ဒီဇင်ဘာ ၂၁ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သူ လွှတ်ဖို့ ထိုင်းစီစဥ်

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ နေပြည်တော် လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ နေပြည်တော် လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နဲ့ စစ်ခေါင်းဆောင်
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

လာမယ့် ရက်သတ္တပတ်အတွင်း ပြုလုပ်မယ့် မြန်မာ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူတစ်ဦး စေလွှတ်ဖို့ စီစဥ်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီယာဆက် ပွန်ကတ်ကောင်းက ဆိုပါတယ်။

ဂျပန်သတင်းဌာနဖြစ်တဲ့ NHK နဲ့ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ဝန်ကြီးက အခုလို ပြောလိုက်တာလို့ NHK က ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းဖော်ပြပါတယ်။​

"လက်ရှိအနေအထားမှာလုပ်တဲ့ ရွေးကောက်ပွဲက အကောင်းဆုံးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကောင်း သော ဖြစ်ပေါ်တိုးတက်မှုတွေအတွက် စမှတ်ဖြစ်နိုင်တယ်" လို့ ထိုင်းနိုင်ငံရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့လည်း ဒီလာမယ့်ရွေးကောက်ပွဲကတဆင့် ငြိမ်းချမ်းရေးဖြစ်စဥ်အထိ လမ်းကြောင်းပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ဖြ ည့်စွက်ပါတယ်။

ထိုင်းကနေ လေ့လာစောင့်ကြည့်သူစေလွှတ်တာဟာ မဲရလဒ်ကို တရားဝင်အသိအမှတ်ပြုတယ်လို့ ရည်ရွယ်တာမဟုတ်ဘူးလို့လည်း ထိုင်းနိုင်ငံရေးဝန်ကြီးက NHK မေးမြန်းခန်းမှာ ဖြေထားပါတယ်။

အာဆီယံကတော့ လေ့လာစောင့်ကြည့်သူစေလွှတ်တာဟာ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့တွေကို ချန်လှပ်ပြီးမှ ပြုလုပ်မယ့် ‌ရွေးကောက်ပွဲကို ထောက်ခံအားပေးရာကျနိုင်တယ်ဆိုတဲ့ တွေးဆချက်ကြောင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ မလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထားဝယ် PDF ခေါင်းဆောင်တွေ KNU တပ်မဟာ ၄ မှာနှစ်ကူးမိန့်ခွန်းပြော

စစ်ဝတ်စုံဝတ်ထားပြီး ပုခုံးဖက်ဓာတ်ပုံရိုက်နေတဲ့ ဗျူဟာမှူး စောဒါးကို(ကိုဘိတ်)၊ တပ်ရင်းမှူး မင်းသားကြီး။ နောက်ခံကတော့ ကရင်အလံနဲ့ နှစ်သစ်ကူးအခမ်းအနားအတွက် ဆင်ထားတဲ့ နောက်ခံဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၉ ရက် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားမှာ တွေ့ရတဲ့ NUGရဲ့အထူးတိုင်းစစ်ဌာနက အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို(ကိုဘိတ်)၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄ (မြိတ်-ထားဝယ်) ခရိုင်အောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဖမ်းဆီးခံခဲ့ရတဲ့ PDF ဗျူဟာမှူးနဲ့ တပ်ရင်းမှူးတို့ဟာ တပ်မဟာ ၄ နယ်မြေမှာ ပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ မိန့်ခွန်း တက်ပြောခဲ့ကြတယ်လို့ KNU တပ်မဟာ ၄ က သတင်းထုတ်လာပါတယ်။​

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အထူးတိုင်းစစ်ဌာနက အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို(ကိုဘိတ်)၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီးနဲ့ တပ်ဖွဲ့ဝင်တွေကို KNLA လက်အောက်ခံတပ်က ဒီဇင်ဘာ ၁၇ ရက်မှာ ဖမ်းဆီးမှုဖြစ်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အောက်ခြေရဲဘော်အချင်းချင်း ထိပ်တိုက်တွေ့ရာကနေ စတင်တယ်လို့ သတင်းထွက်တဲ့ အဲဒီဖမ်းဆီးမှုဖြစ်အပြီး နှစ်ဖက် ညှိနှိုင်းမှုတွေကြောင့် ထားဝယ်က PDF ခေါင်းဆောင်တွေ ရက်ပိုင်းအကြာမှာ ပြန်လွတ်လာတာဖြစ်ပါတယ်။

အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို(ကိုဘိတ်)ကလည်း ထားဝယ်ခရိုင် တပ်ရင်း ၂ ရဲဘော်တွေ ပြန်လွတ်လာပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ အစောပိုင်းကတည်းက ပြုထားပါတယ်။​

"ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူ ပြန်ရောက် ပါပြီ။ ကျွန်တော်တို့ မဟာမိတ်ညီအကိုတွေ နှစ်ဖက် သဘောထားကြီးကြီးနှင့်ညှိနှိုင်းအောင်မြင်မှုပါ" လို့ ဗျူဟာမှူး စောဒါးကိုက ဒီဇင်ဘာ ၁၉ ရက်မှာ အသိပေးတာဖြစ်ပါတယ်။​

အဲဒီနေ့က ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပြီး ဗျူဟာမှူး စောဒါးကိုနဲ့ တပ်ရင်းမှူး မင်းသားကြီးတို့က KNU မြိတ်-ထားဝယ်ခရိုင်(တပ်မဟာ ၄) က ပြုလုပ်တဲ့နှစ်သစ်ကူး အခမ်းအနားမှာ မိန့်ခွန်းပြော တယ်လို့ တပ်မဟာ ၄ က သတင်းထုတ်ပါတယ်။​

ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးမှုတွေ ဖြစ်ပြီးတဲ့နောက် နှစ်ဖက်ခေါင်းဆောင်ပိုင်းတွေက စစ်ဆေးညှိနှိုင်းတာတွေ လုပ်ခဲ့ပြီး ''အမြန်ဆုံးဖြေရှင်းမယ်" လို့ KNU မြိတ် -ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နားက ဘီဘီစီကို ဒီဇင်ဘာ ၁၈ ရက်မှာ ဖြေကြားပါတယ်။

ညှိနှိုင်းမှုအပြီး ဖမ်းဆီးထားတဲ့သူတွေ ပြန်လည်လွှတ်ပေးတာနဲ့ ပတ်သက်လို့ KNU ဘက်က ထုတ်ပြန်တာမလုပ်သလို အထူးတိုင်းစစ်ဌာနကလည်း တရားဝင်ထုတ်ပြန်တာမရှိပါဘူး။

မကွေးတိုင်း၊ ဂုတ်ကြီးရွာအနီး စစ်တပ်နဲ့ အေအေတိုက်ပွဲ ဆက်ပြင်းထန်

ကြိုဆိုပါ၏ မကွေးတိုင်းလို့ ရေးထားတဲ့ မြို့အဝင်ဆိုင်းဘုတ်အရှေ့မှာ သေနတ်ကိုင်ပြီး မတ်တပ်ရပ်နေတဲ့ စစ်ဝတ်စုံပြည့်နဲ့ အေအေတပ်ဖွဲ့ဝင် ၃ ဦး

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် မကွေးတိုင်းဝင်ပေါက်မှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက ဂုတ်ကြီးရွာအနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (အေအေ)တို့ တိုက်ပွဲ ပြင်းထန်နေတာ ၃ ရက်ဝန်းကျင်ရှိလာပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီရွာဝန်းကျင်က စစ်တပ်အထိုင်ချစခန်းတွေကို အေအေက ပြီးခဲ့တဲ့ အောက်တိုဘာမှာ သိမ်းခဲ့ပြီး ဒီစခန်းတွေကို စစ်တပ်က ပြန်လည်ရယူဖို့ ထိုးစစ်ဆင်နေလို့ ရက်ဆက်တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။

"စစ်တပ်ဘက်က အင်အားသုံး စစ်ကြောင်းထိုးတဲ့အဆင့်ပေါ့။ အေအေကတော့ မိတ်ဖက် ပူးပေါင်းအဖွဲ့တွေနဲ့ ပြန်တိုက်နေတယ်" လို့ သူကပြောပါတယ်။

စစ်တပ်စစ်ရေးသတင်းကို ‌ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ ဂုတ်ကြီးရွာဝန်းကျင်က စခန်းတွေကို ပြန်လည်ရယူလိုက်နိုင်ပြီလို့ ရေးသားနေကြပါတယ်။

ရခိုင်စစ်ရေးရင်းမြစ်ကတော့ စစ်တပ်ဘက်က အလုံးစုံပြန်သိမ်းလိုက်နိုင်တဲ့ သတင်းက မဟုတ်ဘူးလို့ ဆိုပါတယ်။

ဂုတ်ကြီးရွာက စခန်းတွေဟာ အေအေထိုးစစ်ဆင်နေတဲ့ နတ်ရေကန်စခန်းရဲ့ ကာကင်းစခန်းဖြစ်ပြီး နတ်ရေကန်စခန်းဟာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၄ အတွက် အဓိကခံစစ်စခန်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ်အများစုကို သိမ်းထားနိုင်တဲ့နောက် အာရက္ခတပ်တော် (အေအေ)ဟာ ပြည်နယ်ချင်း ဆက်စပ်နေတဲ့ ပဲခူးနဲ့ မကွေးတိုင်းထဲက ကပစစက်ရုံတွေရှိရာ လမ်းကြောကို ထိုးစစ် ဖြန့်လာခဲ့တာဖြစ်ပါတယ်။

ပုလောမြို့နယ်က CDM ကျောင်းအုပ်နဲ့ ခင်ပွန်းဖြစ်သူ အသတ်ခံရမှု တရားခံမပေါ်သေး

နေကာမျက်မှန်တပ်ပြီး ပန်းရောင်ပါတိတ် အင်္ကျီဝတ်ထားတဲ့ ဆရာမနဲ့ ဦးထုပ်ဆောင်း၊ နေကာမျက်မှန်တပ်ထားတဲ့ ဆရာမရဲ့ခင်ပွန်းတို့ရဲ့ selfie ပုံ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၁၆ ရက်က ပု‌လောမြို့နယ်၊ ဆားခဲရွာနေအိမ်မှာ သတ်ခံရတဲ့ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာမှာ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှု သီတင်းတစ်ပတ်ထဲ ဝင်လာပြီဖြစ်ပေမဲ့ တရားခံမပေါ်သေးဘူးလို့ ဒီအမှုအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။

ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ဒေါ်အေသီအောင် ခင်ပွန်းဖြစ်သူတို့ရဲ့ ရုပ်အလောင်းတွေကို ဆားခဲရွာက နေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက်တုန်းက တွေ့ခဲ့တာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ယူဆခံထားရပါတယ်။

ဒီရွာဟာ ပု‌လောမြို့နယ်ထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။

"ဒီနယ်တကြော ကလေးတွေပညာရေးအတွက် အားစိုက်လုပ်ပေးနေတဲ့ ဆရာမ အခုလို အသတ်ခံရတော့ ထိတ်လန့်မိတယ်။ ကိုယ့်လုံခြုံရေးကိုပါ စိုးရိမ်တာပေါ့။ ဒီလိုကြီး လုပ်ကြံခံရမယ်လို့ မထင်ထားဘူး။ အမှုမှန် အမြန်ဆုံးပေါ်စေချင်တယ်" လို့ ဆရာမကြီးနဲ့ စစ်ရှောင်ရင်း သိကျွမ်းခဲ့တဲ့သူက ပြောပါတယ်။

ဒေါ်အေသီအောင်ဟာ ၂၀၂၁ အာဏာမသိမ်းခင်က ပုလောမြို့ပေါ် က အမှတ် ၃ မူလွန်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM လုပ်ပြီး ပုလောမြို့နယ်၊ တော်လှန်ရေးထိန်းချုပ်နယ် မြေထဲက ကလေးတွေအတွက် ပညာ‌ရေးကို ဦးဆောင်နေခဲ့သူလို့ နီးစပ်သူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄(မြိတ်-ထားဝယ်ခရိုင်)က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) အထူးတပ်ဖွဲ့ကတော့ ကျူးလွန်သူတွေကို ရှာဖွေဖော်ထုတ်ပြီး အပြစ်ပေး အရေးယူနိုင်အောင် မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ပါတယ်။

ဘီဘီစီက KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နားကို ဒီအမှုရှာဖွေ ဖော်ထုတ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။

PNO ပြည်သူ့စစ်နယ်မြေက ဘိန်းခင်းဧက ရာချီကို ထပ်မံဖျက်ဆီးလိုက်တယ်လို့ စစ်တပ် ထုတ်ပြန်

တောင်တန်းနောက်ခံနဲ့ အနီရောင်ဘိန်းပွင့်တွေ ပွင့်နေတဲ့ အခင်းထဲ တုတ်၊ ဓားနဲ့ မြက်ရိတ်စက်ကိုင် ပြီး အပင်တွေကို ခုတ်နေကြတဲ့ ရဲတွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, စစ်ကော်မရှင် ရဲတပ်ဖွဲ့က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း ဘိန်းခင်းရှင်းလင်းဖျက်ဆီးနေတဲ့ ပုံဟောင်း

ရှမ်းပြည်နယ်ထဲ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)နယ်မြေတွေနဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ လွိုင်လင်မြို့နယ်တွေက ဘိန်းခင်းဧကပေါင်း ရာချီကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖျက်ဆီးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီနယ်တွေထဲက ဘိန်းခင်း ၂၆၈ ဧကကို ဒီဇင်ဘာ ၁၉ ရက်မှာ ဖျက်ဆီးခဲ့တာလို့ဆိုပြီး စစ်ကော်မရှင်က ဒီနေ့မှာ သတင်းထုတ်တာဖြစ်ပါတယ်။​

စစ်ကော်မရှင် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက လွိုင်လင်မြို့နယ် ဟွေတောက်ရွာအနီးက ဘိန်းခင်း ၇၃ ဧက၊ ထီကတူရွာအနီးက ဘိန်းခင်း ၈၅ ဧက၊ ဟိုပုံးမြို့နယ် လိုက်ကန်ရွာအနီးက ဘိန်းခင်း ၂၁ ဧက၊ ပင်လောင်းမြို့နယ် တောင်လေးရွာအနီးက ဘိန်းခင်း ၇၅ ဧကနဲ့ ဆီဆိုင်မြို့နယ် ထမ့်ယမ်းရွာအနီးက ဘိန်းခင်း ၁၄ ဧက ဝန်းကျင်ကို ဖျက်ဆီးခဲ့တာလို့လည်း ဆိုပါတယ်။

၂၀၂၅ ခုနှစ်မှာလည်း မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး(UNODC)က မကြာသေးခင်ကပဲ စစ်တမ်း ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃ ရက်ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီစစ်တမ်းအရ ရှမ်းပြည်နယ်က တစ်နိုင်ငံလုံးအတိုင်းအတာရဲ့ ၈၈ ရာခိုင်နှုန်းအထိ စိုက်ပျိုးတဲ့ အဓိကနယ်မြေတစ်ခုဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစီရင်ခံစာ ထွက်လာပြီးနောက်ပိုင်း ရက်ပိုင်းအတွင်းမှာပဲ စစ်ကော်မရှင်က ဘိန်းခင်းတွေကို ဖျက် ဆီးတဲ့သတင်းတွေ ဆက်တိုက်ထုတ်လာတာဖြစ်ပါတယ်။

စစ်ကော်မရှင်က ပအိုးဝ်ပြည်သူ့စစ်နယ်ထဲက ဘိန်းခင်းတွေကို ဖျက်ဆီးတာဟာ အခုတစ်ကြိမ်က ဒီဇင်ဘာလ အတွင်း တတိယအကြိမ်ဖြစ်ပြီး အခုတစ်ကြိမ်နဲ့ဆို စစ်ကော်မရှင်က ဖျက်ဆီးလိုက်တယ်ဆိုတဲ့ဘိန်းခင်းစုစုပေါင်း ဧက ၅၀၀ နီးပါး ကပ်လာပါတယ်။

UNDOC အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်မှာ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမြေ ၃၉,၇၀၀ ဟက်တာရှိပြီး ဒီနှစ်မှာ ၄၆,၇၀၀ ဟက်တာ ရှိလာပါတယ်။

ရှမ်းအရှေ့နဲ့ ရှမ်းတောင်က အဓိကစိုက်ပျိုးဒေသတွေ ဖြစ်ပါတယ်။

ရှမ်းအရှေ့ပိုင်းက ဒီနှစ်ထဲမှာ ဘိန်းစိုက်ခင်း ၃၂ ရာခိုင်နှုန်းအထိ တိုးစိုက်လာပြီး စိုက်ပျိုးမှုအတိုးလာဆုံးဒေသဖြစ်နေပါတယ်။

ထုတ်လုပ်မှုအပိုင်းမှာလည်း မြန်မာဟာ ဒီနှစ်ထဲ ဘိန်းတန်ချိန် ၁,၀၁၀ ထုတ်ခဲ့တာကြောင့် ဒီပမာဏဟာ တချိန်က ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ၂၀၂၅ ခုနှစ် ဘိန်းထုတ်လုပ်မှုရဲ့ ၂ ဆရှိနေတယ်လို့ UNODC ကဆိုပါတယ်။

CDF ပလက်ဝက လူငယ်တွေကို မြို့နယ်ပြင်ပ ထွက်ခွင့်ကန့်သတ်

သေနတ်ထမ်းပြီး တန်းစီရပ်နေကြတဲ့ စစ်ဝတ်စုံပြည့်နဲ့ ချင်းတပ်ဖွဲ့ဝင်လူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, CDF Paletwa

ဓာတ်ပုံ ပုံစာ, CDF ပလက်ဝတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝ(CDF ပလက်ဝ) က လူငယ်လူရွယ်တွေကို မြို့နယ်ပြင်ပ ထွက်ခွာခွင့် ကန့်သတ်လိုက်တယ်လို့ ဒီဇင်ဘာ ၂၀ ရက်က ထုတ်ပြန်ပါတယ်။

မနေ့ ဒီဇင်ဘာ ၂၀ ကစလို့ လူငယ်လူရွယ်တွေကို အခုလိုကန့်သတ်လိုက်တာဖြစ်ပြီး ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေကြောင့် မြို့နယ်ပြင်ပ ထွက်မှာကိုတော့ ခွင့်ပြုထားတယ်လို့လည်း ထုတ်ပြန်ချက် မှာ ဆိုထားပါတယ်။

"ဒီလိုပိတ်ပင်တာက အလုပ်မဖြစ်ပါဘူး။ ခိုးထွက်ကြတာပဲ။ ဆေးကုမယ်ဆိုပြီး ပျောက်သွားကြတာလည်းရှိတယ်။ တဖက်မှာလည်း လမ်းမှာ စကစဘက်က ဖမ်းလိုက်သူတွေလည်းရှိတယ်" လို့ ပလက်ဝမြို့နယ်ရဲ့ အခြေအနေသိရှိတဲ့ ချင်းလူငယ်တစ်ဦးက ပြောပါတယ်။

အရွယ်ရောက်ပြီးသူ လူငယ်တွေလို့ CDF ပလက်ဝက သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ အသက်ကန့်သတ်ချက်အတိအကျတော့ ဖော်ပြထားတာ မရှိပါဘူး။

ဒေသတွင်းက လူငယ်တွေအနေနဲ့ CDF ပလက်ဝနဲ့ ပူးပေါင်းပြီး ဒေသကာကွယ်ရေးတာဝန်ထမ်း ဆောင်ရမှာ တာဝန်တစ်ရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် မြို့နယ်ထဲက လူငယ်တွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ဖို့ စုဆောင်းသွား နိုင်တယ်လို့ နားလည်ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက CDF ပလက်ဝ ပြောခွင့်ရသူထံ ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒီလို မြို့နယ်တွင်းက ထွက်ခွာခွင့်ကန့်သတ်တာကို ၂၀၂၂ ခုနှစ်အတွင်းကလည်း မင်းတပ်မြို့နယ်မှာ ကြေညာချက်ထုတ်ခဲ့ဖူးပြီး ကန့်ကွက်မှုတွေရှိနေတာကြောင့် ပြန်လည်ဖြေလျော့တာတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားပြီး မြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ)ရဲ့ အုပ်ချုပ်ရေးပိုင်းကလွဲရင် စတားလင့်ခ်သုံးခွင့်မရတာကြောင့် ပလက်ဝလူငယ်တွေရဲ့ သဘောထားအမြင်ကိုတော့ တိုက်ရိုက်ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကို အေအေက သိမ်းထားပြီး အုပ်ချုပ်ရေးဦးဆောင် လည်ပတ်နေပြီး CDF ပလက်ဝကလည်း တချို့ဖွံ့ဖြိုးရေးအပိုင်းတွေ လုပ်ဆောင်နေတာကို အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ အေအေက နယ်မြေအများဆုံးထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ထဲမှာ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်ခံရတာတွေ မရှိပေမဲ့ ချင်းတပ်ဖွဲ့တွေဘက်က ကာကွယ်ရေး ထဲဝင်ရောက်ဖို့ ခေါ်ဆောင်တာတွေရှိနေတာ ဖြစ်ပါတယ်။