မတ်လ ၃၀ ရက်ထိပ်တန်းသတင်းများ - ဗုံးကျဲခံရတဲ့ ခွါဖိုရွာမှာ သေဆုံးသူ အနည်းဆုံး ၁၀ဦးအထိရှိလာ၊ ကလေးငယ်တစ်ဦးပါဝင်

ဒဏ်ရာရသူတွေလည်း အနည်းဆုံး ၂၀ အထိရှိလာ

ဓာတ်ပုံ ရင်းမြစ်, The Chin Journal

ရေးသားခဲ့သည်။

ဒဏ်ရာရသူတွေလည်း အနည်းဆုံး ၂၀ အထိရှိလာ

မတ်လ ၃၀ရက်၊ ဒီကနေ့မနက် ၉နာရီလောက်မှာ ထန်ထလန်မြို့နဲ့ ၅ နိုင်အကွာမှာ တည်ရှိတဲ့ ခွါဖို ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူအရပ်သား ၁၀ဦး အထိရှိလာပါတယ်။

လက်ရှိအချိန်ထိလည်း ရွာအတွင်းကိုထပ်မံရှာဖွေမှုတွေ လုပ်နေတာသေးတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူကလည်း အနည်းဆုံး ၂၀ လောက်အထိတွေ့ရှိထားတယ်လို့သိရပါတယ်။

သေဆုံးသူတွေထဲ ကလေးငယ်တစ်ဦးနဲ့ အမျိုးသား၊ အမျိုးသမီးတွေပါဝင်ပါတယ်။ လက်ရှိရွာအတွင်းမှာတော့ မိသားစုတွေကွဲကွာနေကြတာ၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အတည်ပြုနိုင်ရေးနဲ့ ပျက်ဆီးမှုတွေကို ရှင်းလင်းတာတွေကို ဆက်တိုက်လုပ်ဆောင်နေကြတယ် လို့သိရပါတယ်။

ထန်တလန်မှာ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး အခက်အခဲရှိနေတာကြောင့် လိုင်းရရှိတဲ့နေရာတွေကတဆင့် သတင်းရယူသိရှိရတာဖြစ်ပါတယ်။ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ခွါဖို ကျေးရွာ ပျက်ဆီးမှုအခြေအနေတွေကို ထပ်မံသိရရှိရဖို့ ကြိုးစားဆက်သွယ်နေပါတယ်။

ထီးချိုင့်ဘက်က ရွာအချို့ မီးရှို့ခံနေရ
"တော်တော်များတယ်။ ရွာကို ဘယ်သူမှ ကပ်လို့မရသေးဘူး။ နေရာအနှံ့အတော်များတယ် ရှို့နေကြတာ။ ခုချိန်ထိ ၁၂နာရီ ၁၀မိနစ်အထိကို မငြိမ်းသေးဘူး"

ဓာတ်ပုံ ရင်းမြစ်, ထီးချိုင့်နှင့် စစ်ကိုင်းသတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က ညောင်ပင်သာရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိဘဲ ကျေးရွာနေအိမ်တွေကို ဒီမနက် ၉နာရီဝန်းကျင်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်သာရွာဟာ အိမ်ခြေထောင်ကျော်ရှိပြီး တိုက်နယ်ကြီး တခုဖြစ်ပါတယ်။ မောင်းကုန်းတဖက်ကမ်းမှာ ရှိတဲ့ ညောင်ပင်သာရွာဟာ နေ့လယ်ပိုင်း ၁၂ကျော်အထိ မီးငြိမ်းမှုမရှိတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တော်တော်များတယ်။ ရွာကို ဘယ်သူမှ ကပ်လို့မရသေးဘူး။ နေရာအနှံ့အတော်များတယ် ရှို့နေကြတာ။ ခုချိန်ထိ ၁၂နာရီ ၁၀မိနစ်အထိကို မငြိမ်းသေးဘူး"လို့ ထီးချိုင့်ဒေသခံတဦးက ပြောပါတယ်။

ထီးချိုင့်မြို့နယ်တွင်း မတ်လ ၂၉ရက် ၊ ၂၈ရက် နှစ်ရက်ဆက်တိုက် ဆပ်ပြေးကျေးရွာမှာလည်း နေအိမ်‌ မီးရှို့ခံရပြီး အိမ်ခြေ ၆၀ကျော် မီးထဲပါသွာခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေထံကသိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနေအိမ်တွေ မီးရှို့ခံရတာကို PDF နဲ့ KIA တွေ ပြုလုပ်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးက မီဒီယာတွေကို ဖြေကြားထားတာ ရှိပေမယ့် နေအိမ်တွေ မီးရှို့တာကို စစ်ကောင်စီတပ်ဖွဲ့တွေကသာ ပြုလုပ်တာတွေ့ရကြောင်း ကျေးရွာဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းက မတ်လ ၃၀ရက်နေ့ဖြစ်စဥ်တွေအပေါ်တော့ စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ထန်တလန်အနီး ခွါဖိုရွာ ဗုံးကြဲတိုက်ခိုက်ခံရ အရပ်သား ၇ဦးခန့်သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ
"တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးလာကြဲတယ်။ အခုချိန်တော့ ၇ဦးလောက် သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရရှိသူတွေလည်းများတယ်" လို့ ခွါဖိုကျေးရွာအနီးက ဒေသခံတစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Chin Journal

မတ်လ ၃၀ရက်၊ ဒီကနေ့မနက် ၉နာရီလောက်မှာ ထန်ထလန်မြို့နဲ့ ၅ နိုင်အကွာမှာ တည်ရှိတဲ့ ခွါဖို ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိနေတယ်လို့ ချင်းအခြေစိုက်သတင်းတွေနဲ့ ထန်တလန်က ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

"တိုက်လေယာဉ် ၂စင်းနဲ့ ဗုံးလာကြဲတယ်။ အခုချိန်တော့ ၇ဦးလောက် သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရရှိသူတွေလည်းများတယ်" လို့ ခွါဖိုကျေးရွာအနီးက ဒေသခံတစ်ဦးကပြောပါတယ်။

ထန်တလန်မြို့နယ်ကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် ထိခိုက်သေဆုံးမှု အတိအကျကို ထပ်မံစိစစ် အတည်ပြုနိုင်ဖို့ကိုလည်း ကြိုးစားဆက်သွယ်နေပါတယ်။

စစ်ခေါင်းဆောင်အကြံပြုချက်နဲ့ ‌စစ်တွေက မြေအောက်ရေထုတ်ယူမှု ရေအရနည်းနေသေး
မြေအောက်ရေတူးဖော်မှုအဆင်ပြေလို့ရှိရင် ရေတွင်းတစ်တွင်းက တစ်နေ့ကို ရေဂါလံပေါင်း ၆၀၀၀ စီထုတ်ယူသုံးစွဲမှာဖြစ်သလို တစ်နေ့စာအတွက် ရေဂါလံပေါင်း ၂ သိန်းခွဲနီးပါး သုံးစွဲရမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီကနေ သိရပါတယ်။
ဓာတ်ပုံ ပုံစာ, စစ်တွေကန်တော်ကြီးအနီး တူးဖော်ပြီးတဲ့ ရေတွင်းတစ်တွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်ကိုရောက်ရှိချိန် မြို့ကိုရေပေးဝေနေတဲ့ ကန်တော်ကြီးမှာ မြေအောက်ရေကိုစုပ်ယူဖြည့်တင်းဖို့ ညွှန်ကြားခဲ့တာ ကြောင့် စစ်တွေမြို့က လူဦးရေ ၃သိန်းကျော်ရေရရှိရေးအတွက် မြေအောက်ရေစုပ်ယူပြီး ဖြည့်တင်းနိုင်ဖို့ ပြည်နယ်ကောင်စီက ပြင်ဆင်ခဲ့တာပါ။

လက်ရှိမှာတော့ ကန်တော်ကြီးအနီးဝန်းကျင်နေရာတွေနဲ့ သင်္ဂနက်ကျေးရွာနား တွေမှာ ရေတွင်း ၉ တွင်းကိုတူးဖော်ပြီးစီးခဲ့ပြီလို့ ရေတွင်းတူးဖော်နေတဲ့အဖွဲ့တွေက မတ်လ ၃၀ ရက် ဒီကနေ့မနက်ပိုင်းက ပြောဆိုပါတယ်။

အခု တူးဖော်နေတဲ့ မြေအောက်ရေတွင်းတွေမှာ ရေရရှိမှုအခြေအနေအလွန်နည်းပါးနေတယ်လို့ သိရပါတယ်။ဒါကြောင့် လိုအပ်တဲ့ရေရဖို့ဆိုရင် နောက်ထပ်တွင်းပေါင်းဘယ်လောက်ထိ တူးဖော်ရဦးမယ်ဆိုတာကို မသိရသေးဘူးလို့ ရေတွင်းတူးနေကြသူတွေက ပြောပြကြပါတယ်။

လက်ရှိတေ့ စစ်တွေမြို့ရေရရှိရေးအတွက် ကန်တော်ကြီးအနီးဝန်းကျင် နေရာ ၂၁ နေရာမှာအကျယ် ၆ လက္မ၊ အနက် ပေ ၂၀၀ ရာစီအထိရှိတဲ့ ကျင်းတွေကနေ‌မြေအောက်ရေကို တူးဖော်နေတာပါ။ ရေခမ်းခြောက်တဲ့ရာသီ ဖေဖော်ဝါရီ၊ မတ်လ လောက်ကနေ မိုးရေအလုံအလောက်ရရှိနိုင်မယ့် ကာလ ဇူလိုင်၊ သြဂုတ်အထိ နှစ်စဥ်နီးပါး ထုတ်ယူဖို့ လျာထား တယ်လို့လည်း သိရပါတယ်။

မြေအောက်ရေတူးဖော်မှုအဆင်ပြေလို့ရှိရင် ရေတွင်းတစ်တွင်းက တစ်နေ့ကို ရေဂါလံပေါင်း ၆၀၀၀ စီထုတ်ယူသုံးစွဲမှာဖြစ်သလို တစ်နေ့စာအတွက် ရေဂါလံပေါင်း ၂ သိန်းခွဲနီးပါး သုံးစွဲရမှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီကနေ သိရပါတယ်။

တကယ်လို့ ရေပမာဏအများအပြားကို အချိန်ကြာမြင့်စွာထုတ်ယူသုံးစွဲလိုက်လို့ရှိရင် စစ်တွေမြို့တည်ရှိတဲ့ ကျွန်းအနေအထားအရ မြေကျွံမှုတွေ မြေလွှာပြတ်ရွေ့မှုနဲ့ ကြီးကြီးမားမားကြုံလာရနိုင်ဖွယ်ရှိတဲ့လို့လည်း ကျွမ်းကျင်တဲ့ အင်ဂျင်နီယာအချို့က ထောက်ပြပြောဆိုနေကြပါတယ်။

ဧပြီ ၁ရက်ကစလို့ ထိုင်းမှာ ဗီဇာမလိုဘဲ ၄၅ ရက်နေထိုင်ခွင့် အစား ၁၄ရက်သာခွင့်ပြုတော့မယ်
ထိုင်းအစိုးရဘက်က ဗီဇာမလိုနေထိုင်ခွင့်ကို ၁၄ ရက်သတ်မှတ်ချက်ထက် ထပ်တိုးခွင့်ပြုတာမျိုး တစုံတရာမထုတ်ပြန်သေးတဲ့အထိ အခုလို ၁၄ရက်သာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံကို သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေအတွက် အောက်တိုဘာ ၁ရက်နေ့ ၂၀၂၂ ခုနှစ်က စတင် ခွင့်ပြုခဲ့တဲ့ ၄၅ရက် ဗီဇာမလိုပဲ နေထိုင်ခွင့်သတ်မှတ်ချက်က ၂၀၂၃ခုနှစ် ဧပြီလ ၁ရက်ကစလို့ ကုန်ဆုံး တော့မှာဖြစ်ပါတယ်။

အဲဒီလိုနောက်ပိုင်းမှာတော့ အရင်ခွင့်ပြုပေးခဲ့တဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာ နေထိုင်ခွင့်နဲ့ ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်။ အဲဒီပြောင်းလဲသတ်မှတ်ချက်မှာ မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ နိုင်ငံအချို့လည်း အပါအဝင်ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းအစိုးရဘက်က ဗီဇာမလိုနေထိုင်ခွင့်ကို ၁၄ ရက်သတ်မှတ်ချက်ထက် ထပ်တိုးခွင့်ပြုတာမျိုး တစုံတရာမထုတ်ပြန်သေးတဲ့အထိ အခုလို ၁၄ရက်သာ ဗီဇာမလိုဘဲ ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ရကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့တော့ ဗီဇာမလိုပဲ ထိုင်းနိုင်ငံအတွင်း ၁၄ရက်နေထိုင်ပြီးနောက်တော့ နောက်ထပ် ရက် ၃၀ ဗီဇာကို သံရုံးထောက်ခံ ချက်နဲ့ ထိုင်းနိုင်ငံအတွင်း ဗီဇာလျှောက်ထားဖို့ သတ်မှတ်ထားတဲ့နေရာ တွေမှာ သက်တမ်းတိုးလျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်နဲ့ ကန့်သတ်ချက် အချို့လည်း ရှိနေတယ်လို့ ထိုင်းရောက်မြန်မာတွေထံကသိရပါတယ်။

မြန်မာနိုင်ငံကနေ စတင်ထွက်ခွာချိန်ကတည်းက ၁၄ရက်ထက် ပိုတဲ့ နေထိုင်ခွင့်ကို လိုချင်သူတွေအတွက် တော့ ထိုင်းသံရုံးကနေ ရက်ပေါင်း ၆၀ ကြာနေထိုင်နိုင်တဲ့ ဗီဇာကို လျှောက်ထားတာကို ခွင့်ပြုပေးထားတယ် လို့ ရန်ကုန်အခြေစိုက် ထိုင်းသံရုံးက သိရပါတယ်။

အခုလို ဗီဇာမလိုဘဲ ၁၄ရက်ကြာ ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ကိုလည်း ၂၀၁၅ခုနှစ် သြဂုတ်လကစတင်ပြီး ထိုင်းအစိုးရဘက်က ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။

သင်္ကြန်ကာလ ကုန်လမ်းသယ်ယူပို့ဆောင်ရေး ဘယ်လိုအသုံးပြုနိုင်မလဲ
အဲဒီကာလတွေထဲမှာ သတ်မှတ်ယာဥ်စီးခနှုန်းထားတွေထက် ပိုတောင်းတဲ့ ယာဥ်လိုင်းတွေကို လုပ်ငန်းပိတ် သိမ်းတဲ့အထိ အရေးယူတာ၊ CNG ထုတ်ယူခွင့်ပိတ်သိမ်းတာအထိကို အရေးယူသွားမယ်လို့ YRTC ဘက်က သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YRTC

သင်္ကြန်ကာလမှာ ရန်ကုန်မြို့တွင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် YBS လိုင်းအချို့ဆက်လက် ပြေးဆွဲပေးဖို့နဲ့ အဝေးပြေးခရီးစဥ်အချို့ကိုလည်း ပြေးဆွဲပေးဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က စီစဥ်ထားတယ်လို့သိရပါတယ်။

အဲဒီကာလတွေထဲမှာ သတ်မှတ်ယာဥ်စီးခနှုန်းထားတွေထက် ပိုတောင်းတဲ့ ယာဥ်လိုင်းတွေကို လုပ်ငန်းပိတ် သိမ်းတဲ့အထိ အရေးယူတာ၊ CNG ထုတ်ယူခွင့်ပိတ်သိမ်းတာအထိကို အရေးယူသွားမယ်လို့ YRTC ဘက်က သိရပါတယ်။

နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်အဖြစ် ဧပြီ ၉ရက်ကနေ ၁၇ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့တွင်းမှာတော့ ဧပြီလ ၁၃ရက်နေ့မှာ ယာဥ်လိုင်း ၆၇ လိုင်းက ယာဥ်စီးရေ ၁၄၃၀၊ ဧပြီလ ၁၄ရက်နေ့မှာ ယာဥ်လိုင်း ၆၃ လိုင်းက ယာဥ်စီးရေ ၁၂၉၀၊ ဧပြီလ ၁၅ရက်နေ့မှာ ယာဥ်လိုင်း ၆၃ လိုင်းက ယာဥ်စီးရေ ၁၂၀၈၊ ဧပြီ ၁၆ရက်နေ့ မှာယာဥ်လိုင်း ၆၃ လိုင်းက ယာဥ်စီးရေ ၁၂၀၀ ကျော် တို့နဲ့ ပြေးဆွဲ ပေးမှာပါ။

နောက်ရက် ဧပြီ ၁၇ရက်နေ့မှာတော့ YBS ယာဥ်လိုင်းအားလုံးက ယာဥ်းစီးရေ ၃၀၀၀ ကျော်လည်း ပြန်လည် ပြေးဆွဲပေးမယ်လို့ စစ်ကောင်စီရဲ့ YRTC က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒါအပြင် သင်္ကြန်ကာလအဝေးပြေးယာဥ်ပြေးဆွဲမှုမှာလည်း ဧပြီ ၁၀ရက်နေ့ကစလို အချို့ယာဥ်လိုင်း တွေက ရပ်နားတာမျိုးရှိမယ်လို့သိရပါတယ်။

ဧပြီ ၁၀ရက်မှာတင် ယာဥ်လိုင်း ၄၁ခုအထိ ရပ်နားမှာဖြစ်ပြီး ၁၈၃ လိုင်းက တော့ပြေးဆွဲမှာဖြစ်ပါတယ်။

ဧပြီလ ၁၁ရက်မှာတော့ ၅၂လိုင်းရပ်နားပြီး၊ ၁၇၂ လိုင်းကပြေးဆွဲပေးမှာဖြစ်သလို၊ ဧပြီလ ၁၂ ရက်မှာ ၇၂လိုင်း ရပ်နားကာ၊ ၁၅၂ လိုင်းကပြေးဆွဲပေးမယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက်မှာတော့ ၁၇၃လိုင်းရပ်နားပြီး ၅၁ လိုင်းပြေးဆွဲမှာဖြစ်ပြီး၊ ၁၄ရက်မှာတော့ ၂၁၉ လိုင်းရပ် နားပြီး ၅ လိုင်းသာ ပြေးဆွဲဖို့ရှိတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်း ပိတ်ရပ်မရှိပြေးဆွဲ ပေးမယ့် ယာဥ်လိုင်း ကတော့ ၅ လိုင်းရှိနေတယ်လို့လည်း YRTC ထံကသိရပါတယ်။

ဒါကြောင့် သင်္ကြန်ကာလမှာတော့ ရန်ကုန်ကနေ ၊ မန္တလေး၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အပါအဝင် နေရာအနှံ့အပြားခရီးစဥ်အများစုမှာတော့ ဖော်ပြပါအတိုင်း ပိတ်ရက်မရှိပြေးဆွဲတဲ့ လိုင်းအနည်း ငယ်သာရှိမှာ လည်းဖြစ်ပါတယ်။

အခြားဒဂုံဧရာအဝေးပြေးကွင်းတွေကလည်း အလားတူ ရပ်နားမယ့်လိုင်းတွေရှိသလို ပြေးဆွဲပေးတဲ့ လိုင်း တွေလည်း ရှိနေပါတယ်။