ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှား ရွေးကောက်ပွဲကို အနောက်က ရှုတ်ချပေမဲ့ ပူတင် အနိုင်ရတာကို တရုတ်နဲ့ အိန္ဒိယက ဂုဏ်ပြု သတင်းနဲ့ မတ်လ - ၁၈ ရက် နိုင်ငံတကာသတင်းများ
ဗလာဒီမီယာ ပူတင်က တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ရုရှား သမ္မတရွေးကောက်ပွဲကို ဥရောပ သမဂ္ဂက ရှုတ်ချလိုက်ပါတယ်။
စနစ်တကျ ဖိနှိပ်ထားတဲ့ အောက်မှာ ရုရှားဟာ နိုင်ငံရေး လွတ်လပ်ခွင့် နည်းပါး နေပြီး အဲဒီအခြေအနေ အောက်မှာ လုပ်တဲ့ ရွေးကောက်ပွဲပဲလို့ ဥရောပ သမဂ္ဂက ပြော ပါတယ်။
သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာလုပ်တဲ့ ရွေးကောက်ပွဲတွေကလည်း တရားမဝင်ဘူးလို့ သူတို့က ပြောပါတယ်။
ဒါပေမဲ့ ဒီရွေးကောက်ပွဲ ရလဒ်ကို အီရန်၊ မြောက်ကိုရီးယား၊ ဘေလာရုစ်၊ တရုတ် ၊ အိန္ဒိယ တို့အပါအဝင် ရုရှားရဲ့ မဟာမိတ်နိုင်ငံတွေက ကြိုဆိုလိုက်ပါတယ်။
၂ နိုင်ငံကြားဆက်ဆံရေးကို တိုးမြှင့် သွားရေးအတွက် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ မစ္စတာ ပူတင်တို့ စကားပြောခဲ့ကြပါတယ်။
ရုရှား ခေါင်းဆောင်က သူ့အဆိုအရ နိုင်ငံတကာ ဆက်ဆံရေးမှာဖြစ်နေတဲ့ ဘုံ ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် သူ ကူညီသွားမယ်လို့ ဆိုပါတယ်။
ဂါဇာမှာ ငတ်မွတ်မယ့်ဘေးဆိုက်နိုင်
ဂါဇာကမ်းမြှောင်မြောက်ပိုင်းမှာ အခုအချိန်ကနေ မေလအထိ ငတ်မွတ် ခေါင်းပါး မယ့်ဘေး ဆိုက်နိုင်တယ်လို့ ကုလသမဂ္ဂကထောက်ခံထားတဲ့ အစီရင်ခံစာ အသစ်တခုက ဆိုပါတယ်။
ဂါဇာလူဦးရေ တဝက်နီးပါးလောက်က အလွန် ဆာလောင်မွတ်သိပ်တဲ့ ဒဏ်ကို ခံစား နေကြရပြီလို့လည်း အဲဒီအစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဘရပ်ဆဲလ်မှာလုပ်တဲ့ ဂါဇာ အကူအညီဆိုင်ရာ ညီလာခံမှာ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာအကြီးအကဲ ဂျိုးဆက် ဘိုရဲလ်က အဲဒီနယ်မြေအတွင်းမှာ အစ္စရေးက ငတ်မွတ်ခေါင်းပါးအောင် လုပ်နေတယ်လို့ ပြောလိုက်ပါတယ်။
ဒီကာလမှာပဲ အစ္စရေး တပ်တွေက ဂါဇာမှာ အကြီးဆုံးဆေးရုံဖြစ်တဲ့ အယ်လ် ရှီးဖား ဆေးရုံကို နောက်တကြိမ်ထပ်မံ စီးနင်းနေပြီး ဆေးရုံထဲနဲ့ အနားက လူတွေကို အဝေးကို သွားကြဖို့ အမိန့်ပေးနေပါတယ်။
အဲဒီ ဆေးရုံဝင်းကို အမိန်ပေး စင်တာအဖြစ် အသုံးပြုနေတဲ့ ဟားမတ်စ်တွေကို ဖမ်းဆီးဖို့ ရည်ရွယ်တာလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
သေနတ်သမားတွေက အစ္စရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့တဲ့နောက် လူအတော် များများ သေဆုံးတာတွေ၊ ထိခိုက်တာတွေ ဖြစ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဆေးရုံဝင်ပေါက်မှာ မီးလောင်တာတွေ ဖြစ်ခဲ့ပြီး ဆေးရုံထဲက အမျိုးသမီးတွေနဲ့ ကလေးတွေဟာ အသက်ရှူမရပဲ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ ဟားမတ်စ်တို့ ဦးစီးနေတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်မှာ လက်ထပ်တဲ့နှုန်း တက်လာ
တရုတ်နိုင်ငံမှာ လက်ထပ်ဖို့ ဆုံးဖြတ်ကြတဲ့ စုံတွဲအရေအတွက်ဟာ ၉ နှစ်အတွင်း အမြင့်ဆုံးကို တက်လာပါတယ်။
ပြည်သူ့ရေးရာ ဝန်ကြီးဌာနက စာရင်းတွေအရ ၂၀၂၃ မှာ အရင်နှစ် ၂၀၂၂ ထက်စာရင် လက်ထပ်စုံတွဲ အရေအတွက်က ၂၀.၄ ရာခိုင်နှုန်း တက်လာပါတယ်။
တရုတ်မှာ မွေးဖွားနှုန်းက စံချိန်တင် ကျဆင်းလာနေတဲ့အတွက် လူဦးရေ တိုးပွားဖို့ အရေး မောင်မယ်စုံတွဲတွေ လက်ထပ်ကြဖို့ တရုတ်အစိုးရက တိုက်တွန်းလာနေ ခဲ့တာပါ။
စီးပွားရေး နှေးကွေးလာတဲ့အတွက် တရုတ်မှာ လူအများအပြားက တကိုယ်တည်းပဲ နေကြဖို့ ကို ပိုပြီးရွေးချယ်လာခဲ့ကြပါတယ်။
အိမ်ခြံမြေ ဥပဒေတွေမှာ ပိုင်ဆိုင်ခွင့်ကို အမျိုးသားကို ဦးစားပေးထားတဲ့ အတွက် ကြောင့်လည်း အမျိုးသမီးတွေက လက်ထပ်ဖို့ကို စိုးရိမ်ကြတယ်လို့ သိရပါတယ်။
အခိုးခံရတဲ့ တန်ဖိုးကြီး လက်ပတ်နာရီတွေ
ကမ္ဘာမှာ လက်ပတ်နာရီဆိုင်ရာ အချက်အလက်တွေကို စုဆောင်းတဲ့ ဌာနက ပြီးခဲ့တဲ့နှစ်အတွင်း အခိုးခံရတဲ့ တန်ဖိုးကြီးလက်ပတ်နာရီတွေရဲ့ စုစုပေါင်း တန်ဖိုး ပမာဏက ၁.၉ ဘီလျံဒေါ်လာ အထိရှိခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၂ လတွင်း ပျောက်ဆုံးသွားတဲ့ ဒါမှမဟုတ် အခိုးခံလိုက်ရတဲ့ လက်ပတ် နာရီတွေရဲ့ တန်ဖိုးပမာဏက အရင်တုန်းကထက် ၃ ဆ တက်ခဲ့တယ် လန်ဒန်မှာ အခြေစိုက်တဲ့ Watch Register အဖွဲ့က ပြောပါတယ်။
ရာဇဝတ်ဂိုဏ်းတွေကြားမှာ တန်ဖိုးကြီး လက်ပတ်နာရီတွေက ငွေကြေးလို အသုံးချလာနေပြီး ကမ္ဘာ့တိုက် တခုကနေ နောက်တခုကို ကုန်သွယ်နေကြတယ်လို့ Watch Register database ရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ကက်ယာ ဟေးလ်စ် က ပြောပါတယ်။
သူတို့အဖွဲ့က တန်ဖိုးကြီးနာရီတွေကို စာရင်းပြုစုပြီး အခိုးခံရတဲ့ နာရီတွေ ဘယ်မှာ ရှိနိုင်တယ်ဆိုတာကို ရဲတွေ နဲ့ သက်ဆိုင်သူအတွက် အကူအညီပေးနိုင်သလို၊ တန်ဖိုးကြီး လက်ပတ်နာရီ ဝယ်ချင်၊ ရောင်းချင်သူတွေ ယုံကြည်စိတ်ချစွာ ကုန်သွယ် လို့ ရအောင် ဖန်တီးပေးထားတာလို့ သူက ပြောပါတယ်။