စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်တို့အကြား ဆယ်ရက်ကြာတိုက်ပွဲ နှစ်ဖက် သေဆုံးမှုတွေရှိ - ဒီသတင်းအပါအဝင် မေလ ၂၅ ရက် ထိပ်တန်းသတင်းများ စုစည်းချက်

ရေးသားခဲ့သည်။

စဉ့်ကူးမြို့နယ် ထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အိမ်ခြေ အလုံး ၂၀ လောက် မီးလောင် ပျက်စီး သောင်းနဲ့ချီတဲ့ဒေသခံတွေ တိမ်းရှောင်နေကြရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အောက်ပိုင်း သဲအင်းတိုက်နယ် ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ် တာကြောင့် နေအိမ် အလုံး ၂၀ ထက် မနည်း မီးလောင် ပျက်စီး ခဲ့ရပြီး ‌ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေထံက သိရပါတယ်။

မနေ့က မေလ ၂၄ ရက်နေ့ နဲ့ ဒီကနေ့ ၂၅ ရက်နေ့ နှစ်ရက်လုံး စဉ့်ကူးမြို့နယ် ထဲ က ကျေးရွာတွေ အနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအကြား မြေပြင်မှာ ထိတွေ့ တိုက်ပွဲ တွေ ဖြစ်ပွားနေသလို စစ်ကောင်စီတပ်တွေက ကျွန်းကြီးနဲ့ သဲအင်း ကျေးရွာတွေဘက်ကို လက်နက် ကြီး နဲ့ ပစ်ခတ်တာကြောင့် နေအိမ် အလုံး ၂၀ ထက် မနည်း မီးလောင်ပျက်စီးခဲ့သလို လက်ရှိ ညနေ ၄ နာရီ ဝန်းကျင်အထိလည်း မီးခိုးတွေ တွေ့နေရဆဲဖြစ်ပြီး မီးလောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။

ဝက်လက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးပြောတာက " မတ္တရာ မြို့နယ် ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊ လက်နက်ကြီး အလုံး ၃ လုံး ပစ်တယ်။ ကျွန်းကြီးက အိမ် ၁၀ လုံးလောက် မီးလောင်တယ်။ သဲအင်းက အိမ် ၁၀ လုံးလောက် မီးလောင်တယ်။ ခုချိန်ထိ မီးခိုးတန်းတွေ တွေ့နေရတုန်းပဲ။ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတာတွေ ရှိသလိုပဲ ဓားစားခံ လူ ၃၀ လောက်လည်း ဖမ်းဆီးထားတယ်" လို့ ဆိုပါတယ်။

အခုလို စစ်ကြောင်းထိုးတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် စဉ့်ကူးမြို့နယ် သဲအင်းတိုက်နယ် ထဲက ရွှေဘယက်၊ ပေါက်ကုန်း၊ ဝက်ပေါင်၊ သဲအင်း၊ ကျွန်းကြီး၊ ကြက်တူရွေး၊ ရွာသာ၊ ဇီးကုန်း၊ မြစ်ကမ်းကြီး စတဲ့ ကျေးရွာ ၁၀ ရွာထက် မနည်းက ဒေသခံ သောင်းနဲ့ချီဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အရာတော်မြို့နယ် တောင်မွှာရွာမှာ အရပ်သား ၅ ဦး အသတ်ခံရပြီး အိမ်ခြေ ၁၅၀ ကျော် မီးလောင်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က တောင်မွှာရွာမှာ မေ ၂၄ ရက်နေ့က စစ်ကောင်စီအဖွဲ့တွေ စစ်ကြောင်းထိုးရင်း အရပ်သား ၅ ဦးကို သတ်ဖြတ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်မွှာရွာဟာ စစ်ကောင်စီတပ်ရဲ့ စစ်တပ်လေ့ကျင့်ရေး အမှတ် ၁၀နဲ့ တစ်မိုင်အကွာမှာရှိပြီး တောင်မွှာကျေးရွာမီးရှို့ခံရတာဟာ အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

ရွာထဲစစ်ကြောင်းထိုး ဝင်ရောက်ချိန်မှာ မပြေးနိုင်တဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ယောက်နဲ့ အသက် ၂၀၊ ၃၀ ကျော် အရွယ် အမျိုးသားသုံးဦးကို သတ်ဖြတ်သွားတာ ဖြစ်ပြီး ကျေးရွာနေအိမ်တွေလဲ မီးရှို့သွားလို့ အိမ်ခြေ ၁၅၀ ဝန်းကျင်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေကနေ သိရပါတယ်။

စစ်ကောင်စီဟာ တောင်မွှာကျေးရွာကနေ ကြွေပုဂံနဲ့ မန်ကျည်းဇောက်ရွာကို ဒီနေ့မေ ၂၅ ရက်မှာ စစ်ကြောင်းထိုးရင်း မန်ကျည်းစောက်ရွာက နေအိမ် အလုံး၃၀ကျော်ကို ထပ်မံမီးရှို့သွားတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်း စစ်ကိုင်းအတွင်း လေကြောင်းရော မြေပြင်တိုက်ခိုက်မှု့အပြင် ကျေးရွာနေအိမ်တွေ မီးရှို့တာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သီးသန့်သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ‌ ကြောင့် ကျွဲနွား တိရိစ္ဆာန် ၅ သိန်းကျော် သေဆုံး စိုက်ပျိုးသီးနှံ ဧက ၆ သောင်းကျော် ပျက်စီးတယ်လို့ စစ်ကောင်စီထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်အရှိန်ကြောင့် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းဒေသကြီးတွေက ကျွဲ၊ နွား၊ ဝက်၊ ဆိတ် နဲ့ ကြက်ကောင်ရေ ၅ သိန်းကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ မေ ၂၄ ရက်မှာထုတ်ပြန်ကြေညာထားပါတယ်။

အများဆုံး သေဆုံးတဲ့ ကျွဲနွား ကြက်ကောင်ရက ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ပြီး ကြက်ကောင်ရေ လေးသိန်းရှစ်သောင်းကျော်၊ ကျွဲနွား ငါးထောင်ကျော် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာ၀တီတိုင်းဒေသကြီးတွေက ငှက်ပျော၊ ကွမ်းသီး၊ ကွမ်းရွက်၊ ဓနိ၊ ကြက်ပေါင်စေး ၊ သစ်သီးဥယျာဉ်၊ နွေစပါး၊ နွေနှမ်း၊ ဆောငးနေကြာ၊ မိုးနေကြာ၊ မိုးပဲတီစိမ်း ဧကပေါင်း ၆ သောင်းကျော် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တောင်ဘက်အခြမ်းက ကျေးရွာ ၁၆ ရွာက တောင်သူ ၉၀၀ ကျော်ရဲ့ စိုက်ခင်း ဧက ၃၀၀၀ နီးပါး ရေနစ်မြုပ် ပျက်စီး ခဲ့တယ်လို့ တောင်သူတွေက ပြောကြပါတယ်။ တောင်သူတွေက လက်ရှိအချိန်မှာ နွေ နှမ်းတွေအများဆုံးစိုက်ပျိုးထားကြတာဖြစ်ပြီး ပဲတီစိမ်း နဲ့ နွေစပါးလည်း အနည်းငယ်စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။

ဒီပဲယင်းက စိုက်ခင်းပျက်စီးသွားတဲ့တောင်သူတစ်ဦးကတော့ “ ဒီပဲယင်း တောင်ဘက်အခြမ်း ၁၆ ရွာက နွေနှမ်းခင်း ၂၉၅၅ ဧက၊ ပဲက ၄၂ ဧက ပျက်စီးသွားတယ်။ ဒါက တောင်သူ ၉၀၀ ကျော် ရဲ့ ဆုံးရှုံးမှုပေါင်းပေါ့။ ပျက်စီးသွားတာတွေက ပဲတီစိမ်း၊ နှမ်း အများဆုံးပေါ့။ နွေစပါး လည်း ပါပေမဲ့ နည်းတယ်။ မိုးစပါးက မိုးမှစိုက်မှာ။ မေလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့လောက်ထိ ၃ ရက် မနားမနေ မိုးရွာလိုက်တာကိုး မိုခါ အရှိန်ကြောင့်လေ ။ ဒါကြောင့် ပဲခင်းနှမ်းခင်းတွေ ရေမြုပ်ပျက်စီးခဲ့တာပါ။ ၉၅ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားတယ်။ ကူညီမယ့်သူ မရှိသေးပါဘူး။ " လို့ ပြောပါတယ်။

ပဲတီစိမ်းဟာ လက်ရှိပေါက်စျေး တစ်တင်းကို ငွေကျပ် ၇၀၀၀၀ စျေး ရှိပြီး တစ်ဧကကို တင်း ၂၀ အနည်းဆုံးထွက်တဲ့အတွက် တစ်ဧကကိုပေါက်စျေးက ငွေကျပ် ၁၄ သိန်း ရရှိနိုင်တယ်လို့လည်း တောင်သူတွေက တွက်ပြကြပါတယ်။

ပုံမှန်ဆို နောက် ရက် ၂၀ လောက်အတွင်းမှာ ရိတ်သိမ်းပြီး ရောင်းချတာတွေ ခူးဆွတ်တာတွေ ပြုလုပ်နိုင်ပြီဖြစ်တဲ့အတွက် မုန်တိုင်းသာ ရက် ၂၀ လောက် နောက်ကျပြီးမှသာ ဝင်ရောက်တိုက်ခတ်ခဲ့မယ်ဆိုရင် တောင်သူတွေလည်း အားလုံးခူးဆွတ်ပြီးဖြစ်လို့ အဆုံးအရှုံးလည်း နည်းပါးနိုင်တယ်လို့ တောင်သူတွက ပြောပြကြပါတယ်။

အလားတူပဲ ယင်းမာပင် မြို့နယ် ထဲမှာလည်း သီးနှံစုံ တွေ စိုက်ပျိုးထားကြတဲ့ ငရုတ် ခရမ်းချဉ် ၊ ခရမ်းသီး၊ ပဲတီစိမ်း၊ နှမ်း ၊ကွမ်းခြံ၊ သီးနှံ ပေါင်းစုံ ဧက ပေါင်း၇၀၀၀၀ ဆုံးရှုံးခဲ့တယ်လို့ တောင်သူတွေရဲ့ ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

ယင်းမာပင် တစ်မြို့နယ် လုံးအတိုင်းအတာနဲ့ ဆိုရင် ကျေးရွာပေါင်း ၃၀ နီးပါးက သီးနှံစုံ စိုက်ဧကပေါင်း ရဲ့ ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်း ပျက်စီး ခဲ့တာလို့ တောင်သူတွေက ဆိုကြပါတယ်။ ဒီ လို ပျက်စီးသွားတဲ့အထဲမှာ တောင်သူတွေရဲ့ မျိုးချန်ထားတဲ့ သီးနှံမျိုးတွေပါ ပါသွားတဲ့အတွက် ထပ်မံ စိုက်ပျိုးဖို့လည်း အခက်ကြုံနေကြရတာဖြစ်ပါတယ်။

အရင်က ဓာတ်မြေသြဇာတစ်အိတ်ကို ကျပ် သုံးသောင်းနဲ့လေးသောင်းသာရှိခဲ့ရာက အခုအချိန်မှာ တစ်အိတ်ကို ငွေကျပ် တစ်သိန်းကျော် အထိ ရောက်ရှိလာပြီဖြစ်တဲ့အတွက် စိုက်ပျိုးစရိတ်ကြီးမြင့်လာတာနဲ့အမျှ အခက်အခဲတွေကို တောင်သူတွေက ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

မြို့နယ်တစ်မြို့နယ်ကို စိုက်ခင်းတွေ ဧက ထောင်နဲ့ချီပျက်စီးတာတွေက တောင်သူတွေအတွက် နစ်နာမှုတွေ ဖြစ်ပေါ် သလို စျေးကွက်ထဲက စားသုံးသူတွေအတွက်လည်း ပစ္စည်းရှားပါးတဲ့အတွက် စျေးတက်လာတာတွေနဲ့ ကြုံလာနိုင်တယ်လို့ သိရပါတယ်။

“ပြန်စိုက်ဖို့ အကူအညီလေးရရင်တော့အကောင်းဆုံးပေါ့။ စိုက်ဖို့ကို ဘာမှ မစနိုင်တော့တာ ဖြစ်နေတယ်။ အရင်ကတော့ ကိုယ်လည်းစား ပွဲရုံလည်းသွင်းပေါ့။ အခုတော့ ပြန်ထူထောင်ဖို့တောင် မလွယ်တော့ဘူး “ လို့ တောင်သူတစ်ဦးကပြောပါတယ်။

မုန်တိုင်းပြီးတဲ့နောက် တောင်သူတွေ ကိုယ်တိုင်စားသုံးဖို့နဲ့ ရောင်းချဖို့ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားတဲ့အပြင် သောက်သုံးရေ အခက်အခဲ နဲ့ စားနပ်ရိက္ခာအခက်အခဲကိုပါ တပါတည်း ခံစားနေကြရပြီး မုန်တိုင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ ရေကြီးတာ ရေတိုက်စားတာ၊ မြေပြိုတာတွေကြောင့်လည်း မြေမြှုပ်မိုင်းတွေ စစ်လက်ကျန် ပစ္စည်းတွေ နေရာရွေ့လျားနိုင်တဲ့အတွက် ပြည်သူတွေမှာ အပူတွေကြားထဲက မှ သတိပြုနေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပဒူကျေးရွာက ဒေသခံ တစ်သောင်းကျော် နေရပ်မပြန်နိုင်ကြသေး

စစ်ကိုင်းမြို့နယ်၊ ပဒူရွာမှာ ‌စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု သုံးကြိမ် ရှိလာတဲ့နောက်ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ တစ်သောင်း‌ကျော် အထိရှိလာပြီး ဒီနေ့မေ ၂၅ ရက်နေ့အထိ နေရပ်ကို မပြန်နိုင်သေးသလို စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၉ ရက်ကနေ ၂၂ ရက်ထိ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မေ ၂၂ ရက်မှာတော့ စစ်ကောင်စီဘက်က လေကြောင်း ပစ်ခတ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ‌ကျေးရွာနေအိမ်တွေ မီးလောင်ခဲ့သလို ရွာတောင်ပိုင်းနေအိမ်တွေလည်း မီးရှို့ခံခဲ့ရတာပါ။

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ကျေးရွာနေအိမ်တွေကို PDF တွေက မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးတယ်လို့ဖော်ပြတာတွေရှိနေပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။ ပဒူတိုက်နယ်က ပဒူရွာမှာ ရပ်ကွက် ၇ ခုရှိပြီး အိမ်ခြေပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

မေ ၁၉ ရက်ကစပြီး ပဒူကျေးရွာ အနီး ရွာပေါင်း ၈ ရွာ ထွက်ပြေးရပြီး ဒီနေ့ထိ ပဒူ ၊ ကန်ကြီးကုန်း၊ ကျောက်ပနန်၊ ကျောက်ပနန်ရွာသစ်၊ တောင်ရင်းရွာ‌ ဒေသခံတွေ ၄င်းတို့နေရပ်ကို တောတွေထဲနဲ့ ဘေးရွာတွေမှာ စစ်ရှောင်ခိုလှုံနေရတာ ဖြစ်ပါတယ်။

ပဒူရွာမှာ စစ်ကောင်စီက တပ်စွဲထားပြီး မေ ၂၂ ရက်နေ့ကစလို့ ညနေနဲ့ ညပိုင်းမှာ အနီးအနားက ကျေးရွာတွေကို နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီ မနက်ပိုင်းက စာရေးလမ်းက ၀င်ရောက်လာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ပျူတွေ သူတို့ မိန်းမတွေလည်း ပါတယ်။ မီးမလောင်တဲ့လူနေအိမ်တွေကို ဖောက်တယ်။ အဖိုးတန်ပစွည်း‌တွေကို ၁၂ ဘီးကား ၂ စီးနဲ့ တိုက်ယူသွားတာ တွေ့ရတယ်။ ဆီပန့်ဆိုင်က ဆီ‌တွေကိုလည်း ခိုးထုတ်ယူနေတယ်လို့ သိရတယ် "လို့ မေ ၂၆ ရက် ပဒူကျေးရွာ အခြေနေကို စစ်ရှောင်ပြေးနေသူ ဒေသခံတစ်ဦးက ဆိုပါတယ်။

လောင်းလုံးက လဝကရုံးအပါအဝင် နေရာသုံးခုကို PDF တပ်တွေဝင်ရောက်တိုက်ခိုက်၊ လဝက အရာရှိတစ်ဦး သေဆုံး

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်မှာ မေလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ၊ ရဲစခန်း စတဲ့နေရာ သုံးနေရာကို ဒေသကာကွယ်‌ရေး ပူးပေါင်း အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လဝက အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံး မြို့နယ်ထဲမှာ ရှိတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ၊ ရဲစခန်း တို့ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး ရဲစခန်းရဲ့ အရှေ့မှာ ရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

"ကျွန်တ်ောတို့ဘက်က အတည်ပြုနိုင်တာတော့ လဝက ကို ပစ်တာ သေချာတယ်။ လဝက က ဒုဦးစီးမှူးတစ်ယောက်သေတယ်။ နောက် ရဲစခန်းနဲ့ သူ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ထွေအုပ်ရုံးဘက်ကို ၆၀ မမ ၊ ၄၀ မမ တွေနဲ့ ပစ်တယ်။ စစ်ဘက်ဆိုင်ရာ ရုံးကိုတော့ အတည်မပြုနိုင်သေးဘူး" လို့ ဒေသကာကွယ်ရေး အဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ ဘီဘီစီကို ပြောပါတယ်။

အခုလို စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာရုံးတွေ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်ပိုင်းမှာတော့ လောင်းလုံး မြို့ပေါ်မှာ စစ်ကောင်စီဘက်က ကင်းလှည့်တာတွေ ၊ စစ်ဆေးရေးဂိတ်တွေကို တစ်ဂိတ်ကနေ သုံးဂိတ်အထိ တိုးမြှင့်ချထားတာတွေ မြင်တွေ့နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က လောင်းလုံးမြို့နယ် အတွင်း စစ်အင်အားဖြည့်တင်း တာတွေရှိသလို လောင်းလုံးမြို့အနီးက သာယာကုန်းရွာရဲ့ နောက်ဘက် တောတွေထဲမှာလည်း စစ်အင်အားဖြန့်ကျက်ထားတာတွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကရင်နီ ပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူ နဲ့ တနီးလာလဲ တောင်ပေါ် ‌မှာ ဖြစ်ပွားခဲ့တဲ့ ၁၀ ရက်တာ ကာလ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် တပ်သား ၄၀ ကျော် သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၄ ရက်နေ့ကနေ စပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ တနီးလာလဲကျေးရွာတောင်ပေါ်ကနေ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KNDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေ မေလ ၂၃ ရက်နေ့အထိ ၁၀ ရက် အကြာပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီ ၁၀ ရက်နီးပါး ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာတော့ စစ်ကောင်စီဖက်က ဗိုလ်ကြီးအဆင့်ရှိသူ(၁) ဦး၊ ဗိုလ်အဆင့်ရှိသူ(၂) ဦး အပါအဝင် စစ်ကောင်စီတပ်သား(၄၀) နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက်ရှည် တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဘက်က လေကြောက်း အကြိမ်ရေ ၆၀ ကြိမ် ထက် မနည်း အသုံးပြုခဲ့ပြီး ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဆီက MA-1 (၈) လက်၊ MA-2(၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁) လက်၊ 9mm Pistol (၁) လက်၊ RPG (၂) လက် နဲ့ ဆက်စပ်ခဲယမ်းမီးကျောက်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦး အရှင် ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNDF ပူးပေါင်းတပ်တွေ ဘက်ကတော့ KNDF/B01 က ရဲဘော်(၁) ဦး ၊ B07 က ရဲဘော်(၂) ဦး၊ B09 က ရဲဘော်(၃) ဦး၊ B10 က ရဲဘော်(၁) ဦး ၊ကရင်နီတပ်မတော်(KA) က ရဲဘော်(၁) ဦး စုစုပေါင်း ၈ ဦးကျဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် KNDF က ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နဲ့ တနီးလာလဲ ကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီ တပ်တွေက စစ်ကြောင်းထိုးနေပြီး KNDF ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေ အဲဒီ အနီးတဝိုက် နေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့လည်း သတိပေးထားပါတယ်။