အောက်တိုဘာ ၂၉ ရက်ထိပ်တန်းသတင်းများ - စစ်တွေက DMG သတင်းဌာန ဝင်ရောက်စီးနင်းခံရ

ဓာတ်ပုံ ရင်းမြစ်, Western News
သတင်းထောက် ၁ ဦးနဲ့ ညစောင့် တစ်ဦး အဖမ်းခံရ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Development Media Group(DMG) သတင်းဌာနရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ ဝင်ရောက်စီးနင်းပြီး သတင်းထောက် တစ်ဦးနဲ့ ညစောင့်တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဓာတ်ပုံသတင်းသွားယူတဲ့ DMG သတင်းထောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းခဲ့အပြီးမှာ ရုံးကို လိုက်ပြခိုင်းပြီး ရုံးအတွင်း မွှေနှောက်ရှာဖွေ တာတွေလုပ်ခဲ့သလို အဲဒီသတင်းထောက်နဲ့ ရုံးစောင့်ကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
‘‘သီတင်းကျွတ်ကာလဆိုတော့ ကျွန်တော်တို့ ရုံးပိတ်ထားတာ။ ဝင်္ကဘာကွင်းမှာ ပျော်ပွဲ ရွှင်ပွဲရှိတော့ ဓာတ်ပုံသွားရိုက်တဲ့ သတင်းထောက်ကို ဖမ်းဆီးပြီး ရုံးကိုပါ လာရှာကြတာ။ ပတ်ဝန်းကျင် အပြောတော့ ရဲရော၊ စစ်သားရော ၂၀ ယောက်လောက်နဲ့ လာမွှေနှောက်သွားတာလို့ သိထားရတယ်။ သတင်းထောက်နဲ့ အစောင့်ကို ဘယ်ကို ဖမ်းသွားတာလဲ ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ’’ လို့ DMG ရဲ့ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်။
ရုံးခန်းကို မွှေနှောက်ရှာဖွေချိန် ကင်မရာနဲ့ ကွန်ပျူတာ စုစုပေါင်း ၁၀ လုံးထက်မနည်းလည်း သိမ်းဆည်း ခံခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။
ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကတည်းက DMG သတင်းဌာနရဲ့ မှတ်ပုံတင် သက်တမ်းအကြိမ်ကြိမ်တိုးမှု ပယ်ချခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ ဌာနရဲ့ အယ်ဒီတာချုပ်နဲ့ သတင်းထောက် အချို့ အမှုဖွင့် တိုင်းကြားခံရတာမျိုးရှိခဲ့ဖူးတယ်လို့လည်း သူက ပြောပါတယ်။
‘‘အာဏာသိမ်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ စောင့်ကြည့်ခံရတာမျိုး မရှိခဲ့ဘူး။ ဒီလိုပဲ ကိုယ့် သတင်းအလုပ်ကို ကိုယ်ဆက်လုပ်နေကြတာ။ အခုက မှတ်ပုံမတင်ထားလို့ ဖမ်းတယ်လို့ဆိုရအောင်လည်း ကျွန်တော်တို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ သူတို့ဘက်က လိုင်စင် မချပေးခဲ့တာ။ အမှုဖွင့်ခံရသူတွေနဲ့ ဆက်စပ်ရအောင်လည်း အဲဒီသတင်းထောက်တွေက တိုက်မှာ အလုပ်မလုပ်ကြတော့ဘူး’’ လို့ DMG ပြောခွင့်ရသူက ပြောပါတယ်။
DMG ဟာ အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ရခိုင်သတင်းဌာနတွေထဲ ရခိုင်ပြည်နယ်မြို့တော်မှာ ဆက်ပြီး အခြေစိုက်ကာ သတင်းတွေ၊ ရုပ်သံတွေ ထုတ်လုပ်နေတဲ့ အမှီအခိုကင်းတဲ့ သတင်းဌာန တစ်ခုဖြစ်ပါတယ်။
အိမ်ဝေးသူတွေရဲ့ သီတင်းကျွတ်

ဓာတ်ပုံ ရင်းမြစ်, PRT
ဝါလ ကင်းလွတ်တဲ့ သီတင်းကျွတ်ဟာ မြန်မာမှာ ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့ ကာလဖြစ်သလို အဝေးရောက်သူတွေလည်း အိမ်ပြန်ပြီး မိဘ ဘိုးဘွား ဆရာသမားတွေကို ဂါရဝပြုကြတဲ့ကာလလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသူတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် လက်နက်ကိုင်လမ်းစဥ် လိုက်ပြီး စစ်အာဏာသိမ်းမှုကို တော်လှန်သူတွေဟာ နေရပ်မပြန်နိုင်ဖြစ်ကြရပါတယ်။
‘‘အရင်နှစ်ကတော့ ဖုန်းနဲ့အဆင်ပြေတော့ ဖုန်းနဲ့ဆက်ဖြစ်တယ်။ အဝေးကနေ ကန်တော့ဖြစ်မယ်ထင်တယ်’’ လို့ တော်လှန်ရေးရဲဘော် တစ်ဦးက ပြောပြပါတယ်။
အဝေးရောက်သူတွေထဲကမှ အဆိုတော် ကော်ဘရာ၊ Clean Yangon အဖွဲ့က မသင်ဇာအေး၊ တော်လှန်ရေး ရဲဘော်တစ်ဦးတို့ပြောထားတဲ့ သီတင်းကျွတ်ကာလ သူတို့ဆန္ဒတွေအကြောင်း ‘‘ အိမ်ဝေးသူတွေရဲ့ သီတင်းကျွတ် ’’ ရုပ်သံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သန္နီမြို့တဝိုက် တိုက်ပွဲပြင်းထန်နေ၊ စစ်ရှောင်ပြည်သူတစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, The Kokang
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေး ၁၀၂၇ အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းတကြောမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး သန္နီမြို့ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို မနေ့ညကစလို့ ဒီကနေ့မနက်ပိုင်းအထိ မဟာမိတ်အဖွဲ့တွေဘက်က တိုက်ခိုက်နေဆဲလို့ စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။
မနေ့ညပိုင်းကတည်းက သန္နီမြို့ပတ်လည်က စစ်ကောင်စီတပ်တွေကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေက မြေပြင်ကနေရော ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မနက်ပိုင်းမှာတော့ သန္နီမြို့ကို သိမ်းပိုက်ထားနိုင်ကြောင်း ကိုးကန့်သတင်းရင်းမြစ်တခုဖြစ်တဲ့ The Kokang က ဘီဘီစီကို အတည်ပြုခဲ့ပြီး စစ်ရေးအခြေအနေသိရှိသူတွေအပြောအရတော့ မနက်အစောပိုင်းမှာ မဟာမိတ်တပ်တွေ မြို့ပေါ်ကို ထိန်းချုပ်ခဲ့ပြီး ၁၀ နာရီဝန်းကျင်မှာတော့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
"မနက်ပိုင်းမှာ မဟာမိတ်အဖွဲ့တွေ မြို့ထဲထိရောက်ပြီး တိုက်ပွဲဖြစ်ကြတယ်၊ သိရသလောက်တော့ မဟာမိတ်အဖွဲ့တွေပြန်ထွက်သွားပေမဲ့ သန္နီတဝိုက်က တိုက်ပွဲဖြစ်နေတုန်းပဲ။ ဖုန်းလိုင်းတွေလည်း ဆက်သွယ်မရဘူး" လို့ သန္နီစစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် TNLA ရဲ့ ဒီကနေ့ နေ့လယ် ၂ နာရီထုတ်ပြန်ချက်အရ သန္နီရဲစခန်း၊ နမ့်စလပ်ရဲစခန်းနဲ့ မာချီနော့ စစ်တပ်စခန်းတို့ကို မနေ့ည နဲ့ ဒီကနေ့ မနက်ပိုင်းတွေမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။
ဒီကနေ့မနက်တိုက်ပွဲအတွင်း မြို့ပေါ် ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူတစ်ဦး လက်နက်ကြီးထိပြီး သွေးထွက်လွန်သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောကြပါတယ်။
သန္နီမြို့ဟာ မူဆယ် - ကွတ်ခိုင်လမ်းနဲ့ ကွမ်းလုံ - ချင်းရွှေဟော်သွားရာ လမ်းမကြီးနှစ်ခုဆုံရာမှာ တည်ရှိနေပြီး လားရှိုးမြို့နဲ့လည်း မိုင် ၃၀ ကျော်သာ ကွာဝေးတာဖြစ်ပါတယ်။
စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက်ပိုင်း လားရှိုးမြို့နယ်ကစလို့ မြောက်ပိုင်း မြို့နယ်တွေတကြောနဲ့ မန္တလေးကနေ လားရှိုးမြို့ကို သွားရာလမ်းကြောမှာရှိတဲ့ မြို့နယ်အချို့မှာတိုက်ပွဲဆက်တိုက်ဖြစ်နေခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တတိယနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ ဒီကနေ့မှာ နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော် နဲ့ မုံးကိုး စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တစုံတရာထုတ်ပြောလာတာမရှိသေးပါဘူး။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, AFP
သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို သမ္မတပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ခဲ့တဲ့ ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၇ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူတွေဆီက သိရပါတယ်။
အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ်ကို ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ခံထားရတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီဘက်ကလည်း ဦးရဲထွဋ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မဟုတ်မမှန်သတင်းတွေကို ရေးသားဖြန့်ဝေခဲ့တာကြောင့် ပုဒ်မ ၅၀၅- ကနဲ့ အောက်တိုဘာလ ၂၈ ရက်ညပိုင်းကစလို့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အတည်ပြုပါတယ်။
ဝန်ကြီးဟောင်း ဦးရဲထွဋ်ဟာ တာဝန်တွေက အနားယူပြီးနောက် နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးအဖြစ် သုံးသပ်ချက်တွေပြောဆိုလေ့ရှိသလို ဆောင်းပါးတွေနဲ့ စာအုပ်တွေလည်း ရေးသားနေသူတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ငါးရက်၊ အောက်တိုဘာ ၂၄ ရက်နေ့ကပဲ တပ်ဖွဲ့ဂုဏ်သိက္ခာ ထိခိုက်သွားရတာကို အသက်နဲ့ လဲ ပြီး တာဝန်ယူသွားခဲ့တဲ့ ဦးစီးချုပ်တစ်ယောက်အကြောင်းဆိုပြီး အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါအကြောင်း ၂၀၁၉ ခုနှစ်က ကိုယ်တိုင်ရေးဆောင်းပါးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေထားခဲ့ပါတယ်။
ဝန်ကြီးဟောင်း ဦးရဲထွဋ်ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း နိုင်ငံသားများနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုဥပဒေ ပုဒ်မ ၁၀ နဲ့အရေးယူပေးဖို့ နေပြည်တော်ပတ္တာရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခံရဖူးပါသေးတယ်။
အဲဒီအချိန်တုန်းကတော့ ဝန်ကြီးဟောင်းဦးရဲထွဋ် နဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ဟာ လူထုမီဒီယာနဲ့ အင်တာဗျူးမှာ ဦးရွှေမန်းအနေနဲ့သူရဲ့မဲဆန္ဒနယ်မှာ နိုင်နိုင်ပေမဲ့ သူ့ရဲ့ပါတီက ကျန်တဲ့မဲဆန္ဒနယ်မှာတော့ မနိုင်နိုင်ဘူးဆိုတဲ့ ပြောဆိုခဲ့တာရယ်၊ ဦးရွှေမန်းက နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးလို့ပြောတာဟာ ဘာကိုပြောတာလဲဆိုတာ မရှင်းဘူးလို့ပြောဆိုတဲ့အချက်တွေ ကြောင့်အမှုဖွင့်တိုင်ကြားခံရတာဖြစ်တယ်လို့ ဦးရဲထွဋ်က သူရဲ့ဖေ့ဘွတ်မှာ ရေးသားခဲ့ပါတယ်။
အခုလက်ရှိ ဦးရဲထွဋ် တရားစွဲဆိုခံရတဲ့ ပုဒ်မ ၅၀၅- က ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ အများဆုံး တရားစွဲဆိုခံရတဲ့ပုဒ်မဖြစ်ပါတယ်။
တပ်မတော်သားတွေနဲ့ အစိုးရဝန်ထမ်းတွေကို တာဝန်ဝတ္တရားပျက်ကွက်အောင် လှုံ့ဆော်တယ်လို့ ယူဆခံရတဲ့အခါ တရားစွဲဆိုနိုင်တဲ့ပုဒ်မအဖြစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။
လားရှိုးက စစ်ကောင်စီစခန်းတစ်ခုအသိမ်းခံရ၊ နောင်ချိုနဲ့မိုးကုတ်မှာ တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်(မြောက်ပိုင်း)တခွင်မှာ ပြုလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေနဲ့ လားရှိုးမြို့ အရှေ့ဘက်က စစ်ကောင်စီစခန်းတစ်ခုကို ကိုးကန့်တပ်(MNDAA) က ဒီနေ့ မနက်ပိုင်းမှာ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
အဲဒီစခန်းကို သိမ်းယူအပြီး အခြေအနေကို ကိုးကန့်အာဘော် The Kokant သတင်းဌာနက ရုပ်သံဖိုင်တဲ့အတူ ထုတ်ပြန်လာတာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး တတိယနေ့မှာ သိမ်းယူတာလို့ ရေးသားသလို ရုပ်သံမှာတော့ စစ်ကောင်စီ တပ်သားတစ်ဦးကို MNDAA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာကိုလည်း တွေ့ရပါတယ်။
နောက် ရှမ်းမြောက်နဲ့ မန္တလေးအစပ် မိုးကုတ်မြို့နယ်နဲ့ ရှမ်းမြောက်က နောင်ချိုမြို့နယ်ထဲမှာလည်း တအာင်းတပ်(TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦးသေဆုံးတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန် လာပါတယ်။
နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ မန္တလေး PDF တို့က ဒီနေ့ မနက် ၄ နာရီခန့်မှာ သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၆ လောင်း၊ သေနတ် ၇ လက်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့မနက်အစောပိုင်းမှာပဲ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာဘက်မှာလည်း TNLA၊ မိုးကုတ်ဗျူဟာ PDF တို့က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့လို့သိကြတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်(TNLA)နဲ့ရက္ခိုင့်တပ်တော်(AA)တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့က ကိုးကန့်နဲ့ ရှမ်းမြောက်တခွင်မှာ အောက်တိုဘာလ ၂၇ ရက်တုန်းက စတင်တဲ့စစ်ဆင်ရေး ဖြစ်ပါတယ်။
လောက်ကိုင်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းနဲ့ဆက်စပ်သူ တစ်ထောင်ကျော်ကို တရုတ်ဆီ လွှဲပေး

ဓာတ်ပုံ ရင်းမြစ်, ကိုးကန့်သတင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ စစ်ဆင်ရေး ၁၀၂၇ အဖြစ် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီရဲ့ ကိုးကန့်ဦးစီးအဖွဲ့ဟာ လောက်ကိုင်မြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို တရုတ်နိုင်ငံထံ လွှဲပေးလိုက်ပါတယ်။
မနေ့ အောက်တိုဘာ ၂၈ ရက်မှာ တရုတ် - မြန်မာ နယ်စပ်၊ မှတ်တိုင်အမှတ် - ၁၂၅ ဂိတ်ပေါက်ကနေ လွှဲပေးလိုက်တာလို့ ကိုးကန့်ဦးစီးအဖွဲ့နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ဒီလိုလွှဲအပ်တာကို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က တရားဝင်ထုတ်ပြန်တာမတွေ့ရသလို ဒီကနေ့ထုတ်သတင်းစာတွေမှာလည်း ဖော်ပြတာမတွေ့ရပါဘူး။
အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းဖို့၊ နယ်မြေစိုးမိုးရေးရရှိဖို့ကြိုးစားတာလို့ဆိုပြီး တရုတ် - မြန်မာနယ်စပ်အနီးလှုပ်ရှားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ်တော် AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေဦးဆောင်ပြီး စစ်ဆင်ရေး ၁၀၂၇ ကို အောက်တိုဘာ ၂၇ ရက်က စတင်အကောင်အထည် ဖော်နေကြပါတယ်။
စစ်ဆင်ရေးစတင်ပြီး နောက်တရက် အောက်တိုဘာ ၂၈ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ စစ်ကောင်စီဟာ ရန်ကုန်လူစည်ကားရာနေရာတွေမှာ အွန်လိုင်းငွေကြေးလိမ်လည်နေသူ အယောက် ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ဓာတ်ပုံနဲ့တကွ အကျယ်တဝင့် ထုတ်ပြန်ခဲ့ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာ အိမ်နီးချင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်းမှာ တရုတ်နိုင်ငံသားတွေ တောင်းဆိုနေကြတဲ့ အရေးတကြီးဖြေရှင်းပေးဖို့ ကိစ္စရပ် တစ်ခုဖြစ်လာခဲ့ပြီး အခုနှစ်လယ်ပိုင်းကစလို့ အွန်လိုင်းလိမ်လည်မှုတွေကို ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ တရုတ်အကြီးအကဲတွေ ခပ်စိပ်စိပ်တွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ကိုးကန့်သတင်း Kokang News
အဲဒီနောက် ဇူလိုင်လကုန်ပိုင်းကစလို့ စစ်ကောင်စီသာမက တရုတ်နယ်စပ်မှာ လှုပ်ရှားနေကြတဲ့ ‘‘ဝ’’ တပ်ဖွဲ့ UWSA ကလည်း ‘‘ဝ’’ ဒေသထဲက တရုတ်နိုင်ငံသားထောင်ချီကို သုံးကြိမ်ထက်မနည်း ပြန်လည်လွှဲအပ်ခဲ့ပေးခဲ့ပြီးဖြစ်ပါတယ်။
ဒါအပြင် အောက်တိုဘာလအစ ၇ ရက်နေ့တုန်းကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၇၇ ယောက်ကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကနေ တရုတ်ဆီ ပြန်လည်လွှဲအပ်ပေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ပြီးခဲ့တဲ့လတွေအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ဆက်စပ်သူတွေဆိုပြီး မြန်မာကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးထားသူ ၅,၀၀၀ ကျော်အထိရှိနေပြီလို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။








