ရန်ကုန်မြို့ပြ ချမ်းသာနည်း၊ အချစ်နဲ့ ပီမိုးနင်း

ဓာတ်ပုံ ရင်းမြစ်, Archive
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
ခေတ်သစ်ရုရှားစာပေဟာ စာရေးဆရာကြီး ဂိုဂိုးလ်ရဲ့ ကုတ်အင်္ကျီဝတ္ထုက ဆင်းသက်လာတယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။ ခေတ်သစ်မြန်မာစာပေဟာလည်း စာရေးဆရာကြီး ပီမိုးနင်းရဲ့ နေရီရီ၊ နေညိုညိုစတဲ့ ဝတ္ထုတွေက ဆင်းသက်လာတယ်လို့ ဆိုနိုင်ပါတယ်။
ခေတ်သစ်မြန်မာဝတ္ထုဟာ ဂျိမ်းစ်လှကျော်ရဲ့ ၁၉ဝ၄ က မောင်ရင်မောင် မမယ်မက အစပြုတယ်လို့ ဆိုကြပေမယ့် မြန်မာဝတ္ထုကို ခေတ်မီအရေးအသားနဲ့ လူတွေကြား ပြန့်ပွားစေသူတွေကတော့ ပီမိုးနင်းနဲ့ ရွှေဥဒေါင်းတို့ ဖြစ်ပါတယ်။ ဒီထဲက ရွှေဥဒေါင်းရဲ့ စာပေလက်ရာတွေကို လူကြိုက်များဆဲ ဖြစ်ပေမယ့် ပီမိုးနင်းရဲ့ ဝတ္ထုတွေကိုတော့ မေ့ပျောက်နေကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရေးတဲ့ တက်ကျမ်းတွေနဲ့ လူငယ်လမ်းညွှန်စာအုပ်တွေကို မြန်မာပြည်အရပ်ရပ်မှာ ဖတ်တဲ့ပရိသတ်က ကြီးနေဆဲ ဖြစ်ပါတယ်။
နောက်ပြီး ပီမိုးနင်းစာပေအရေးအသားတွေထဲက ခေတ်မီမှု၊ အမျိုးသမီးနဲ့ လူမျိုးရေးအမြင်တွေက ခုထိ မြန်မာစာပေနဲ့ လူမှုလောကမှာ သြဇာညောင်းနေတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပွဲစားကြီးသားအဖနဲ့ နေရီရီ
၁၉ဝ၄ မှာ ပေါ်ထွန်းလာတဲ့ အနောက်တိုင်းပုံစံ မြန်မာဝတ္ထုရှည်အရေးအသားဟာ ၁၉၁ဝ ပြည့်လွန်နှစ်တွေထဲထိ အစဉ်အလာ ဇာတကဝတ္ထုပုံစံတွေနဲ့ ရောပြွမ်းနေပါတယ်။ ဝန်စာရေးဦးကြီးရဲ့ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း၊ ဦးလတ်ရဲ့ စပယ်ပင်နဲ့ ရွှေပြည်စိုး၊ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ မောင်သောက အိပ်မက်ခန်းနဲ့ ခင်မြင့်ကြီး ၊ မစ္စတာမောင်မှိုင်းရဲ့ မှာတော်ပုံ စတဲ့ အစောပိုင်း ဝတ္ထုတွေဟာ ဆုံးမစာ ကဗျာလင်္ကာတွေ ဝေဝေဆာဆာနဲ့ ဇာတ်ဆန်တဲ့ အရေးအသားတွေ ဖြစ်ခဲ့ပါတယ်။ ရွှေဥဒေါင်းရဲ့ ရတနာပုံနဲ့ ရန်ကြီးအောင် ဆိုတဲ့ အစောပိုင်း ဝတ္ထုတွေမှာတောင် ဝါကျရှည်ရှည်နဲ့ ကုန်းဘောင်လေတွေ ပါခဲ့ပါတယ်။
ဒါကြောင့် ပီမိုးနင်းရဲ့ ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့် ၊ ပွဲစားကြီးသားအဖနှင့်မြမြ စတဲ့ ဝတ္ထုတွေ ခေတ်ရောက်မှပဲ ခေတ်နဲ့စရိုက်ကို ထင်ဟပ်ပြီး အရေးအသားသွက်လက်တဲ့ ခေတ်မီဝတ္ထုပုံစံ ပေါ်ထွန်းလာတယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်ကြောင်းနဲ့မဆိုင်တဲ့ စကားအပိုတွေ မပါတော့ဘဲ ဇာတ်ကွက်ဖွဲ့ပုံမှာလည်း အနောက်တိုင်းပုံစံဝင်လာခဲ့ပါတယ်။ ပီမိုးနင်းရဲ့ ခေတ်ဆန်တဲ့ အရေးအသားဟာ ၁၉၃ဝ ကျော်က ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ခေတ်စမ်းစာပေ ပေါ်ထွန်းမှုအပေါ် သြဇာညောင်းပြီး လွတ်လပ်ပြီးခေတ် ရုံးသုံးနဲ့ ကျောင်းသုံးမြန်မာစာ၊ ရသစာပေတွေအပေါ် သက်ရောက်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Archive
ပီမိုးနင်းရဲ့ ဝတ္ထုတွေဟာ အဲဒီခေတ် ဗြိတိန်မှာ ခေတ်စားတဲ့ အပျော်ဖတ် အချစ်ဝတ္ထုတွေကို မှီးတာများပြီး နေရီရီဟာ ချားလ်စ်ဂါးဗစ်ရဲ့ မိန်းကလေးတယောက်ကိုမှီးတာလို့ မလိခရဲ့ မြန်မာဝတ္ထုအညွှန်းမှာ ပါရှိပါတယ်။ ရွှေဥဒေါင်းရဲ့ ရှားလော့ဟုမ်းကို မြန်မာမှုပြုတဲ့ စုံထောက်မောင်စံရှားအရင် ပီမိုးနင်းရဲ့ စုံထောက်မောင်ရွှေရ၏စွန့်စားခန်းက ၁၉၁၅ မှာပေါ်ထွက်ခဲ့ပါတယ်။ နေရီရီနဲ့ အပြိုင်ကျော်ကြားတဲ့ နေညိုညိုဝတ္ထုဟာလည်း ကိုလိုနီခေတ် မြန်မာစာပေမှာ လူ့သဘာဝလူ့စရိုက်ပေါ်လွင်ပြီး ခေတ်မီအရေးအသားတွေပါရုံမက အမျိုးသမီးရေးနဲ့ စာပေခေတ်မီရေးတွေကို ဆွေးနွေးတဲ့ အစောဆုံးဝတ္ထုအဖြစ် ထင်ရှားခဲ့ကြောင်း ရုရှားစာပေသုတေသီမလှကျော့က သမုဒ္ဒရာနှင့် ရေတစက် စာအုပ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုလိုနီလူ့ဘောင်ကို မီးမောင်းထိုးသူ
ပီမိုးနင်းရဲ့ ဝတ္ထုတွေဟာ အချစ်ဝတ္ထုတွေ များတယ်ဆိုကြပေမယ့် အချစ်သက်သက်ချည်းမဟုတ်ပါဘူး။ အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းလိုပဲ ငယ်စဉ်ဘဝမှာ ဆင်းရဲနွမ်းပါးပြီး မတည်ငြိမ်ခဲ့တဲ့ ပီမိုးနင်းဟာ အဲဒီခေတ် မြန်မာနိုင်ငံမှာ တွေ့ရတဲ့ ပညာကို သေချာမသင်ခဲ့ရတဲ့ ကျေးလက်က လူငယ်အလုပ်လက်မဲ့တွေအကြောင်း စာဖွဲ့ခဲ့ပါတယ်။ ဗြိတိသျှအုပ်စိုးမှုအောက်မှာ နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာပေမယ့် မြန်မာအများစု အကျိုးမခံစားရတာကိုလည်း သူ့ဝတ္ထုတိုရှည်တွေကနေ ထောက်ပြပါတယ်။ ဒါကြောင့် သားဂုဏ်ရည်၊ သမီးဂုဏ်ရည်ကျမ်းတွေရေးပြီး လူငယ်လမ်းညွှန်တွေ ပြုစုခဲ့တဲ့ ပီမိုးနင်းရဲ့ ဝတ္ထုတွေမှာ အချစ်အလွမ်းအသော ဇာတ်ကွက်တွေအပြင် လူငယ်တွေကို အားပေးတဲ့ အောင်ဝတ္ထုဇာတ်ကွက်တွေလည်း ပါခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒီဝတ္ထုတွေဟာ ခေတ်ပြိုင် ရန်ကုန်မြို့ပြရဲ့ ခမ်းနားခေတ်မီမှုကို ကျေးလက်နယ်မြို့တွေရဲ့ နွမ်းပါးခေတ်နောက်ကျမှုနဲ့ ယှဉ်ပြပါတယ်။ တမြို့တည်း တရွာတည်းက လူနေမှုမတူတဲ့ လူ့အလွှာအသီးသီးက ကွဲပြားတဲ့ လူ့ဘဝလူ့အမြင်တွေကိုလည်း ဖော်ထုတ်ပါတယ်။ ဒါကြောင့် ပီမိုးနင်းဟာ လက်ဝဲစာရေးဆရာမဟုတ်ပေမယ့် လူချမ်းသာတွေအကြောင်းကိုပဲ စာဖွဲ့တဲ့ စိတ်ကူးယဉ်စာရေးဆရာ မဖြစ်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလိုစာဖွဲ့ရာမှာ မြို့ပြခေတ်မီမှုတွေသာမက ကျေးလက်က ခေတ်ဟောင်းစရိုက် မကုန်သေးသူတွေရဲ့ ဘဝတွေကိုပါ ပီမိုးနင်း စာဖွဲ့ခဲ့ပါတယ်။ တချို့ဝတ္ထုတိုတွေက ရိုးရာပုံပြင်ဆန်ပြီး တချို့ကတော့ အနောက်တိုင်းဝတ္ထုတွေကို မှီငြမ်းတာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ကိုလိုနီခေတ် ကျေးလက်က ကာလသားတွေ ၊ လုံမပျိုတွေနဲ့ လူမိုက်တွေ၊ ဘုန်းတော်ကြီးနဲ့ လူချမ်းသာတွေရဲ့ ပုံရိပ်တွေဟာ မြို့ပြက ပညာတတ်တွေ၊ အလုပ်သမတွေနဲ့ နိုင်ငံရေးသမားတွေအကြောင်း စာပန်းချီမှုန်းတာတွေလိုပဲ မြန်မာစာပေမှာ ကျန်ရစ်ခဲ့ပါတယ်။ ပီမိုးနင်းစာတွေဟာ ပြင်သစ်က ၁၉ ရာစု ဝတ္ထုရေးဆရာ မိုပါဆွန်းလိုပဲ အလွမ်းအသော လူ့သဘာဝတွေကို ဖော်ကျူးနိုင်အောင် ကြိုးစားတယ်ဆိုပြီး မောင်ထင်က မှတ်ချက်ချခဲ့ပါတယ်။
ဒီလို အချစ်အလွမ်းဖွဲ့တွေသာမက အနောက်နိုင်ငံတွေထက် ရာစုနှစ်တွေနဲ့ချီ နောက်ကျနေတဲ့ မြန်မာလူ့ဘောင်ကို ပဒေသရာဇ်အတွေးအမြင်တွေက ရုန်းထွက်ပြီး ခေတ်မီနိုင်ငံထူထောင်ဖို့မှာလည်း ပီမိုးနင်းရဲ့ တက်ကျမ်းတွေနဲ့ ဝတ္ထုတွေက လမ်းပြခဲ့ပါတယ်။ လူကြီးရှေ့ ခါးကုန်းလျှောက်တဲ့ မြန်မာဓလေ့ကိုပယ်ပြီး အနောက်နိုင်ငံသားတွေလိုပဲ ခါးမတ်ဆန့်တန်းပြီး ရဲရဲရင့်ရင့် လျှောက်ကြဖို့ ပီမိုးနင်း ဆော်သြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာလပေါ် အမျိုးသမီးနဲ့ အချစ်
ပီမိုးနင်းဝတ္ထုနဲ့ တက်ကျမ်းတွေမှာ အမျိုးသမီးတိုးတက်ရေးနဲ့ အမှီအခိုကင်းရေးကို အားပေးတယ်ဆိုပြီး ဆိုစမှတ် ရှိသလို အိမ်ထောင်လမ်းညွှန်ကျမ်းတွေမှာလည်း လိင်မှုကိစ္စမှာ အမျိုးသမီး စိတ်ကျေနပ်မှုရဲ့ အရေးကြီးပုံကို မြန်မာစာရေးဆရာတွေထဲက အစောဆုံး ထောက်ပြခဲ့သူဆိုပြီး ချီးကျူးကြပါတယ်။ တခြားဘက်မှာတော့ ပီမိုးနင်းရေးတဲ့ စာတွေမှာ အမျိုးသမီးတွေရဲ့ အိမ်ထောင်ဘက် ရွေးချယ်ခွင့်မှာ နိုင်ငံခြားသားနဲ့ လက်ထပ်မှုကို ဆန့်ကျင်သူအဖြစ် တွေ့ရပါတယ်။
ဒီမှာ အိန္ဒိယနွယ်ဖွားနဲ့ မြန်မာပြည်ပေါက် မွတ်ဆလင်တွေနဲ့ မြန်မာအမျိုးသမီး လက်ထပ်မှုကို ဆန့်ကျင်တဲ့ ပီမိုးနင်းရဲ့ လက်ရာတွေကို သူ့ဝတ္ထုတိုတွေမှာ အများအပြား တွေ့ရပါတယ်။ ပီမိုးနင်းရဲ့ နံပြားနှင့်ကုလား ဝတ္ထုမှာ လက်ဖက်ရည်ဆိုင်က နံပြားအဆစ်ရလိုဇောကြောင့် သမီးနဲ့ အိန္ဒိယအမျိုးသား အိမ်ထောင်ပြုသွားတဲ့ မြန်မာမိသားစုဘဝကို ရေးဖွဲ့သလို ကုလားတို့ရွာမှာတော့ အိန္ဒိယနွယ်ဖွားတွေ ရှိတဲ့ရွာမှာ ပြောင်းနေရင်း သမီးနဲ့ မြန်မာမွတ်ဆလင်လူငယ်တယောက် လက်ထပ်ကြပေမယ့် သားဖြစ်သူကတော့ မွတ်ဆလင်အမျိုးသမီးနဲ့ လက်ထပ်ခွင့်မရတဲ့ မြန်မာမိသားစုအကြောင်း ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒါကြောင့် နေရီရီ၊ နေညိုညိုနဲ့ တကိုယ်တော် စတဲ့ ဝတ္ထုတွေမှာ ဖျတ်လတ်ခေတ်မီတဲ့ အင်္ဂလိပ်စာတတ် မြန်မာအမျိုးသမီးတွေကို ဇာတ်ကောင်ထားခဲ့တဲ့ ပီမိုးနင်းဟာ ပညာမတတ် နွမ်းပါး ခေတ်နောက်ကျတဲ့ အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးကိစ္စမှာတော့ ရှေးရိုးဆန်တာကို တွေ့ရပါတယ်။ ခေါက်ဆွဲစားမလား ဝတ္ထုမှာ ကျေးလက်က မြန်မာလူငယ်နဲ့ အင်္ဂလိပ်ကပြား အမျိုးသမီးရဲ့ အချစ်ကို စာဖွဲ့ခဲ့တဲ့ ပီမိုးနင်းဟာ မြန်မာအမျိုးသမီးနဲ့ လူမျိုးမတူ ဘာသာမတူသူတွေကြား လက်ထပ်ရေးမှာ ခေတ်ပြိုင် မြန်မာနိုင်ငံရေးသမား၊ စာသမားတွေရဲ့ ဝံသာနုလှိုင်းကို မကျော်နိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပီမိုးနင်း၊ ဗိုလ်အောင်ကြီးနဲ့ စျေးကွက်စီးပွားရေး
ပီမိုးနင်းဟာ မြန်မာပြည်ရဲ့ ဘင်ဂျမင် ဖရန်ကလင် ခေါ်ရလောက်အောင် စာစုံရေးခဲ့သူဖြစ်ပါတယ်။ ဒီလိုရေးနိုင်ဖို့လည်း ပီနန်က ကက်သလစ်ရဟန်းဖြစ်သင်ကောလိပ်မှာ ယုတ္တိဗေဒ၊ လူထဲ စကားပြောနည်း၊ လက်တင်ဘာသာနဲ့ လောကီပညာတွေကို သင်ယူခဲ့သလို မြန်မာပြည်ပြန်အရောက်မှာလည်း လယ်တီဆရာတော်ဆီမှာ ရဟန်းဘဝနဲ့ ဗုဒ္ဓစာပေတွေ သင်ကြားခဲ့ပါတယ်။ လူတွေရဲ့ စိတ်သဘာဝကို လေ့လာရတာ နှစ်ခြိုက်တဲ့ ပီမိုးနင်းဟာ အနောက်တိုင်းက စိတ်ပညာနဲ့ တက်ကျမ်းစာအုပ်တွေကို မြန်မာလူထုနဲ့ မိတ်ဆက်ပေးသလို ကုန်သည်အိတ်ဆောင်ကျမ်းလို စီးပွားရေးလမ်းညွှန်တွေကိုလည်း ရေးထုတ်ခဲ့ပါတယ်။
ဒါကြောင့် အမေရိကန် စာကြည့်တိုက်ပညာရှင် ဂျွန်ဘက်ဂျ်လေက ပီမိုးနင်းရဲ့ စီးပွားရေးအသားပေးလမ်းကြောင်းဟာ ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ အိမ်စောင့်အစိုးရခေတ်ထိ လွှမ်းမိုးခဲ့တယ်လို့ သူ့ရဲ့ မြန်မာပညာတတ်များနဲ့ အမျိုးသားအမြင် စာတမ်းမှာ သုံးသပ်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းဟာ ပီမိုးနင်းရဲ့ လက်ယာလမ်းနဲ့ ဓနရှင်လောကစာအုပ်ရေးတဲ့ သခင်ဗဟိန်းရဲ့ လက်ဝဲလမ်းဆိုပြီး ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပီမိုးနင်းလမ်းဟာ ၁၉၆၃ မှာ မှေးမှိန်သွားပေမယ့် ၁၉၈၈ နောက်ပိုင်းမှာတော့ စျေးကွက်စီးပွားရေးအမည်နဲ့ ပြန်ခေါင်းထူလာခဲ့ပါတယ်။ ပီမိုးနင်းဟာ စီးပွားရေးအရ မြန်မာတွေ အမြင်ကျယ်ဖို့ ကိုယ့်ဒူးကိုယ်ချွန်၊ ဘဝတိုက်ပွဲနှင့် ထူးချွန်ရေး ၊ ချွေတာရေး လက်စွဲ စတဲ့ စာတွေ ပြုစုခဲ့ပါတယ်။ ဒေးလ်ကာနက်ဂျီရဲ့ လူပေါ်လူဇော်လုပ်နည်းကိုလည်း ဦးနုထက်အရင် မြန်မာပြည်မှာ မိတ်ဆက်ပေးခဲ့သူလို့ ဆိုစမှတ် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
နိုင်ငံရေးမိတ်ဆက်ဆရာ
ဒီလို လက်ယာလမ်းကြောင်းလိုက်တယ်လို့ ယူဆခံရတဲ့ ပီမိုးနင်းဟာ တကယ်တော့ မြန်မာပြည်မှာ နဂါးနီစာအုပ်တိုက်မထူထောင်ခင်မှာ ဆိုရှယ်လစ်ဝါဒအကြောင်းကို တိုင်းရေးပြည်ရေး ပေါက်နှင့်ကျေး ဆိုပြီး ၁၉၃၇ မှာ ကျမ်းတစောင်ရေးဖွဲ့ခဲ့သူ ဖြစ်ကြောင်း မြင့်ဆွေရဲ့ ဆရာပီမိုးနင်းနှင့် လမ်းညွှန်ဂျာနယ် ဆောင်းပါးမှာ ပါရှိပါတယ်။ နောက်ပြီး ၁၉၂၃ ကတည်းက နိုင်ငံရေးအခြေပြုကျမ်း ရေးပြီး ပိုလစ်တီကယ်အက်ကိုနော်မီခေါ် နိုင်ငံကြီးပွားရေးစည်းကမ်းနည်းလမ်းပညာ၊ ဆိုဘရင်းတီးခေါ် တိုင်းပြည်၌ အကြီးဆုံးအချုပ်အခြာအာဏာ၊ ကွန်စတီကျူးရှင်းခေါ် အုပ်ချုပ်စီမံခြင်းနည်းလမ်း၊ ယူနစ်တရီနဲ့ ဖယ်ဒရယ်အုပ်ချုပ်နည်း၊ ဒီမိုကရေစီအုပ်ချုပ်ရေး စတဲ့ စကားလုံးတွေနဲ့ မြန်မာလူထုကို မိတ်ဆက်ပေးခဲ့တယ်လို့လည်း ဒေါက်တာခင်မောင်ညွန့်က ရေးခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်မဖြစ်ခင်က အာရှမှာ တဟုန်ထိုး စစ်ရေးအာဏာတက်လာတဲ့ ဂျပန်ကို မြန်မာတွေ အားကျကြပေမယ့် ပီမိုးနင်းကတော့ ဂျပန်ကို ကြပ်ကြပ်သတိထားဆိုတဲ့ ဆောင်းပါးမျိုးနဲ့ ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
လမ်းသစ်နဲ့ ကြာပွင့်
ပီမိုးနင်းဟာ မြန်မာရုပ်ရှင်ရဲ့ ပထမဆုံး ဇာတ်ညွန်းရေးဆရာကြီးဖြစ်သလို မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိတွေထဲမှာလည်း ရှင်အာဒိစ္စဝံသနောက်မှာ လူဝတ်ကြောင်ထဲက စာတအုပ်ရေးထုတ်နိုင်တဲ့အထိ ရေးခဲ့သူဖြစ်ပါတယ်။ ပီမိုးနင်း၏ ပီမိုးနင်းဟာ အပြီးမသတ်ခဲ့ပေမယ့် သူ့ဘဝရဲ့ အဆိုးအကောင်းတွေကို ပွင့်ပွင့်လင်းလင်းရေးသားမှုနဲ့ စာပေဂုဏ်မြောက်မှုကြောင့် ဒဂုန်တာရာ၊ ရွှေဥဒေါင်း စတဲ့ စစ်ပြီးခေတ်မှာ ပေါ်လာမယ့် ကိုယ်ရေးအတ္ထုပ္ပတ္တိဆရာတွေအတွက် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။
ပီမိုးနင်းဟာ မြန်မာစာပေမှာ လမ်းသစ်တွေ အများကြီးထွင်ခဲ့ပေမယ့် သူ့အသက် ၁၄ဝ ပြည့်တဲ့အချိန်မှာတော့ သူ့ကို စာပေလောကက မေ့သလောက် ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ပီမိုးနင်းကို ရွှံ့ညွန်ကြားက ကြာပွင့်ဆိုပြီး သိန်းဖေမြင့်က သူမကွယ်လွန်ခင်ကပဲ စာချိုးခဲ့ပါတယ်။ ပီမိုးနင်းစာမှာ ခေတ်နဲ့မညီတဲ့ အရေးအသား အများအပြားပါသလို ခေတ်အကြိုက် အပျော်ဖတ်စာတွေလည်း ပါပါတယ်။ ဒါပေမဲ့ ပီမိုးနင်းဟာ နိုင်ငံကို သိမ်းပိုက်ထားတဲ့ ဗြိတိသျှအုပ်စိုးသူတွေဘက်က လိုက်ရေးတာ မရှိခဲ့ဘူးဆိုပြီး ပြောစမှတ်ရှိခဲ့ပါတယ်။








