့နယ်၊ လက္ကပြင်ရွာမှာ မတ် ၆ ရက်က စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာသားတွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရပါတယ်။

လက္ကပြင်ရွာကို ဝင်စီးချိန်မှာ အပစ်ခံလိုက်ရတဲ့ အလောင်းတစ်လောင်းနဲ့ အဖမ်းဆီးခံရသူတွေထဲက အသတ်ခံရပြီး ဧရာဝတီမြစ်အတွင်းအမျောခံလိုက်ရတဲ့ အလောင်း ၇ လောင်း ၊ စုစုပေါင်း ၈ လောင်းကို မတ် ၁၀ ရက်အထိ ရှာတွေ့ထားပြီလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ ဖမ်းမိပြီး သတ်တယ်၊ ပြီးတော့ ဆိုင်ကယ်နဲ့တရွတ်တိုက်ဆွဲပြီး မြစ်ထဲကို ပစ်ချထားကြတာ။ ဆိုင်ကယ်ဘီးနောက်မှာ တရွတ်တိုက်ပါသွားတဲ့အရာတွေရယ်၊ သွေးစက်တွေရယ်ကို ကြည့်ပြီးပြောနိုင်တာပါ။ ဒီနေ့တောင် နောက်ထပ် နှစ်လောင်းမြစ်ထဲမှာတွေ့တယ်ပြောတယ်။ ဘယ်သူဘယ်ဝါမသဲကွဲတော့ဘူး။ ကိုယ့်ရွာသား ဟုတ် မဟုတ်ဆိုတာလည်း မသိကြရတော့ ဒီအတိုင်းပဲ မြစ်ထဲပြန်မျောလိုက်တယ်”လို့ ဒီနေ့ မတ် ၁၂ ရက်မှာ လက္ကပြင်ဒေသခံတစ်ယောက် ပြောပါတယ်။

စစ်ကြောင်းထိုးချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ၆ ယောက်သတင်းလည်း မကြားရသေးပါဘူး။

အဖမ်းခံရသူတွေအထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်နေတဲ့ ဆရာတော်တစ်ပါးဖြစ်တဲ့ ပြည်ကြီးတံခွန်ဆရာတော်လည်း အဖမ်းခံလိုက်ရပြီး အသတ်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒါကိုလည်း ဒေသခံတွေက သေချာ အတည်မပြုနိုင်ကြသေးပါဘူး။

မတ်လအတွင်းမှာ အစုလိုက် အပြုံလိုက် အသတ်ခံရမှုဖြစ်ပွားတဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်တို့ဟာ စစ်အုပ်ချုပ်ရေး နယ်မြေထဲမှာ မပါသေးပါဘူး။

“စစ်အုပ်ချုပ်ရေးနယ်မြေထဲ ပါပါ ၊ မပါပါ ။ စစ်ကိုင်းတိုင်းထဲလို့ ဖြစ်တာနဲ့ သူတို့က လုပ်နေကျအတိုင်း လုပ်မှာပဲ” လို့ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာ ဒေသခံတစ်ယောက် ပြောပါတယ်။

စစ်ကောင်စီက ဘာ့ကြောင့် ဒီလိုလုပ်နေရသလဲ

၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင် အစောပိုင်းကာလတွေမှာ စစ်ကောင်စီရဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားနယ်မြေတွေမှာသာ အဖြစ်များခဲ့ပြီး ဗမာတိုင်းရင်းသားတွေ အနေများတဲ့ စစ်ကိုင်း၊ မကွေးတို့လို နေရာတွေမပါဝင်ခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးချိန်မှာတော့ လူအများစုဖြစ်တဲ့ ဗမာတိုင်းရင်းသားတွေပါ တော်လှန်ရေးမှာ ပါဝင်လာကြတဲ့အတွက် ဒီတော်လှန်ရေးကနေ နောက်ဆုတ်သွားအောင်၊ ဆက်မတော်လှန်ရဲအောင် အကြောက်တရား သွင်းနေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

“အရင်က စစ်ကောင်စီက အကြမ်းဖက် အုပ်ချုပ်တာတွေရှိနေပေမဲ့ အခုကတော့ ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့အခါ တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး အာဏာသုံးရပ်ကို စစ်တပ်က ရသွားတာပဲ။ အရင်ထက်ပိုပြီး ဗြောင်ကျကျ ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွတ်ဖို့ စစ်အုပ်ချုပ်ရေး ပြဌာန်းလိုက်တာပဲ”လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒ့ါကြောင့် ဒီနောက်ပိုင်းမှာလည်း ပိုပြီး ကြမ်းတမ်းလာနိုင်တဲ့အခြေအနေရှိတယ်လို့ သူက သုံးသပ်ပါတယ်။

အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေအတွက် NUG လုပ်ဆောင်ချက်

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း လူ ၅ ယောက်ထပ်ပိုပြီး အစုလိုက်အပြုံလိုက် အသတ်ခံရမှုပေါင်း ၃၂ မှုရှိနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာက လူ ၁၇ ယောက် အစုလိုက်အပြုံလိုက် အသတ်ခံရမှု အပါအဝင် စစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား သတ်ဖြတ်မှု၊ အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်စီးခံရတာတွေအတွက် တရားမျှတမှုရအောင် ဆောင်ရွက်သွားမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို တိုင်ကြားထားတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

“ဒီလိုတိုင်ပေမဲ့လည်း စစ်ကောင်စီက ရပ်တန့်သွားမှာမဟုတ်ဘူး။ ရိုဟင်ဂျာတွေ ကိစ္စတုန်းကလည်း ဒီမိုကရေစီအစိုးရလို့ ပြောလို့ရတဲ့ အစိုးရလက်ထက်မှာတောင် ဘာမှဖြစ်မလာဘူး။ ဒီလိုတိုင်ပေမဲ့လည်း ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းကြားမှာ အကန့်သတ်တွေရှိနေတယ်။ အဲ့အတွက်တော့ ချက်ချင်းဖြစ်လာမှာ မဟုတ်ဘူး”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ ပြောက်ကျားစစ်ဆင်ရေးတွေတင် လုပ်ဆောင်နေရုံနဲ့ မပြီးဘဲ တလုံးတခဲတည်းရှိနိုင်မဲ့ စစ်တပ်တစ်ခု တည်ဆောက်တာ၊ စစ်ဗျူဟာတွေ ဖော်ဆောင်ပြီး တိုက်ခိုက်တဲ့နည်းလမ်းကို စဉ်းစားသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။