မတ်လ ၁၉ရက် ထိပ်တန်းသတင်းများ - မြောင်တောင်ဘက်မှာ တပတ်ကြာစစ်ကြောင်းဝင်လို့ ဒေသခံ၂ သောင်းကျော် တိမ်းရှောင်နေရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ဘက်က ကျေးရွာပေါင်း ၄၀ လောက်က တစ်ပတ်ကြာ စစ်ကြောင်းဝင်ခဲ့ လို့ ဒေသခံ ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေအပြောအရ မတ်လ အစောပိုင်း စစ်ကိုင်းတိုင်း တာတိုင်မှာ အစုလိုက်သတ်ဖြတ်တာတွေလုပ်ခဲ့တယ်ဆိုတဲ့ စစ်ကြောင်းက အဲဒီကတဆင့် လက္ကပင်အထိဝင်စီးနင်းပြီးနောက် မတ်လ ၁၂ရက်နေ့မှာတော့ မြောင်မြို့နယ်ကို ရောက်ရှိခဲ့ တာလို့ဆိုပါတယ်။

အဲဒီစစ်ကြောင်းက ကတို့ကုန်း၊ ကျောက်ဖူးကုန်း၊ အညွန့်၊ အိုင်သာ၊ မင်းတန်း၊ သာဒွန်း၊ နေပူကုန်း၊ နဂါးပေါင်း၊ ပေါက်ချောင်း၊ မြစ်ဆုံ အပါအဝင် ၁၅ရွာကို စစ်ကြောင်းထိုးတာ၊ ပစ်ခတ်တာတွေ ဆက်တိုက် လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းကပစ်ခတ်လို့ မင်းတန်းက နွားကျောင်းသူအသက် ၇၀ ကျော်အရွယ်အမျိုးသားသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။ အိုးအိမ်အချို့ ဖျက်ဆီးခံရတာမျိုးလည်းရှိပေမယ့် လတ်တလော ဒဏ်ရာရတဲ့အရေအတွက်နဲ့ အပျက်အဆီး ဆုံးရှုံးမှုအတိအကျတွေကိုတော့ မသိရသေးပါဘူး။

အဲဒီ ၁၅ရွာကို စစ်ကြောင်းဝင်တာကြောင့် အဲဒီရွာတွေနဲ့ ဆက်စပ်တဲ့ မြောင်တောင်ဘက်ခြမ်း ရွာ ၄၀ လောက်က ဒေသခံ ၂သောင်းကျော်လောက်က ရွာတွေကိုစွန့်ခွာပြီး တိမ်းရှောင်ကြရတယ်လို့ မြောင်ဒေသခံ တွေထံကသိရပါတယ်။

အဲဒီ ၁၅ရွာကို မတ်လ ၁၂ရက်နေ့ကစလို ဒီနေ့ မတ်လ ၁၉ရက်နေ့အထိ စစ်ကြောင်းထိုးတာတွေလုပ်ပြီး နောက်တော့ ဒီကနေ့မနက်ပိုင်းမှာ ရေစကြိုမြို့နယ်ထဲက သာပေါင်၊ နမော့နဲ့ မီးလောင်ကျွန်းဘက်ကို ဆက်ဝင်နေ တယ်လို့ သိရပါတယ်။

စစ်ကြောင်းပြန်ထွက်သွားတာကြောင့် မြောင်မြို့နယ်က ဒေသခံတွေက ဒီကနေ့မှ ရွာအတွင်းကို ပြန်လည် ဝင်ရောက်ကြသလို၊ ပြီးခဲ့တဲ့ရက်တွေက အသီးသီးရွာအတွင်း ပြန်ဝင်ရောက်ကြတဲ့ ဒေသခံတွေလည်း ရှိပါတယ်။

လက်ရှိမှာတော့ မီးလောင်ကျွန်းကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်နေတယ်လို့ မြောင်နဲ့ ရေစကြိုဘက်က ဒေသခံတွေထံကသိရပါတယ်။

အမျိုးသားနိုင်ငံရေးလိုအပ်ချက်ကြောင့် ရခိုင်အမျိုးသားပါတီမှတ်ပုံတင်မယ်လို့ဆို

ရခိုင်ပြည်နယ်ရဲ့ အင်အားအကြီးဆုံး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ လာမယ့် မတ်လ တတိယအပတ်ထဲ ပါတီမှတ်ပုံတင်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဘီဘီစီကို ပြောပါတယ်။

ပါတီမှတ်ပုံပြန်တင်ဖို့မတင်ဖို့ကိစ္စနဲ့ပတ်သက်လို့ ပါတီဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးကနေ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သွားဖို့နဲ့ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် မှာ မှတ်ပုံပြန်တင်ရတာဟာ ရခိုင်အမျိုးသားနိုင်ငံရေးအတွက် လိုအပ်ချက်အရ ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အပြင် တနိုင်ငံလုံးက ရခိုင်တိုင်းရင်းသားတွေနေထိုင်ကြတဲ့ နေရာဒေသအသီးသီးတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိခဲ့ပေမယ့် စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ အခက်အခဲအကျပ်အတည်းတွေနဲ့ ကြုံခဲ့ရတာကြောင့် ပြည်နယ်အဆင့်အခြေစိုက် ပါတီတစ်ခုအဖြစ်သာ မှတ်ပုံတင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ဧရာဝတီနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့လို့ ရခိုင်တိုင်းရင်းသားတွေရှိနေတဲ့ နေရာတွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေအတွက်တော့ သီးခြားစဉ်းစားသွားမယ်လို့ ဦးသာထွန်းလှက ပြောပါတယ်။

စစ်ကောင်စီကကျင်းပပေးမယ်လို့ ပြောဆိုထားတဲ့ရွေးကောက်ပွဲဟာ ဖြစ်လာမလားမဖြစ်လာမလားဆိုတာကို မပြောနိုင်သေးတဲ့အတွက် ရွေးကောက်ပွဲအတွက်ကိုတော့ ပါတီအနေနဲ့ စဉ်းစားထားတာမရှိသေးဘူးလို့လည်း ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်က နိုင်ငံရေးပါတီတွေထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ကတော့ စစ်ကောင်စီရဲ့ ဥပဒေသစ်ဟာ ပါတီရဲ့နိုင်ငံရေးရည်ရွယ်ချက်နဲ့ မကိုက်ညီတဲ့အတွက် မှတ်ပုံတင်ဖို့မရှိဘူးလို့သိရပါတယ်။

မျိုးနွယ်စုပါတီတွေထဲက ခမီပါတီကတော့ မှတ်ပုံပြန်တင်ထားပြီးဖြစ်ကာ မြိုပါတီဟာလည်း မကြာခင်မှတ်ပုံပြန်တင်ဖို့ရှိနေပြီး ကျန်တဲ့ပါတီတွေကတော့ ဖျက်သိမ်းကြတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့ပေါ် အနောက်တိုးချဲ့ကွက်သစ် နေအိမ်ဆယ်ချီမီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်နဲ့ ဆက်စပ်နေတဲ့ အနောက်တိုးချဲ့ကွက်သစ်က နေအိမ် ၁၁ လုံးကို ပြီးခဲ့တဲ့ရက်က မီးရှို့ခံခဲ့ရပြီးဒေသခံတွေကတော့ မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တယ်လို့ ပြောပါတယ်။

“သေနတ်တွေဖောင်းဖောင်းနဲ့ဖောက်ပြီး အိမ်တွေကိုမီးရှို့တာ ည ၁၂နာရီ မြို့ပေါ်မှာဘယ်သူမှ မထွက်ရဲဘူး။ မြို့ထဲကိုလည်း အဲဒီအချိန်ပစ်ခတ်ပြီး ကာကွယ်ရေးအဖွဲ့တွေက ဝင်တာမျိုးဆိုတာ တခါမှမရှိပါဘူး” လို့ ဒီပဲယင်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုလို မီးမရှို့ခင် မတ်လ ၁၇ရက်နေ့လယ်ပိုင်းမှာ မြို့ပေါ်က စစ်တပ်စခန်းတစ်ခုကို လာရောက်ပစ်ခတ်တဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် ညပိုင်းမှာမီးရှို့ခဲ့တာလို့ ဒီပဲယင်းဒေသခံတွေကပြောဆိုကြပါတယ်။ ပစ်ခတ်သူ တွေက အခုမီးရှို့တဲ့နေရာတွေမှာ ခိုအောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှို့တာလို့ ဒေသခံတွေက ယူဆကြပါတယ်။

အနောက်တိုးချဲ့ကွက်သစ်က အခြားနေအိမ် ၂၂လုံးလည်း အလားတူ ၂၀၂၃ခုနှစ်

နှစ်စပိုင်းမှာ မီးရှို့ခံခဲ့ရပါသေး တယ်။ ဒါကြောင့် အဲဒီကွက်သစ်ကဒေသခံအများစုက

ဒီပဲယင်းကနေ အခြားမြို့ရွာတွေအထိကို ရွှေ့ပြောင်း နေထိုင်တာမျိုးတွေရှိလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ပထမအကြိမ်မီးရှို့ခံရစဥ်က မီးလောင်မှုအနီးမှာ မီးသတ်ကား ၂စီးကို ထားရှိထားပေမယ့် လုံးဝငြှိမ်းသတ်တာ မျိုးမလုပ်ခဲ့ဘူးလို့ ဖြစ်စဥ်ကိုသိရှိကြသူတွေက ဘီဘီစီကိုပြောပါတယ်။

ဒီပဲယင်းမြို့က မြို့မရပ်ကွက်၊ အနောက်တိုးချဲ့ကွက်သစ်၊ တောင်ပြင် နဲ့ ဆံရွှေဝါရပ်ကွက်ဆိုပြီး တည်ရှိတာ လည်းဖြစ်ပါတယ်။အခုလိုမီးရှို့မှုတွေအပြင် ဒီပဲယင်းမြို့မှာ ဖမ်းဆီးမှုတွေလည်းမကြာခဏရှိသလို၊ ဖမ်းဆီးခံရပြီးသတ်ဖြတ် ခံရမှုတွေလည်းရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့ညပိုင်းမှာ ဒီပဲယင်းမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ် မျက်နှာချင်းဆိုင်က အသက် ၄၀ ကျော်အမျိုးသားကို ဧည့်စာရင်းစစ်ဆေးတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ မနက်ပိုင်းမှာ ဦးခေါင်းပြတ်သေဆုံးတာမျိုး ဖြစ်စဥ်လည်းရှိထားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ဒီပဲယင်းမြို့ပေါ်က မီးရှို့ခံရမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

၃၅ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးအပါအဝင် ကျောက်စိမ်းနဲ့ ပုလဲတွေ စစ်ကောင်စီရောင်းချ

ကချင်ပြည်နယ်၊ လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊ မက်လင်ချောင် အကျိုးတူ (၂)လုပ်ကွက်က ထွက်ရှိတဲ့ ၃၅ တန်ရှိတဲ့ ကျောက်စိမ်း တုံးကြီးနဲ့ ကျောက်စိမ်းရိုင်းအတွဲ၊ ကျောက်မျက်အတွဲတွေနဲ့ ပုလဲအတွဲတွေကို စစ်ကောင်စီ ထပ်မံ ရောင်းချ နေတယ်လို့ သိရပါတယ်။

(၅၈) ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲအဖြစ် အဲဒီကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေကို မတ်လ ၁၇ရက်နေ့ကနေ ၂၃ရက်နေ့အထိ နေပြည်တော်မှာ ရောင်းချနေတာဖြစ်ပါတယ်။

အခုရောင်းချမှုမှာ ကျောက်စိမ်းအတွဲ ၂၁၅၀၊ ပုလဲအတွဲ ၂၉၅တွဲ၊ ကျောက်မျက်အတွဲ ၁၂၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်တွေကို အိတ်ဖွင့်တင်ဒါ စနစ်နဲ့ ရောင်းချပေးတာလို့သိရပါတယ်။

အဲဒီထဲကမှ ပုလဲအတွဲ ၁၄၇တွဲကို မတ်လ ၁၈ရက်နေ့မှာ ရောင်းချနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းစာမှာ ဖော်ပြပေမယ့် တန်ဖိုးပမာဏကိုတော့ဖော်ပြတာမရှိပါဘူး။

ပုလဲအတွဲတွေကိုတော့ နိုင်ငံသား ဝယ်ယူသူတွေက သတ်မှတ်နိုင်ငံခြားငွေနဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ပေးချေ ဝယ်ယူဖို့သတ်မှတ်ထားသလို၊ နိုင်ငံခြားသားဝယ်ယူသူတွေအတွက်တော့ အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့နဲ့ ဝယ်ယူဖို့ သတ်မှတ်ထားပါတယ်။

ကျောက်စိမ်းတွဲတွေထဲက အချို့ကတော့ နိုင်ငံခြားငွေသီးသန့်နဲ့သာရောင်းချတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ တွင်းထွက် ကျောက်မျက်ရတနာတွေကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၁၉၆၄ ခုနှစ်ကစတင်ပြီး ပြပွဲအနေနဲ့ ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။

ရွှေဘိုနဲ့ ဝက်လက် နယ်ထဲ လေကြောင်းတိုက်ခိုက်မှုရှိသလို၊ ကျေးရွာအချို့မီးရှို့ခံရတာဆက်ရှိနေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွှေဘို- မုံရွာလမ်းပေါ်က သမ္မာရိုးစံပြကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မီးရှိ့ခဲ့လို့ နေအိမ် ၂၆၀‌ ‌ကျော် နဲ့ ဘုန်းကြီးကျောင်းတကျောင်း မီးလောင်ခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

အဲဒီမှာ မပြေးနိုင်လို့ကျန်ခဲ့တဲ့ အဖွားအိုတစ်ဦးလည်းသေဆုံးခဲ့ပြီး လက်ရှိမှာ နေအိမ်ရာချီမီးထဲပါသွားလို့ ဒေသခံတွေအနေနဲ့ အမိုးအကာ၊ ဝါးထရံ ၊ မီးဖိုချောင်သုံးပစ္စည်းအချို့နဲ့ စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေကဆိုပါတယ်။

မနေ့ကလည်း ရွှေဘိုနယ်ထဲက ဆိပ်ခွန်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေပစ်ခတ်ခဲ့တယ်လို့ဆိုပြီး သက်ကြီးအမျိုးသမီးနဲ့ လူငယ်တစ်ဦးသေဆုံးပြီး ဒေသခံအချို့ ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြထားပါတယ်။

ဆိပ်ခွန်ကျေးရွာဟာ နိုင်ငံတွင်းထင်ရှားတဲ့ ဆိပ်ခွန်ပုဆိုးရက်လုပ်တဲ့ ဒေသဖြစ်ပြီး အိမ်ခြေထောင်ချီရှိကာရွာကြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံရေးပါတီမှတ်ပုံ ပြန်မတင်ဖို့ SNLD ဆုံးဖြတ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက နိုင်ငံရေးပါတီမှတ်ပုံ ပြန်မတင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပါတီထံကသိရပါတယ်။

မတ်လ ၁၆ရက်နဲ့ ၁၇ရက် ၂ရက်တာကျင်းပခဲ့တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝးအပြီးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ ပါတီရဲ့ ပြောခွင့်ရသူ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဘီဘီစီ ကိုပြောပါတယ်။

SNLD ပါတီအနေနဲ့ မှတ်ပုံပြန်မတင်ဖို့ အဓိကဆုံးဖြတ်လိုက်ရတာက စစ်ကောင်စီကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အတိအကျထုတ်ပြန်သတ်မှတ်ထားတာမရှိတာ၊ မှတ်ပုံတင်နိုင်ရေးနဲ့ ပတ်သက်ပြီး ပါတီဝင်တွေကို တွေ့ဆုံမှု၊ ပါတီဝင်တွေရဲ့ သဘောထားတွေကိုရယူနိုင်မှုမရှိတဲ့အခြေ အနေမှာ ပါတီဝင်တွေရဲ့သဘောထားမရယူဘဲ ဗဟိုကနေဆုံးဖြတ်မှတ်ပုံတင်တာမျိုးကို မလုပ်ဖို့ အခုလို ဆုံးဖြတ်ခဲ့ကြတာ လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရေးအရရပ်တည်ဖို့ပိုပြီးဦးစားပေးရတဲ့အနေအထားဖြစ်လို့၊ အဆုံးအရှုံးတွေ ရှိလာရင်လည်း ရင်ဆိုင်ဖို့ ဘဲ ရှိပါတယ် ........လွတ်လပ်ပြီးတရားမျှတတဲ့၊ နိုင်ငံတကာနဲ့ ပြည်သူတရပ်လုံးလက်ခံတဲ့၊ ဒီမိုကရေစီစံချိန်စံနှုန်း နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအပြောင်းအလဲကိုအမှန်တကယ် ဖြစ်စေမယ့်ရွေးကောက်ပွဲအခင်းအကျင်းတွေ ပေါ်ပေါက်အောင် ဝိုင်းဝန်းကြိုးပမ်း တာက ပိုအဓိပ္ပာယ်ရှိမယ်” လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

SNLD ပါတီဝင်တွေက ရန်ကုန်၊ မန္တလေး၊ ကချင်၊ ကယား အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေအနှံ ပြန့်နှံနေတာကြောင့် ပါတီမှတ်ပုံ ပြန်တင်ဖို့ ပေးထားတဲ့အချိန် ၂လအတွင်းမှာ ပါတီဝင်တွေနဲ့ တွေ့ဆုံနိုင်ဖို့က လုံခြုံရေးအပါအဝင်၊ အချိန်ကန့် သတ်ချက်ရှိ တာတွေကြောင့် ပါတီဝင်တွေရဲ့ သဘောထားတွေကို မရရှိနိုင်သလို၊ တွေ့ဆုံနိုင်ဖို့လည်းအခက် အခဲဖြစ်စေတာလို့ သိရပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပီပီပြင်ပြင်မပေါ်ပေါက်လာသေး သမျှ SNLD ကတော့ တထောင့်တနေရာကနေ ပြည်သူ့အကျိုးပြုဖို့ အမြဲရပ်တည်လုပ်ဆောင်နေမယ် လို့လည်း သိရပါတယ်။

မှတ်ပုံပြန်မတင်တာကြောင့် ပါတီအလိုလျှောက်ပျက်ပြယ်တာမျိုးအတွက် တစုံတရာ ပြစ်ဒဏ်မျိုးတော့ မရှိ နိုင်ဘူးလို့ SNLD ဘက်ကယူဆထားပါတယ်။ အဲဒီအပေါ် ပြစ်ဒဏ်မျိုးတစုံတရာရှိခဲ့ရင်လည်း မလွန်ဆန်နိုင်တဲ့ အနေအထားမျိုးသာဖြစ်မယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

နိုင်ငံရေးပါတီတခုအတွက် မှတ်ပုံတင်ရှိနေတာက အရေးကြီးတဲ့အရာမဟုတ်ဘဲ လူထုထောက်ခံမှု၊ စုဖွဲ့မှုနဲ့ လူထုကောင်းရာကောင်းကျိုးကို တနည်းမဟုတ်တနည်းနဲ့လုပ်နိုင်နေဖို့လိုအပ်သလို၊ လုပ်စရာတွေလည်းရှိနေ တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ မတ်လ ၁၆ရက်နေ့အထိ တည်ရှိပြီး နိုင်ငံရေးပါတီ ၉၁ ခုကနေ မှတ်ပုံပြန်တင်ကြတဲ့ နိုင်ငံရေးပါတီပေါင်း ၂၁ ပါတီအထိရှိတယ်လို့သိရပါတယ်။ အခြားနိုင်ငံရေးပါတီအသစ်တည်ထောင်တာကတော့ ၆ခု အထိရှိတယ်လို့ သိရပါတယ်။