ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၃၀ရက် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းများ - ဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတား ကို ဘေလီတံတားအနေနဲ့ ယာယီပြင်ဆင်မယ်
ဖမ်းဆီးခံကျောင်းသားတွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ
စစ်ကောင်စီဖမ်းဆီးထားတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)ရဲ့ ဒုဥက္ကဋ္ဌ ကိုထက်ပိုင်စိုးကို ဒီကနေ့ ဇွန်လ ၃၀ ရက်မှာပဲ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ သမဂ္ဂကနေ သိရပါတယ်။
ကိုထက်ပိုင်စိုးကို ၂၀၂၂ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ လေးထောင့်ကန်လမ်းမပေါ်မှာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၀ ည နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခံရပြီး အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာလည်းဖြစ်ပါတယ်။
ဒါဟာ အရပ်ဖက်တရားရုံးကနေချမှတ်တဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တယ်လို့လည်း ကျောင်းသားသမဂ္ဂက ဖော်ပြပါတယ်။
တခါ ဒဂုံတက္ကသိုလ်က သတ္တဗေဒမေဂျာ၊ ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်တယ်လို့ ကျောင်းသားအသိုင်းအဝိုင်းဆီက သိရပါတယ်။
မဝတ်ရည်အောင်ဟာ ပုဒ်မ ၅၀၅ က နဲ့ ထောင်ဒဏ် ၃ နှစ် ကနဦးချမှတ်ခံထားရပြီး အခု အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂ က နဲ့ပါ ထောင်ဒဏ် ၄ နှစ်ချလိုက်တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်အထိရှိလာပြီလည်း ဖြစ်ပါတယ်။
ဒဂုံတက္ကသိုလ်က ကျောင်းသားဆယ်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံရကာ နှစ်ရှည်ထောင်ဒဏ်တွေ သတ်မှတ်ခံထားရသလို ကျောင်းသား ၇ ယောက်ကိုလည်း စစ်ခုံရုံးကနေ သေဒဏ်အမိန့်ချမှတ်ထားတာလည်း ရှိနေပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ တည်တဲ့ ဘုရားကို လုပ်ငန်းရှင်တွေ အလှူငွေပေးအပ်၊ တစ်မနက်အတွင်း ကျပ် ၁၆ ဘီလီယံကျော် ရရှိ
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တည်ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တည်ဆောက်ပြီးစီးမှု အခြေအနေတွေကို မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် မနေ့က ခေါ်ယူ ရှင်းလင်းခဲ့ပါတယ်။
နေပြည်တော်မှာ ဇွန်လ ၂၉ ရက် က ပြုလုပ်တဲ့ အခမ်းအနားမှာ တစ်မနက်တည်းမှာတင် လုပ်ငန်းရှင် ၁၀၁ ဦးက ကျပ် ၁၆ ဘီလီယံကျော် အထိ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီပမာဏ ဟာ မိုခါ မုန်တိုင်းပြီးနောက်တစ်ရက်မှာ ပြန်လည်ထူထောင်ရေးအတွက် အလှူခံရရှိခဲ့တဲ့ ကျပ်ငွေ ၁၃ ဘီလီယံကျော်ထက်တောင် များပြားနေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်အားလုံး နီးပါးတက်ရောက်ကြတဲ့ ဒီအခမ်းအနား မှာ လူမြင်ကွင်းကပျောက်ကွယ်နေတဲ့ လုပ်ငန်းရှင်တွေကို စုံစုံလင်လင်တွေ့ခဲ့ရတာပါ။
CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ A Bank ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ကုန်သည်စက်မှု အသင်း ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင်၊ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်း တို့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိမှုမှာ စစ်ကောင်စီဘက်က သက်သေထွက်တဲ့ ဦးမောင်ဝိတ်နဲ့ တခြားလုပ်ငန်းရှင်အမြောက်အများကိုပါ တွေ့ခဲ့ရတာပါ။
စစ်ကိုင်း၊ စမွန်းကျေးရွာကနေ PDF တွေရဲ့ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းခံရ
ရွာထဲပစ်ခတ်မှုကြောင့် အရပ်သား ၂ ယောက်သေဆုံး
မနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေရဲ့ လက်နက်ခဲယမ်းတွေနဲ့ ကားကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ရွာထဲဝင်စီးခံရပြီး လက်နက်တွေပါသွားခဲ့တာမှန်ကန်ကြောင်း တုံ့ပြန်ကြပါတယ်။
ဒီလို ရွာထဲဝင်ရောက်စီးနင်းပြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၂ ယောက် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြေပြင်မှာရှိနေသူတွေဆီက သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ လူသေဆုံးမှုအကြောင်း ထည့်သွင်းဖော်ပြလာတာမတွေ့ရပါဘူး။
"အခုတော့ စမွန်းရွာထဲမှာမရှိတော့ပါဘူး။ အခြားကျေးရွာတွေဘက် ထပ်စစ်ကြောင်းထိုးနေတယ်။ ဒါက ရှေ့ရက်တွေက PDF အဖွဲ့ဝင်တွေအသတ်ခံလိုက်ရတဲ့ စစ်ကြောင်းပဲလေ" လို့ မြေပြင်မှာရှိနေသူတဦးက ပြောပါတယ်။
စစ်ကိုင်းမြို့နယ်ထဲက ကင်းတော်ကျေးရွာမှာလည်း ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်း သိမ်းဆည်းခံရလို့ အဖွဲ့ဝင် ၁၄ ယောက်သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းခံခဲ့ရပါတယ်။
အခုဇွန်လထဲ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေရဲ့ စခန်းတွေ ဆက်တိုက်ဝင်ရောက်စီးနင်းခံနေရပြီး လက်နက်တွေသိမ်းဆည်းခံရတာသာမက PDF အဖွဲ့ဝင်အချို့ပါ သေဆုံးထားပါတယ်။
အခု စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေဟာ ဝက်လက်မြို့နယ်နဲ့ပါ ထိစပ်နေတာကြောင့် မနေ့တုန်းက စစ်ကိုင်းမြို့နယ်ထဲ စစ်ကြောင်းထိုးနေချိန် ဝက်လက်မြို့ပေါ်တဝိုက်က ကျေးရွာတွေဘက်ကို လေကြောင်းနဲ့ တိုက်ခိုက်တာ တပြိုင်နက်တည်းလုပ်ခဲ့တယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း စမွန်းရွာအပါအဝင် ကင်းတော်၊ ဥယျာဉ်၊ လက်ပံတောနဲ့ စဉ့်ကိုင်စတဲ့ ကျေးရွာတွေထဲ ဝင်ရောက်စီးနင်းခဲ့တဲ့အကြောင်း ဒီရက်ပိုင်း သတင်းထုတ်ပြန်ထားသလို နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ကရင်နီဒေသမှာ စစ်ရှောင် ၂ သိန်း ၇ သောင်းအထိရှိလာ
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသမှာ စစ်တိမ်းရှောင်ရသူ ၂ သိန်း ၇ သောင်းအထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။ ဘီဘီစီရရှိထားတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ ကရင်နီစစ်ရှောင် ၁ သိန်းဝန်းကျင်သာရှိခဲ့တာကြောင့် တနှစ်ခွဲကာလအတွင်း ကရင်နီဒေသမှာ စစ်ရှောင် ၁ သိန်းခွဲကျော် ထပ်တိုးလာတာလည်း ဖြစ်ပါတယ်။
"အခုစစ်ရှောင်ထပ်တိုးလာတာက မယ်စဲ့ဘက်မှာ ၆ ထောင်ဝန်းကျင်၊ ဘော်လခဲ ရွာသစ်ဘက်မှာ ၂ ထောင်ဝန်းကျင်ရှိတယ်။ နန်းကစ်၊ ဖားဆောင်းမှာရော နောက် မော်ချီးဘက်ကိုသွားတဲ့ ၁၀ မိုင်ကုန်းဘက်ကိုလည်း လေကြောင်းနဲ့ လာဗုံးကြဲတော့ အသစ်ထပ်ပြေးကြရတယ်။ နောက် ဖရူဆိုအနောက်ဘက်ခြမ်းမှာလည်း လေကြောင်းလာပစ်လို့ ရွာသုံးရွာကနေ စစ်ရှောင်ထပ်တိုးလာတာရှိပါတယ်" လို့ ကရင်နီလူ့အခွင့်အရေးဆောင်ရွက်သူ ကိုဗညားက ပြောပါတယ်။
လက်ရှိမှာတော့ မယ်စဲ့တိုက်ပွဲကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဘက်ကို လူဦးရေ ၄၀၀၀ ဝန်းကျင်ခန့် စစ်တိမ်းရှောင်နေကြသလို ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံ၊ လွိုင်ကော်အရှေ့ဘက်ခြမ်းမှသာမက ပြည်နယ်ပြင်ပဖြစ်တဲ့ ဆီဆိုင်၊ လိပ်သိုစတဲ့နေရာတွေမှာပါ ကရင်နီစစ်ရှောင်တွေရှိနေတယ်လို့ ပြောပါတယ်။
ဒါကြောင့် ကရင်နီဒေသခံလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ စစ်တိမ်းရှောင်နေကြရတဲ့အနေအထားလို့ ကိုဗညားက ဆက်ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ကရင်နီဒေသအဖြစ် သတ်မှတ်ရာမှာ ဖယ်ခုံမြို့နယ်လည်း ပါဝင်ပြီး လူဦးရေ ၄ သိန်းကျော်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
စစ်ရေးတင်းမာတဲ့ဒေသဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားသလို ကုန်စည်သယ်ယူခွင့် ကန့်သတ်တာတွေလည်းရှိတာကြောင့် စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့အခက်အခဲတွေကြုံနေရတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။
စစ်ရေးအခြေအနေကလည်း ဒီရက်ပိုင်းထဲ ဘော်လခဲခရိုင်ထဲက မယ်စဲ့၊ ဖားဆောင်း၊ ရွာသစ်စတဲ့နေရာတွေမှာ နေ့စဉ်လိုလို တိုက်ပွဲတွေရှိနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူအချို့က ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် တို့ ရဲ့ အမှု ၂ ခု အတွက် ပြင်ဆင်မှုလျှောက်လဲချက်ပေးဖို့ရှိ
လာမယ့် ဇူလိုင် ၅ ရက်မှာ ပြင်ဆင်မှု လျှောက်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့် တို့ ရဲ့ အမှု ၂ ခု ကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ လျှောက်လဲချက် ကြားနာမယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ် နဲ့ အတူတရားစွဲခံရတဲ့ နိုင်ငံတော် လျို့ဝှက်ချက်အက်ဥပဒေ အတွက်ဖြစ်ပြီး ဦးဝင်းမြင့်ကတော့ ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) အမှုအတွက် ပြင်ဆင်ချက်ကြားနာမှာဖြစ်ပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၃၀ (က) မှာ ဦးဝင်းမြင့်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တာဖြစ်ပါတယ်။
'' အမှုအားလုံးကိုတော့ ပြင်ဆက်ချက် နဲ့ အထူးအယူခံတင်ထားတာမျိုးရှိတယ်ကြားတယ်။ ဒါပေမဲ့ အမှု အများစုက ပယ်ချခံရတာမျိုးဆိုတော့ လက်ရှိမှာတော့ ပြန်ကျလာလို့ ကြားနာနေတာ ဦးဖြိုးမင်းသိန်းက ရွှေနဲ့ဒေါ်လာပေးတယ်ဆိုပြီး စွပ်စွဲခံရတဲ့ အမှုရယ်၊ ဒီ ၂ မှု ရယ် ပဲရှိသေးတယ် '' လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦး ကပြောပါတယ်။
လက်ရှိ မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့သာသိရပြီး လူချင်းတွေ့ဆုံခွင့် မရလို့ ရှေ့နေအဖွဲ့က စစ်ကောင်စီကို အခုနှစ် ဇန်နဝါရီလကစပြီး ၅ ကြိမ် တိုင်တိုင် တင်ပြတောင်းဆိုထားပေမဲ့ တွေ့ခွင့်မရသေးတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၉ ခုအတွက် ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပြီး သမ္မတ ဦးဝင်မြင့်ကတော့ အမှုရှစ်မှု အတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာပါ။
မုံးပေါ် စီစီဝမ်တာပန် တောင်ကြော မှာ တိုက်ပွဲဆက်ဖြစ်မှာဒေသခံတွေစိုးရိမ်
ရှမ်းပြည်မြောက်ပိုင်း ၊ မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း)မြို့ မုံးပေါ်ဒေသ မှာ စစ်ကောင်စီနဲ့ကိုးကန့်တပ် (MNDAA)တို့ ကြား မနေ့ ဇွန် ၂၉ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
မုံးပေါ် စီစီဝမ်တာပန် တောင်ကြော နဲ့ နွားလဘို့တောင်တကြော မှာဖြစ်ပွားတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ မူဆယ် အမြောက်တပ်က လက်နက်ကြီးပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။
'' တပ် ၂ ခု ဆုံတယ်လို့ သိရတယ်။ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်တော့ ဒေသခံတွေ သွားတာလာတာရပ်လိုက်ကြပြီး နေလိုက်ကြရတယ်။ ဒီမနက် လက်နက်သံမကြားပေမဲ့ ဒေသခံတွေ ကတိုက်ပွဲ ဆက်ဖြစ်မှာ စိုးရိမ်နေတယ်။ ဒီအချိန်က စပါးစိုက်ကြတဲ့အချိန်လေ တိုက်ပွဲဖြစ်ရင် ပြေးကြရရင် အကုန်ဆုံးရှုံးမှာ '' လို့ မုံးပေါ် ဒေသ က စစ်ရှောင်ကူညီရေးစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ် နဲ့ ပြည်သူ့စစ်တပ်၊ နောက် တိုင်းရင်းသား လက်နက်ကိုင် ညီနောင် မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ ကိုးကန့် MNDAA ၊ TNLA ၊ SSPP/SSA တို့အပြင် KIA အဖွဲ့တွေ လှုပ်ရှားနေတဲ့ အဲဒီ ဒေသမှာ တိုက်ပွဲ မဖြစ်တာ လချီကြာနေပြီဖြစ်ပါတယ်။
ဖောက်ခွဲဖျက်ဆီးခံရတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ်မှာရှိတဲ့ ကျုံအိတ်တံတား ကို ဘေလီတံတားအနေနဲ့ ယာယီပြင်ဆင်ဖို့ စစ်ကောင်စီအာဏာပိုင်တွေဘက်ကလုပ်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဇွန်လ ၂၉ ရက် မနက်ပိုင်းက ဖောက်ခွဲဖျက်ဆီးခံရလို့ တစ်ဦးသေဆုံးခဲ့ပြီး ၂၀ကျော်ဒဏ်ရာရထားသလို လက်ရှိမှာ ဒဏ်ရာရသူတွေကို မော်လမြိုင်စစ်ဆေးရုံမှာကုသပေးနေတာသိရတယ်လို့ အရပ်ဘက်ကူညီရေးအဖွဲ့တချို့ကပြောပါတယ်။
'' တခြားသူဝင်လို့ မရဘူး။ သူတို့စစ်ဆေးရုံမှာကုပေးနေတာ။ လတ်တလော ကြားရတာတော့ ဒဏ်ရာပြင်းထန်ကြတယ်ကြားတယ်။ နောက်ဆုံးသတင်းက ၃ ဦးသေတယ်လို့ ပြောနေကြပေမဲ့ သေချာမသိရသေးဘူး'' လို့ ဘီးလင်း ဒေသခံတစ်ဦးကပြောပါတယ်။
KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့် ကတော့ စစ်ရေးအရစစ်ကောင် စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေကိုပြောထားပါတယ်။
လက်ရှိမှာ အဲဒီတံတားတဝိုက် လုံခြုံရေးတင်းကျပ်ထားသလို တစ်လမ်းမောင်းစနစ်နဲ့ သွားရလို့ စောင့်ဆိုင်းသွားလာရတာမျိုးရှိတယ်လို့ ယာဥ်မောင်းအချို့ကပြောပါတယ်။