"ဟန်ပြဆန္ဒခံယူပွဲများ"မှာ ရုရှားနဲ့ပေါင်းဖို့မဲအသာစီးရ

ရေးသားခဲ့သည်။

ယူကရိန်းနယ်မြေ ၄ ခုမှာ ရုရှားကြီးကြပ်ပြုလုပ်တဲ့ သူတို့အခေါ် လူထုဆန္ဒခံယူပွဲတွေ ဟာ ပြီးဆုံးသွားပါပြီ။ ဒီဆန္ဒခံယူပွဲတွေဟာ နောက်ထပ်ယူကရိန်းနယ်မြေတွေကို ရုရှားနဲ့ပူးပေါင်းရေးအတွက် အကြောင်းပြချက်အဖြစ် အသုံးပြုဖို့ လုပ်ဆောင်တာဖြစ်ပါတယ်။  

အငြင်းပွားဖွယ်ဖြစ်တဲ့ ဒီဆန္ဒခံယူပွဲတွေမှာ ရုရှားနဲ့ပူးပေါင်းရေးအတွက် အများပြည်သူက အပြည့်အဝ မဲပေးထောက်ခံခဲ့ကြတယ်လို့ ရုရှားခန့်ထားတဲ့ ဒေသအာဏာပိုင်တွေက ဆိုကြပါတယ်။  

ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံမဟာမိတ်တွေကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင်ဆန္ဒခံယူပွဲလို့ပြောဆို ရှုတ်ချကြပါတယ်။  

ဆန္ဒခံယူပွဲတွေကို နိုင်ငံတကာက အသိအမှတ်မပြုတဲ့အတွက် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်လေ့လာမှုလည်း မရှိခဲ့ပါဘူး။  

အခုဆန္ဒခံယူပွဲတွေကို ဒွန်ညက်စ်နဲ့ လူဟန့်စ်တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ခါဆန်ဒေသတောင်ပိုင်းနဲ့ ဇပိုးရီးရှားနယ်မြေအတွင်းက ရုရှားသိမ်းပိုက်ထားတဲ့ နေရာတွေမှာလည်း မဲပေးခဲ့ကြပါတယ်။  

၂၀၁၄ ခုနှစ်တုန်းက ရုရှားနဲ့ ပူးပေါင်းသွားခဲ့ ခရိုင်းမီးယားအပါအဝင် ရုရှားနိုင်ငံအတွင်းနေရာတချို့မှာသွားရောက်ခိုလှုံကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်လည်း ဆယ်ဂဏန်းတချို့အရေအတွက်ရှိတဲ့ မဲရုံတွေဖွင့်လှစ်ပြီး မဲပေးခွင့်ပြုခဲ့ပါတယ်။ မဲရလဒ်တချို့အရ ရုရှားနဲ့ပူးပေါင်းရေးကို လူအများစုကြီးက ထောက်ခံခဲ့ကြောင်းဖော်ပြနေပါတယ်။  

စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ လူပေါင်း ၄ သန်းက မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ ယူကရိန်းနယ်မြေအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။  

ရုရှားထောက်ခံအားပေးတဲ့ သတင်းအေဂျင်စီတွေရဲ့ ဖော်ပြချက်အရ ဒွန်ညက်စ်နဲ့ လူဟန့်စ်မှာ ၉၉.၂၃ ရာခိုင်နှုန်းက ရုရှားနဲ့ပူးပေါင်းဖို့ ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီလိုဆန္ဒခံယူပွဲမျိုးတွေအတွက် မကြုံစဖူးတဲ့ ပမာဏဖြစ်ပါတယ်။ 

သောကြာနေ့မှာပြုလုပ်မဲ့ ရုရှားလွှတ်တော်စုံညီ အစည်းအဝေးမှာ ရုရှားသမ္မတဗလာဒီမီယာပူတင် မိန့်ခွန်းပြောတဲ့အခါ အခုနယ်မြေ ၄ ခုကို ရုရှားနဲ့ ပူးပေါင်းဖို့ ကြေညာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။  

၂၀၁၄ ခုနှစ်မတ်လမှာ ခရိုင်းမီးယားကို ရုရှားနဲ့ပူးပေါင်းကြောင်းကိုလည်း အလားတူ အသိအမှတ်အပြုမခံရတဲ့ ဆန္ဒခံယူပွဲပြုလုပ်ပြီး ရက်အနည်းငယ်အကြာမှာ ကြေညာခဲ့ဖူးပါတယ်။  

အခုလို ရုရှားက အပြည့်အဝသိမ်းပိုက်မထားနိုင်သေးတဲ့ နယ်မြေ ၄ ခုကို ပူးပေါင်းလိုက်ရင် စစ်ပွဲဟာ အန္တရာယ်ပိုကြီးမားတဲ့ အဆင့်သစ်တခုကို ရောက်သွားပါလိမ့်မယ်။  ယူကရိန်းက အဲဒီနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားအားထုတ်မှုမှန်သမျှဟာ ရုရှားအချုပ်အချာအာဏာကိုတိုက်ခိုက်တာပဲလို့ ပုံဖော်တုံ့ပြန်တော့မှာ ဖြစ်ပါတယ်။  

နယ်မြေတွေကို အတင်းအကျပ် သိမ်းပိုက်ဖို့ အခုလိုပြုလုပ်တာဟာ ကုလသမဂ္ဂပဋိညာဉ်ကို ဆိုးဆိုးဝါးဝါး ကျူးလွန်ဖောက်ဖျက်တာပဲလို့ ယူကရိန်း သမ္မတဗလော်ဒီမီယာဇလန်စကီက ဆိုပါတယ်။  

“သိမ်းပိုက်နယ်မြေမှာ ဟာသလုပ်နေတာတွေဟာ အတုအယောင် ဆန္ဒခံယူပွဲဆိုတာထက်တောင် ပိုပါတယ်။ အသိမ်းပိုက်ခံနယ်မြေထဲကလူတွေကို ရုရှားစစ်တပ်ထဲအတင်းဆွဲသွင်းပြီး ကိုယ့်တိုင်းပြည်ကိုယ် ပြန်တိုက်ခိုက်ခိုင်းဖို့ကြိုးစားတဲ့ အလွန်ယုတ်မာတဲ့ လုပ်ရပ်ပါ” လို့ သူက ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှုတွေတိုးမြှင့်

ရုရှားကို ပိုမိုတင်းကျပ်တဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမစ်ထရိုကူလေဘာက ဥရောပသမဂ္ဂကို တိုက်တွန်းပါတယ်။  

“အလွန်အမင်း အလေးအနက်ထားဖို့ လိုပါတယ်။ ရုရှားစီးပွားရေးကိုထိခိုက်စေမဲ့ ထိရောက်တဲ့ တုံ့ပြန်မှုမျိုးတွေလုပ်ဖို့ လိုပါတယ်။ အခုဆန္ဒခံယူပွဲဆိုတဲ့ဟာ အပေါ်မှာ ပျော့ပျော့ညံ့ညံ့ တုံ့ပြန်နေလေလေ၊ ရုရှားထဲကို နောက်ထပ်နယ်မြေတွေ ပူးပေါင်းဖို့ အားပေးနေသလို ဖြစ်လေလေပါပဲ” လို့ဆိုပါတယ်။ ဗြိတိန်နိုင်ငံကတော့ အခု ဆန္ဒခံယူပွဲဆောင်ရွက်ရာမှာ ပါဝင်ပတ်သက်သူ ရုရှားထိပ်တန်းတာဝန်ရှိသူတွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုအသစ်တွေ လုပ်လိုက်ပါတယ်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကတော့ “ရုရှားနဲ့ပူးပေါင်းတာတွေကို အနောက်နိုင်ငံတွေက ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး”လို့ ထပ်လောင်းပြောကြားပါတယ်။ ရုရှားအနေနဲ့ တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်လို့လည်း သူက သတိပေးပါတယ်။  

ယူကရိန်းကို အင်္ဂါနေ့က သွားရောက်ခဲ့သူ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကက်သရင်းကိုလန်နာကတော့ အခုဆန္ဒခံယူပွဲကို ဟန်ဆောင်ဖုံးကွယ် တဲ့လုပ်ရပ်တွေလို့ ဆိုပါတယ်။  

ရုရှားရဲ့ အစဉ်အလာမဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ဝမ်ပင်းကတောင် ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး သတင်းထောက်တယောက်ရဲ့မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ “နိုင်ငံတိုင်းရဲ့ အချုပ်အချာနဲ့ နယ်မြေပိုင်ဆိုင်မှုတွေကို လေးစားရမယ်” လို့ဆိုပါတယ်။  

သမ္မတပူတင်ကတော့ ယူကရိန်းမှာရှိတဲ့ ရုရှားမျိုးနွယ်တွေ၊ ရုရှားစကားပြောလူမျိုးတွေ အပေါ်မှာ ယူကရိန်းရဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် အခုလို ဆန္ဒခံယူပွဲတွေကို ပြုလုပ်ရတာလို့ဆိုပါတယ်။ ယူကရိန်းကတော့ ရုရှားရဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။  

“အဲဒီနယ်မြေတွေမှာနေထိုင်တဲ့လူတွေကို ကယ်တင်ဖို့အတွက် ဒီဆန္ဒခံယူပွဲကို ပြုလုပ်တာပါ။ ကျွန်တော်တို့လူ့အဖွဲ့အစည်းတခုလုံးနဲ့ နိုင်ငံတခုလုံးရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်” လို့ သမ္မတပူတင်ရုပ်မြင်သံကြားမှာ ထုတ်ဖော်ပြောဆိုပါတယ်။  

ကြိုတင်မဲကောက်ခံမှုကို ၄ ရက်ပြုလုပ်ပြီး မဲရုံတွေကို ၁ ရက်သာ ဖွင့်လှစ်ခဲ့ပါတယ်။ ကြိုတင်မဲတွေကောက်ခံဖို့အတွက် မဲအရာရှိတွေဟာ စစ်သားတွေစောင့်ရှောက်ပြီး အိမ်တိုင်ရာရောက် ကောက်ခံခဲ့ပါတယ်။ “စစ်ပွဲရပ်တန့်နိုင်ဖို့အတွက် ကိုယ့်အသံကို အသုံးပြုပြီး သေးငယ်ပေမဲ့တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်” လို့ ဒိုးနက်စ်က အသက် ၆၃ နှစ်အရွယ် ဂလီနာကော်ဆာကိုဗာက ခရိုင်းမီးယားမဲရုံတခုမှာ AFP သတင်းဌာနကိုပြောပါတယ်။ “ကျွန်မတကယ်ကို အိမ်ပြန်ချင်နေပါပြီ” လို့လည်း ဆိုပါတယ်။  

အသိအမှတ်မပြုကြတဲ့ အခုဆန္ဒခံယူပွဲကို စစ်ပွဲကာလအတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇပိုရီးရှားမှာ မစ်ဇိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ရွေးကောက်ပွဲအရာရှိတယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။  

ရုရှားဟာ ယူကရိန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ကျူးကျော်ခဲ့တာဖြစ်ပြီး သောင်းနဲ့ချီတဲ့စစ်သား၊ အရပ်သားတွေ သေကြေဒဏ်ရာရခဲ့ကြပါတယ်။ မြို့တွေ တမြို့လုံးပျက်စီးကြေမွခဲ့ကြပါတယ်။  

ကုလသမဂ္ဂရဲ့ စာရင်းဇယားအရ ယူကရိန်းနိုင်ငံသား ၇ သန်း ၄ သိန်းကျော်ဟာ အခုအခါမှာ ဒုက္ခသည်တွေ အဖြစ် မှတ်ပုံတင်ထားပါတယ်။ အဲဒီအထဲမှာ ရုရှားနိုင်ငံထဲမှာ ခိုလှုံနေကြတဲ့ ၂ သန်း ၇ သိန်းနီးပါးရှိတဲ့လူတွေလည်း အပါအဝင် ဖြစ်ပါတယ်။