ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေလ ၂၈ ရက် ထိပ်တန်းသတင်းများ- မတ္တရာမှာ ယာဥ်ထိန်းရဲတပ်ကြပ်ကြီး ပစ်သတ်ခံရ
မန္တလေးတိုင်၊ မတ္တရာမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဥ်ထိန်းရဲတပ်ကြပ်ကြီးတစ်ဦးဟာ နေအိမ်ကို ပြန်ရောက်နေချိန်မှာ ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ရဲ့ ပစ်ခတ်တာခံရပြီး သေဆုံးတယ်လို့ သိရပါတယ်။
ယာဥ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ မတ္တရာမြို့နယ်ထဲက ဆယ်ပင်ကျေးရွာနေအိမ်ကို ပြန်ရောက်နေချိန် မေလ ၂၇ ရက်ညနေပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဆိုပြီး ယူနီကွန်းပြောက်ကျား အဖွဲ့ကပြောပါတယ်။
နောက် အဲဒီရဲတပ်ကြပ်ကြီးက ဒုရဲအုပ်လောင်းစာမေးပွဲဖြေဆိုဖို့ဆန္ဒမရှိတဲ့အကြောင်း မန္တလေး အမှတ် ၃ ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲက တပ်ဖွဲ့ခွဲမှူးဆီတင်တဲ့စာတစ်စောင်ကိုလည်း အဲဒီပြောက်ကျားအဖွဲ့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။
မန္တလေးမြို့ပေါ်က ပြည်တွင်းအခွန်ရုံးနဲ့ ဘားတစ်ခု ဗုံးပစ်ခံရ
မနေ့တစ်နေ့တည်းမှာပဲ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ထဲမှာရှိတဲ့ မြို့နယ်အခွန်ရုံးကို လက်လုပ်မိုင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ရုံးရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နောက် မနေ့ည ၁၁ နာရီဝန်းကျင်မှာပဲ အောင်မြေသာစံမြို့နယ်ထဲက ၁၁ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားမှာရှိတဲ့ ဘားတစ်ခုကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးက ဗုံးပစ်ခဲ့တာကြောင့် ဆိုင်ရှေ့မှာရှိတဲ့ ဝန်ထမ်းအမျိုးသားတစ်ဦး မစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
အာဏာရှင်အလိုမရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NMD) ကတော့ အခွန်ရုံးနဲ့ ဘားကို တိုက်ခိုက်တာ သူတို့လက်ချက်လို့ ပြောသလို အဲဒီဘားဟာ စစ်ကောင်စီရဲ့ နယ်ထိန်းတွေ၊ စခန်းမှူးတွေနဲ့ စစ်ကောင်စီအဆက်အနွယ်တွေလာရောက် စားသုံးကြတဲ့နေရာဖြစ်လို့ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
မန္တလေးမှာ စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာတွေကို ပြောက်ကျားတပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက် တာတွေ ရှိနေချိန်မှာပဲ စစ်ကောင်စီတပ်ဘက်ကလည်း မန္တလေး အခြေစိုက်ပြောက်ကျားအဖွဲ့တွေဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်အချို့ကို ဖမ်းဆီးတာတွေပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တုန်းကဆိုရင် မန္တလေးအခြေစိုက်ပြောက်ကျားအဖွဲ့တစ်ဖွဲ့မှာ ပါဝင်သူအမျိုးသားတွေ၊ နောက်သူတို့ကို ထောက်ပံ့သူတွေလို့ဆိုတဲ့ အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကျော်ကို ဖမ်းမိတယ်လို့ စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြင်းခြံထောင်မှာ အကျဥ်းသားအချို့ ရိုက်နှက်စစ်ဆေးခံရ
မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသား ၆ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်တွေအတွင်း ရိုက်နှက် စစ်ဆေးခဲ့တယ်လို့ ထောင်တွင်းအခြေအနေသိရှိ သူတွေက ဘီဘီစီကိုပြောပါတယ်။
တလုပ်မြို့ကနေ အဖမ်းဆီးထောင်ချခံရတဲ့ကိုကျော်လွင်ဦး၊ ဖောက်ခွဲမှုတွေနဲ့ဖမ်းဆီးထောင်ချခံရသူ ကိုကျော်မင်းနိုင်နဲ့ ကိုသက်မောင်မောင်တို့အပါအဝင် နိုင်ငံရေးအကျဥ်းသား ၆ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်တွေအတွင်း ထောင်ပြင်ကိုခေါ်ထုတ်ကာ ရိုက်နှက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
‘‘မြင်းခြံမှာအခြေစိုက်တဲ့ စစ်တပ်ရဲ့ ခမရ ၁၅ ထဲမှာ စစ်ကြောရေးပေါ့နော်။ နိုင်ငံရေးအမှုတွေကို အဲဒီမှာပဲ စစ်ဆေးတာ။ နိုင်ငံရေးနဲ့ပတ်သက်သူတွေအကုန်လုံး စစ်ကြောရေးအကုန်ဖြတ်ရတဲ့နေရာပါ။ ဟိုရက်တုန်းက ခေါ်ထုတ်ခံခဲ့ရသူတွေကို မတရားကြီး ရိုက်နှက်ထားခံထားရလို့ အဆောင်ကို ပြန်မပို့ဘူး။ အဆောင်အမှတ် ၁ မှာ ထားတယ်လို့သိရတယ်။ ပထမဆုံးခေါ်ထုတ်သွားတဲ့ကျော်မင်းနိုင်နဲ့ သက်မောင်မောင်မှာ ကျော်မင်းနိုင်ကျတော့ ထောင်ထဲကို ဝင်လာဖို့ရာမှာ သူကိုယ်တိုင် လမ်းမလျှောက်နိုင်လို့ ဘေးကနေ တွဲပြီး ဝင်လာရတယ်လို့ သိရတယ်’’ ဆိုပြီး တောင်တွင်းသတင်းနီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြင်းခြံထောင်ထဲက နိုင်ငံရေးအကျဥ်သားတွေမှာ ဖုန်းတွေရှိနေပြီး ပြင်ပမှာရှိတဲ့တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့သံသယနဲ့ စစ်တပ်က နိုင်ငံရေးအကျဥ်းသားတွေကို အကျဥ်းထောင်ထဲကနေ ခေါ်ထုတ် စစ်ဆေးခဲ့တာလို့လည်း ဆိုပါတယ်။
စစ်တပ်က ခေါ်ထုတ်သွားတဲ့နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးတယ်ဆိုတဲ့သတင်း အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပေမဲ့ အဲဒီအကျဥ်းသားဟာ နိုင်ငံရေးအကျဥ်းသားမဟုတ်ဘဲ သီးခြားအမှုနဲ့ထောင်ကျပြီး ရောဂါကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။
မြင်းခြံထောင်မှာ အကျဥ်းသူ အကျဥ်းသား ၁၅၀၀ နီးပါးရှိပြီး အဲဒီထဲက အများစုဟာ နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားတွေဖြစ်ကြတယ်လို့ ဒီနိုင်ကျဥ်းတွေအရေး အကူအညီပေးနေသူတွေက ဘီဘီစီကို ပြောထားပါတယ်။
မြင်းခြံထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ နေပြည်တော်၊ အကျဥ်းဦးစီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မိုးဗြဲမြို့မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး လေးဦး ထိခိုက်ဒဏ်ရာရရှိ
မနေ့ မေလ ၂၇ ရက်နေ့မှာ ရှမ်းကယားအစပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အသက် ၃ နှစ်ခွဲ အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (MBPDF ) က ထုတ်ပြန်လိုက်ပါတယ်။
မနေ့က ညနေ ၅ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ မိုးဗြဲ စည်ကား ၃ ရပ်ကွက် အတွင်းကို ပစ်ခတ်ခဲ့တာကြောင့် စည်ကား ၃ ရပ်ကွက် က နေအိမ်တစ်ခုက အသက် ၃ နှစ်ခွဲ အရွယ် ကလေးတစ်ဦး လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက် ၄ နာရီ ခွဲ ဝန်းကျင်လောက်မှာလည်း မိုးဗြဲမြို့ အနောက်ဘက်မှာ ရှိတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လက်ရှိမှာလည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေလို့ ကာကွယ်ရေး တပ်တွေက ဆိုကြပါတယ်။
လယ်ယာမြေကို တခြားနည်းနဲ့သုံးစွဲတာတွေကို အရေးယူမယ်လို့ သတိပေးလာ
မန္တလေးတိုင်းအတွင်း လယ်ယာမြေတွေကို အကွက်ဖော်ရောင်းချမှုတွေ တွင်ကျယ်လာတဲ့နောက် လယ်ယာမြေတွေနဲ့ ပုံစံ ၇ ရရှိပြီး လယ်ယာမြေတွေမှာ လယ်ယာမြေဥပဒေနဲ့ အညီ စိုက်ပျိုးရေးမလုပ်ဘဲ တခြားနည်းနဲ့အသုံးပြုတာတွေကို အရေးယူမယ်ဆိုပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြေညာပါတယ်။
လယ်ယာမြေတွေ ကို တခြားနည်းနဲ့သုံးစွဲတာ၊ လျှောက်ထားတဲ့နည်းလမ်းထက် ကျော်လွန်ဆောင်ရွက်တာ၊ မြေဖို့တာ၊ ကွက်စိပ်ရိုက်တာ၊ ကွန်ကရစ်လမ်းခင်းတာ၊ အုတ်တံတိုင်းကာရံတာ၊ ခြံစည်းရုံးကာရံတာ၊ နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ဆောက်လုပ်တာ၊ တရားမဝင်မြေ အရောင်းအဝယ်ပြုလုပ်တာ စတာတွေကို တွေ့ရင် အရေးယူမယ်လို့ ဆိုပါတယ်။
ကြေညာချက်အရဆိုရင် လယ်ယာမြေ ဥပဒေ ၁၉ အရ အမိန့်ချမှတ်တာ၊ လယ်ယာမြေဥပေဒ ပုဒ်မ ၂၀ က အရ သက်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုတာ၊ လယ်ယာမြေ ဥပဒေပုဒ်မ ၁၇ ဃ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရုပ်သိမ်းတာ၊ လယ်ယာမြေကို တခြားနည်းလမ်းအသုံးပြုခွင့်ပယ်ဖျက်တာ စတဲ့ အရေးယူဆောင်ရွက်တာတွေကိုလုပ်ဆောင်သွားမယ်လို့လည်း ပါဝင်ပါတယ်။
“ မန္တလေးဆို ပုသိမ်ကြီးဘက်မှာ ယာမြေတွေကို ဝယ်နေကြတာ၊ ဝယ်ထားကြတာတွေ အများကြီးရှိကြတယ်။ တကယ်လုပ်မယ်ဆိုရင်တော့ ဒုက္ခရောက်တဲ့သူတွေ တော်တော်များဦးမယ် “ လို့ မန္တလေးက အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကဆိုပါတယ်။
ယာမြေ ပေ၄၀ /ပေ၆၀ တကွက်ကို အနည်းဆုံး အနည်းဆုံး ကျပ်သိန်း ၅၀ ကနေ သိန်းရာ
ဂဏန်းအထိ ရှိနေပြီး အာမခံချက်မရှိပေမဲ့ စျေးတန်လို့ ဝယ်ကြတာများနေတယ်လို့ သိရပါတယ်။
ကလေးမြို့တောင်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းမှာ မေလ ၂၇ ရက် မနက်ပိုင်းတုန်းက ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုများပြားတယ်ဆိုပြီး ကလေးကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဇင်ကလင်းရွာနဲ့ ပေါက်ခုံရွာကြားမှာ အင်အား ၈၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ချိန် မိုင်းကွင်းထဲရောက်တဲ့စစ်ကောင်စီတပ်သား ဆယ်ချီ သေဆုံးခဲ့တာလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF/Vakok)က ပြောပါတယ်။
တစ်နာရီခွဲကျော်ကြာတဲ့ အဲဒီတိုက်ပွဲကို ကလေး PDF(မိုင်းအဖွဲ့)၊ CNDF/Vakokနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ချင်းပြည်နယ်ဒေသတွင်း သတင်းတွေမှာတော့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုဟာ ၃၀ နီးပါးရှိပြီး ဒဏ်ရာရသူလည်း များပြားတယ်လို့ဖော်ပြနေပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအရေအတွက်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီတပ်ဘက်ကလည်း တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မနေ့တစ်နေ့တည်းမှာပဲ ကလေးမြို့ မြောက်ပိုင်းက နည်းပညာတက္ကသိုလ်ထဲမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်က အနီးနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သာယာကုန်းကျေးရွာထဲက ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မနေ့ မွန်းလွဲ ၃ နာရီခန့်မှာ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဟာ ရွာထဲမှာရှိတဲ့ဘုရား ကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးနား အိမ်ထဲမှာနေတဲ့ ရွာသွားတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ CNO(အထက်ချင်းတွင်းဒေသ)က သတင်းထုတ်ပြန်ပါတယ်။
ရေစကြိုက ကျေးရွာတွေကို စစ်ကောင်စီ ဝင်ရောက်ပစ်ခတ်လို့ ဒေသခံ နှစ်ဦး သေဆုံး
မကွေးတိုင်းဒေသကြီး ၊ ရေစကြို မြို့နယ်၊ ရေလယ်ကျွန်း ဒေသအတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း နှစ်ကြောင်းနဲ့ ဝင်ရောက်ပြီး ပစ်ခတ်တာတွ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ပြည်သူ နှစ်ဦး သေဆုံးသွားတယ်လို့ ရေစကြို ဒေသကာကွယ်ရေး အဖွဲ့ထံက သိရပါတယ်။
ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် အကြား မြစ်ရဲ့ အရှေ့ဘက်က ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို စစ်ကောင်စီက ဝင်ရောက်ပစ်ခတ်ပြီး ဒေသခံ ပြည်သူ နှစ်ဦးသေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
" ရေလယ်ကျွန်းဘက်ကရွာတွေကို ဝင်ပြီး မီးရှို့တယ်။ ရမ်းသမ်းပစ်ခတ်တယ်။ ပြည်သူတွေ သေတာ ၂ ဦး တောင် မကလောက်ဘူး ။ အဖမ်းခံရတဲ့သူတွေလည်း ရှိပါတယ်။ တချို့ဒဏ်ရာရရှိထားတဲ့သူတွေကိုတောင် ဖမ်းခေါ် သွားတယ်ပြောတယ်။ သတင်းက ဖုန်းလိုင်းတွေ အဖြတ်ခံထားရတော့ ဂဃနဏ မသိရသေးဘူး။ အကြမ်းပဲ သိရတာ " လို့ ရေစကြို ရေလယ်ကျွန်း ဒေသခံ တစ်ဦးက ပြောပါတယ်။
မိုးဖြူ ၊ ချင်းယား ၊ ရေယှား ၊ မိုးကွဲ ၊ နန်းဦး စတဲ့ ကျေးရွာတွေထဲကိုလည်း ဝင်ရောက်ပြီး မီးရှို့တာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ် ။ ဒါ့အပြင် နန်းဦးကျေးရွာက မော်တော် ၁၅ စီးကိုလည်း မီးရှို့ခဲ့တယ်လို့ လည်း သိရပါတယ်။
အခုလို ရေစကြိုဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူသေဆုံးတာတွေ ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း တစုံတရာ ထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
မဟာမိတ်အဖြစ်ဆက်နေသွားဖို့ KIO နဲ့ PSLF တို့ ထပ်လောင်းသဘောတူ
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF) တို့ကြား ထာဝရမဟာမိတ်အဖြစ် ဆက်နေသွားဖို့ ကတိကဝတ်ကို ထပ်လောင်း သဘောတူလိုက်တယ်ဆိုပြီး KIO ဘက်က ဒီနေ့ မေလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နှစ်ဖက်သဘောတူထားပြီးသား ထာဝရမဟာမိတ်စာချုပ်ကို ကချင်ပြည်နယ်၊ မိုင်ဂျာယာန်မြို့မှာ ပြီးခဲ့တဲ့မေလ ၁၆ ရက်နဲ့ ၁၇ ရက်တုန်းက ပြုလုပ်တဲ့တွေ့ဆုံပွဲမှာ ထပ်လောင်းအတည်ပြုခဲ့တာလို့လည်း ဆိုပါတယ်။
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်တွဲဆောင်ရွက်ဖို့၊ အတူယှဥ်တွဲနေထိုင်ဖို့၊ အငြင်းပွားဖွယ်ရာသမိုင်းကြောင်းနဲ့ မုန်းစကားတွေကို ရှောင်ကြဥ်ဖို့၊ မမျှော်လင့်တဲ့အခက်အခဲတွေ ပေါ်လာတဲ့အခါ ဆုံးဖြတ်ချက်မှန်ကန်ရေး နှစ်ဖက်တိုင်ပင်ညှိနှိုင်းဖြေရှင်းဖို့နဲ့ ပဋိပက္ခ မပေါ်ပေါက်ရေး ဝိုင်းဝန်းထိန်းသိမ်းဖို့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ KIO ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒေသခံတွေဖြစ်တဲ့ ကချင်လူမျိူး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုးအပါအဝင် ဒေသအတွင်းက လူထုရဲ့ ဘေးကင်းလုံခြုံရေးကို တာဝန်ခံဖို့နဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စရပ်တွေကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကျိုက်ဇကောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ဦး သေဆုံး၊ ၃ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ဆို
ပဲခူးမြို့ ကျိုက်ဇကောအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၈၀ ကျော်ချမှတ်ခံထားရတဲ့ ကိုသန့်ဇင်ဝင်းနဲ့ တခြားနိုင်ငံရေး အကျဉ်းသား ၃ ဦးတို့ကို ပဲခူးမြို့ ၊ ကျိုက်ဇကော အကျဉ်းထောင်အတွင်းကနေ ပြီးခဲ့တဲ့ မေလ ၂၅ ရက်က ခေါ်ထုတ်ခံရပြီးနောက် သေဆုံးသွားပြီလို့ သိရကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
မေလ ၂၆ ရက်နေ့မှာ ကိုသန့်စင်ဝင်းသေဆုံးကြောင်း ခိုင်လုံတဲ့ သတင်း ရင်းမြစ်တွေထံက သိရတယ်လို့ ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။
ကိုသန့်ဇင်ဝင်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ပုဒ်မ ၅၄၊ ၅၀၅၊ ၅၁၊ ၅၂ အပါအဝင် တခြားပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၈၀ ကျော် ချမှတ်ခံထားရတာဖြစ်ပါတယ်။
သူ့ကို ထောင်အတွင်းကနေ ခေါ်ထုတ် သွားပြီး ၂၄ နာရီ အတွင်း သေဆုံးကြောင်း သတင်းထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။ ကိုသန့်စင်ဝင်းနဲ့ အတူ ခေါ်ဆောင်သွားတဲ့ တခြား နိုင်ငံရေးအကျဉ်းသား သုံးဦးမှာလည်း သတင်းမရဘဲ ပျောက်ဆုံးနေတယ်လို့ လည်း ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။
ဒါ့အပြင် မနေ့ မေလ ၂၇ ရက်နေ့ကလည်း ထောင်အတွင်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ကို ထပ်မံပြီး အာဏာပိုင်တွေက ခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပျောက်ဆုံးနေကြတယ်လို့ဆိုပါတယ်။
" အကျဉ်းထောင်ထဲကို ကား အဝင်အထွက်တွေ တွေ့နေရပါတယ်။ ဒီရက်ပိုင်း ကား အဝင်အထွက်တွေ အရင်လို မဟုတ်ဘဲ များနေတာပါ။ ပုံမှန် အခြေအနေမျိုးတော့ မဟုတ်ဘူး။ " လို့ ထောင် အနီး အနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ကိုသန့်ဇင်ဝင်း သေဆုံးတယ်ဆိုတာနဲ့ နိုင်ငံရေးအကျဥ်းသား အချို့ ပျောက်ဆုံးနေတယ်ဆိုတဲ့ အပေါ် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးဘဲ ကျိုက်ဇကောအကျဥ်းထောင်ကိုတယ်လီဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့မရသလို နေပြည်တော်အကျဥ်းဦးစီးဌာနကိုလည်း ဆက်သွယ်ပေမဲ့ တယ်လီဖုန်းပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
ပခုက္ကူမှာ ကျည်ဆန် ၁၂၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို စစ်တပ်ဖမ်းမိ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြောက်ကျားတပ်ဖွဲ့ဆီပေးပို့မယ် ကျည်ဆန် ၁၂၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းတွေကို မနေ့တစ်နေ့တည်းမှာ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်သိရပါတယ်။
အဲဒီကျည်ဆန်တွေနဲ့ လက်နက်ခဲယမ်းတွေဟာ ပခုက္ကူနဲ့မြိုင်အခြေစိုက်လှုပ်ရှားတဲ့ Eagle Brigade ပြောက်ကျားတပ်ဖွဲ့တွေဆီပို့မယ့် ပစ္စည်းတွေလို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သတင်းပေးပို့ချက်အရ မနေ့ညနေ ၃ နာရီလောက်က ကုန်စည်ပို့ဆောင်ရေးယာဥ် တစ်စီးကို စစ်ဆေးရာမှာ M4 AR15 သေနတ်တစ်လက်၊ ကျည်အိမ် ၁၅ ခု၊ ကျည် ၂၃ တောင့်၊ ၄၀ မမဗုံးသီး ၈ လုံး ကို ဖမ်းမိခဲ့တာဖြစ်ပြီး၊ ကျည်ဆန်တွေကိုတော့ ပခုက္ကူမြို့ ၆ မိုင်နီးပါးအကွာက အင်ပင် စစ်ဆေးရေး ဂိတ်မှာ သုံးဘီးဆိုင်ကယ်ပေါ် လျှို့ဝှက်သယ်လာချိန် ဖမ်းမိတာလို့ ဆိုပါတယ်။
အခုတော့ အဲဒီပစ္စည်းတွေကို သယ်ယူလာတဲ့ ကုန်စည်ပို့ဆောင်ရေးယာဥ်ပိုင်ရှင်အမျိုးသား၊ သုံးဘီးဆိုင်ကယ်နဲ့အတူပါလာတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီးထားတယ် ဆိုပြီး စစ်ကောင်စီတပ်ဘက်က သတင်းတွေကို ထုတ်ပြန်တဲ့ တယ်လီဂရမ်တွေမှာဖော်ပြပါတယ်။
ပခုက္ကူမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မကြာသေးခင်တုန်းက စစ်ကောင်စီဘက်ဆီ ဘက်ပြောင်းခိုလှုံသွားတာကြောင့် ပခုက္ကူနဲ့ မြိုင်အခြေစိုက် PDF တပ်ရင်းတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အခြေပြုစခန်းတွေရဲ့ သတင်းအချက် ပေါက်ကြားမှုကို သတိရှိဖို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး မကြာခင်မှာပဲ အခုလို လက်နက်ဖမ်းဆီးခံရမှုတွေ ထွက်ပေါ်လာတာပါ။
လက်နက်တွေဖမ်းဆီးခံလိုက်ရတဲ့ Eagle Brigade တပ်ဖွဲ့ကတော့ လမ်းမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံ လိုက်ရတာဟာ ဘက်ပြောင်းခိုလှုံသွားသူတွေရဲ့ပယောဂမကင်းဘူးဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။
နိုင်ငံခြားငွေ တိုးမြှင့်ရောင်းချပေးမယ်ဆိုပြီး ဗဟိုဘဏ်ပြောလာ
စျေးကွက်ထဲမှာ မဖြစ်မနေဒေါ်လာလိုအပ်သူတွေဝယ်ရခက်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိလာတဲ့နောက် ဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ နိုင်ငံခြားငွေ တိုးမြှင့်ရောင်းချပေးမယ်ဆိုပြီး ဗဟိုဘဏ်ကထုတ်ပြန်လာပါတယ်။
ဗဟိုဘဏ်အပြောအရ ပြင်ပက မဟုတ်မမှန်သတင်းလွှင့်ပြောကြားချက်တွေကိုမယုံကြည်ဖို့ နဲ့
ပြည်ပကို ပညာသင်သွားရောက်မယ့်သူတွေ၊ ဆေးကုသမှုခံယူမယ့်သူတွေ နဲ့ အလုပ်သွားရောက်လုပ်ကိုင်မယ့် သူတွေအတွက် ဘဏ်ငွေလဲကောင်တာတွေမှာ အသေးသုံး နိုင်ငံခြားငွေတိုးမြှင့်ရောင်းချပေးဖို့ နဲ့ နိုင်ငံတကာသုံးငွေပေးချေကတ်တွေနဲ့ သတ်မှတ်ပမာဏအတွင်း ရောင်းချပေးမယ်လို့ဆိုပါတယ်။
နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက် လိုအပ်သလို ပံ့ပိုးကူညီမယ်လို့ဆိုပြီး ဗဟိုဘဏ်အနေနဲ့ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းကို ပြောင်းလဲဖို့ အစီအစဉ်မရှိသေးဘူးလို့ပြောပါတယ်။
ဈေးကစားသူအချို့က ဈေးနှုန်းကမောက်ကမဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း မြင့်တက်မယ်ဆိုတဲ့ မဟုတ်မမှန် သတင်းတွေထုတ်လွှင့်ပြီး လိမ်ညာအမြတ်ထုတ်ဖို့ ဆောင်ရွက်နေတယ်လို့ ဗဟိုဘဏ်က ဖော်ပြပါတယ်။
ပြင်ပမှာတော့ နိုင်ငံခြားငွေလိုအပ်သူတွေအနေနဲ့ အထူးသဖြင့် အမေရိကန် ဒေါ်လာ က ဝယ်ရခက်နေပြီး ငွေလဲကောင်တာတွေက ဒေါ်လာအဝယ်ပဲလက်ခံပြီး အရောင်းမရှိသလောက်ဖြစ်နေတယ်လို့ ပြောကြပါတယ်။