ပုန်းနေတဲ့ ဟားမတ်စ်ခေါင်းဆောင် အိမ် ဝန်းကျင်ကို အစ္စရေးတပ်တွေ ဝိုင်းထား - ဒီဇင်ဘာ ၇ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ

ခန်းယူနစ်ကို အစ္စရေး အပြင်းအထန် တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခန်းယူနစ်ကို အစ္စရေး အပြင်းအထန် တိုက်ခိုက်
ရေးသားခဲ့သည်။

ဂါဇာတောင်ပိုင်းက အဓိကမြို့ ခန်းယူနစ်မှာ ဟားမတ်စ်အဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်နေတယ် ဆိုပြီး အစ္စရေး စစ်တပ်က ပြောပါတယ်။ ခန်းယူနစ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါ ပုန်းအောင်းနေတယ် ဆိုပြီးတော့လည်း အစ္စရေးစစ်တပ်က ယူဆထားပါတယ်။

ဟားမတ်စ်အဖွဲ့ခေါင်းဆောင်ရဲ့ နေအိမ်ဝန်းကျင်ကို အစ္စရေး တပ်ဖွဲ့တွေ ဝိုင်းထားတယ်ဆိုပြီး အစ္စရေးဝန်ကြီး ဘင်ဂျမင် နက်တန်ညာဟုက ဗီဒီယိုနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရလည်း ဂါဇာကမ်းမြောင်ထဲ ကျုးကျော်မှု ဘက်ပေါင်းစုံမှာ ဟားမတ်စ် အဖွဲ့သားတွေက အပြင်းအထန် တိုက်ခိုက်နေကြတယ်လို့ ဆိုထားပါတယ်။

ခန်းယူနစ်က စာနာမှုဆိုင်ရာ အကျပ်အတည်း

လူတွေ အတွက် အစားအစာ သောက်ရေကအစ အားလုံး ပြတ်တောက်ရှားပါးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူတွေ အတွက် အစားအစာ သောက်ရေကအစ အားလုံး ပြတ်တောက်ရှားပါးနေ

ဂါဇာထဲက အရပ်သားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ဖြေလျှော့နိုင်ရေး နိုင်ငံတကာက အစ္စရေးပေါ် တောင်းဆို နေတာကြောင့် ဂါဇာတောင်ပိုင်းထဲ လောင်စာဆီ တင်သွင်းခွင့် ပြုနေတဲ့ ပမာဏ အနည်းငယ် တိုးမြှင့်ပေးသွားမယ်လို့ အစ္စရေးက ဆိုပါတယ်။

ဂါဇာနဲ့ အနောက်ဘက်ကမ်းခြေဒေသအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ တာဝန်ခံအဖြစ် ဆောင်ရွက်သူ ဒေါက်တာ ရစ်ချက် ပေပါကွန်က ဂါဇာထဲက အခြေအနေတွေအကြောင်း ဘီဘီစီကို ပြောတာက ….

“အိုးအိမ်တွေကနေ စွန့်ခွာရသူ IDP တွေဟာ ရနိုင်သမျှ စားစရာ သောက်စရာတွေ၊ စောင်တွေ၊ မီးမွှေးဖို့ သစ်တိုသစ်စတွေကအစ အစစအရာရာ ဘယ်ကရနိုင်မလဲ ဆိုပြီး အသည်းအသန် ရှာဖွေ နေရပါတယ်။ ခိုလှုံရာ ယာယီ တဲတန်းရှည်ကြီးတွေ ပေါ်လာပါတယ်။ IDP တွေကြား ကူးစက်ရောဂါတွေ ပြန့်မှာ၊ ရေကနေ တဆင့် ပေါက်ဖွားတဲ့ ရောဂါဘယတွေ ဖြစ်မှာကို ကျွန်တော်တို့ အဓိက စိုးရိမ်နေပါတယ်” လို့ ဆိုပါတယ်။

အစ္စရေးကို လက်နက်မရောင်းရေး ဥရောပမှာ ဆန္ဒပြ

BAE ကို ဗြိတိန်မှာ ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BAE ကို ဗြိတိန်မှာ ဆန္ဒပြ

ဥရောပ နိုင်ငံတချို့မှာ အစ္စရေးကို လက်နက်ရောင်းချနေသူတွေကို ပိတ်ဆို့ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက် နေပါတယ်။

ဗြိတိန်မှာဆိုရင် ဗြိတိသျှ အဲယိုစပေ့စ် (BAE) ကုမ္ပဏီကြီးဟာ ဂါဇာကို မရဏ သေတွင်း အဖြစ် အသွင်ပြောင်းသွားဖို့ အစ္စရေးကို ကူညီနေတယ် ဆိုပြီး ပါလက်စတိုင်း လွတ်မြောက်ရေး လုပ်သားများ အဖွဲ့ ဆိုတဲ့ ဆော်ဩ လှုပ်ရှား သူတွေက ပြောဆိုနေပါတယ်။

BAE ကုမ္ပဏီပိုင်တဲ့ နေရာတော်တော်များရဲ့ အပြင်ဘက်မှာ ဆန္ဒပြနေကြပါတယ်။ အလားတူ လှုပ်ရှားမှုတွေကို ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတွေမှာလည်း တွေ့နေရပါတယ်။

ရိုက်တာသတင်းထောက် သေဆုံးမှုကို စုံစမ်းဖို့ အစ္စရေးကို တောင်းဆို

အစ္စရေးတင့်ကားက ပစ်ခတ်တာလို့ လူ့အခွင့်အရေးအဖွဲ့တွေပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးတင့်ကားက ပစ်ခတ်တာလို့ လူ့အခွင့်အရေးအဖွဲ့တွေပြော

လက်ဘနွန်နိုင်ငံမှာ စာနယ်ဇင်းသမားတစ်ယောက် အသတ်ခံရပြီး နောက် ၆ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ အစ္စရေး အနေနဲ့ စုံစမ်း စစ်ဆေးတာတွေ ပြုလုပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေ၊ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေက တောင်းဆို နေပါတယ်။

ရိုက်တာ သတင်းထောက် အစ္စမ် အဗ္ဗဒွလ်လာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပေါ်ပေါက်ခဲ့တဲ့ အစ္စရေး-လက်ဘနွန် နယ်စပ်အနီး အစ္စရေးရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ရဲ့ သံချပ်ကာ အမြောက်ကားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတာ ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ နဲ့ လူ့အခွင့်အရေး အဖွဲ့ HRW တို့ရဲ့ စုံစမ်းမှုတွေက ပြောထားပါတယ်။

တရုတ်-အီးယူ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်

တရုတ်နဲ့လက်တွဲဖို့ အီးယူကို ရှီတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်နဲ့လက်တွဲဖို့ အီးယူကို ရှီတိုက်တွန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ရောက်နေတဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လေယန်း နဲ့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မစ်ချယ် တို့ကို သမ္မတရှီကျင့်ဖျင် တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာ အတွင်း ဥရောပ သမဂ္ဂ အီးယူအဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ သမ္မတရှီ ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။ ကိုဗစ် အလွန် ကုန်သွယ်ရေး အခြေအနေတွေက စလို့ ယူကရိန်းထဲက စစ်ပွဲ အကြောင်းထိ အကြောင်းရာပေါင်းစုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီး တည်ငြိမ်အေးဆေးဖို့ရာ အီးယူ အဖွဲ့ အနေနဲ့ တရုတ်နိုင်ငံနဲ့ လက်တွဲ လုပ်ဆောင်ဖို့ သမ္မတရှီက တိုက်တွန်းပါတယ်။

“နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ်နဲ့ အီးယူကြား အတူလက်တွဲ လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး ယုံကြည်မှုတွေကို တိုးမြှင့်တည်ဆောက်တာ အပါအဝင် ဆွေးနွေးမှုတွေ၊ လက်တွဲလုပ်ဆောင်မှုတွေကို ခိုင်မာစေခြင်း အားဖြင့် နှစ်ဖက်လုံးက ပြည်သူတွေ အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်တယ်” လို့ သမ္မတရှီက ဆိုပါတယ်။

ပီရူးသမ္မဟောင်း ဖူဂျီမိုရီ ပြန်လွတ်လာပြီ

ထောင်ထဲ ၁၅ နှစ်ကျော် နေခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထောင်ထဲ ၁၅ နှစ်ကျော် နေခဲ့ရ

ပီရူးနိုင်ငံရဲ့ သမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရီဟာ သူရာထူးနေရာမှာ ရှိစဉ် ကျူးလွန်ခဲ့တဲ့ အကျင့်ပျက် ခြစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် အပြစ်ပေး ခံထားရတာမှာ ထောင်ထဲ ၁၅ နှစ်ကျော် နေခဲ့ပြီးတဲ့နောက် အခုဆိုရင် သူ့ကို ပြန်ပြီး လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၈၅ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ ဖူဂျီမိုရီကို ပီရူးရဲ့ အခြေခံဥပဒေ ခုံရုံးက လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ထွက်ရှိထားတဲ့ သမ္မတလွတ်ငြိမ်းခွင့် အမိန့်ကို အသက်သွင်းပေးပြီး လွှတ်ပေးတာ ဖြစ်ပါတယ်။

မစ္စတာ ဖူဂျီမိုရီ လွတ်မြောက်မယ့် သတင်းကို သိထားကြတဲ့ ထောက်ခံဝန်းရံသူ ရာပေါင်းများစွာဟာ လီမာမြို့တော် ဘာဘာဒီလို အကျဉ်းထောင်ရှေ့ နာရီပေါင်းများစွာ ကြိုတင် စုဝေး ရောက်ရှိ နေခဲ့ကြပြီးအလံတွေ ဝှေ့ယမ်း၊ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး စောင့်နေခဲ့ကြပါတယ်။ မစ္စတာ ဖူဂျီမိုရီဟာ ပီရူးမှာ ချစ်သူရော မုန်းသူပါ အလွန်များတဲ့သူ ဖြစ်ပါတယ်။ ၉၀ ပြည့်ကျော်နှစ်တွေမှာ the Shining Path သူပုန်အုပ်စုကို အနိုင်တိုက်ခဲ့တဲ့ အတွက် အခုထိအောင် ကြည်ညိုသူတွေ ရှိနေကြတာ ဖြစ်ပါတယ်။

V-22 အော့စ်ပရေး လေယာဉ်အားလုံးကို ပျံသန်းခွင့် ရပ်နား

ပျက်ကျတာ အနည်းဆုံး ၃ ကြိမ်ရှိပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပျက်ကျတာ အနည်းဆုံး ၃ ကြိမ်ရှိပြီ

အမေရိကန် စစ်တပ်ဟာ V-22 အော့စ်ပရေး အမျိုးစား လေယာဉ်အားလုံးကို အသုံးပြုမှု ရပ်ဆိုင်းလိုက်ပါတယ်။ အဲဒီ အမျိုးအစား လေယာဉ် တစ်စင်းဟာ ဂျပန်ကမ်းရိုးတန်း တစ်နေရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပျက်ကျခဲ့ပြီး လူ ၈ ယောက် သေဆုံးခဲ့ရပြီးနောက် အခုလို V-22 အော့စ်ပရေး လေယာဉ် အုပ်စု အားလုံးကို မပျံသန်းရ အမိန့် ထုတ်လိုက်တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်မှုအပေါ် အသေးစိတ် စုံစမ်းတာတွေ ပြုလုပ်ချိန်မှာ အခုလို ပျံသန်းမှု ဆိုင်းငံ့ထားမယ် ဆိုပြီး အမေရိကန် လေတပ်က ထုတ်ပြန်ပါတယ်။ V-22 အော့စ်ပရေး အမျိုးအစား လေယာဉ် ပျက်ကျမှုဟာ အခုတစ်ကြိမ်သာမက အရင်တုန်းကလည်း အနည်းဆုံး နှစ်ကြိမ် ဖြစ်ခဲ့ဖူးပြီး လူတွေ သေဆုံးထားပါတယ်။