အောက်တိုဘာလ ၁၅ ရက်ထိပ်တန်းသတင်းများ - ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသထဲ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်အကြား မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေကို ကိုးကန့်တပ်ဘက်က သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အားဆယ်ချီနဲ့ ကိုးကန့်တပ်တို့ တိုက်ပွဲဖြစ်ချိန် အခုလို သိမ်းမိခဲ့တာလို့ ကိုးကန့်အာဘော် The Kokant က သတင်းဖော်ပြပါတယ်။

The Kokang ရဲ့ သတင်းအရ မနေ့ နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီလက်အောက်ခံ စကခ (၁၂) တပ်ရင်း (၃၃၅) က တပ်ဖွဲ့ဝင် ဆယ်နဲ့ချီဟာ ကိုးကန့်တပ်ဖွဲ့ဝင်တွေရှိရာကို စစ်ကြောင်းထိုးလာခဲ့တာလို့ ဆိုပါတယ်။

နှစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က ၁၆ ယောက်သေဆုံးပြီး ရိုင်ဖယ်သေနတ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက် ၁ လက်အပါအဝင် ကျည်ဆန်တွေပါ သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးစာရင်းကို ဘီဘီစီအနေနဲ့ သီးခြားထပ်မံအတည်မပြုနိုင်သေးသလို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း ကိုးကန့်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ညနေ ၅ နာရီအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိပါဘူး။

စစ်ကောင်စီက နေပြည်တော်မှာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးတဲ့ NCA စာချုပ် ၈ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပနေတဲ့ကာလအတွင်း အပစ်ရပ်မှာ လက်မှတ်မရေးထိုးတဲ့ ကိုးကန့်တပ် (MNDAA)နဲ့သာမက တအာင်းတပ် (TNLA)နဲ့ပါ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အခုလအတွင်း TNLA နဲ့ စစ်တပ်ကြား နေ့စဥ်နီးပါး တိုက်ပွဲဖြစ်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းရွာနဲ့ ဖြူရောင်ရွာကြားမှာ တအာင်းလွတ်မြောက်ရေးတပ်(TNLA)နဲ့ စစ်ကောင်စီတပ်ကြား မနေ့ကလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၄၊ ၈၈၊ ၁၀၂၊ ၁၀၄ ခြေလျင်တပ်ရင်းတွေက အင်အား ၁၅၀ ကျော်နဲ့ နှစ်ကြိမ်တိတိ ထိုးစစ်ဆင်တာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ TNLA က ပြောပါတယ်။

အခု အောက်တိုဘာလ ၁ ရက်ကနေ ၁၄ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုတာကြောင့် စစ်တပ်နဲ့ TNLA ကြားနေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။

TNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား ရှမ်းမြောက်ဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့တစ်လလုံးဖြစ်တဲ့ တိုက်ပွဲနဲ့ပေါင်းရင် စုစုပေါင်း ၇၈ ကြိမ်ရှိပြီလို့ TNLA ဘက်ကပြောပါတယ်။

စစ်ကောင်စီကတော့ တအာင်းတပ် TNLA နဲ့ တိုက်ပွဲတွေအကြောင်း သတင်းတစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

ဒါပေမဲ့ ဒီကနေ့ ပြုလုပ်တဲ့ တစ်နိုင်ငံလုံး အပစ်ခပ်ရပ်ဆဲရေး သဘောတူစာချုပ် NCA နှစ်ပတ်လည် ရှစ်နှစ်ပြည့်ပွဲမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်ပြီး ပြောလာပါတယ်။

TNLA ဟာ ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ် (MNDAA)တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၅ အပစ်ရပ်စာချုပ်ထိုးချိန်မှာ လူအင်အားနဲ့ နယ်မြေ ထိန်းချုပ်မှုနိုင်မှုတဲ့အခြေအနေ အကြောင်းပြချက်တွေကြောင့် NCA မှာ ပါဝင်ဖို့ ချန်လှပ်ခံခဲ့ရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အခုတော့ TNLA ဟာ မြန်မာ- တရုတ် ကုန်သွယ်ရေးလမ်းမကြီး တလျှောက်က မြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္ဒီ၊ ကွတ်ခိုင်နဲ့ မူဆယ်၊ နမ့်ခမ်းအထိ TNLA က လှုပ်ရှားနေတာဖြစ်ပါတယ်။

ဒါ့အပြင် TNLA ဟာ ရှမ်းပြည်နယ် နဲ့ မန္တလေးတိုင်း ထိစပ်နေတဲ့ မြို့နယ်တွေအထိပါ လှုပ်ရှားလာနေပြီး မြောက်ဘက်မှာ မိုးကုတ်မြို့နယ်နဲ့ တောင်ဘက်မှာ ပြင်ဦးလွင်နဲ့ထိစပ်နေတဲ့ နောင်ချိုမြို့အထိပါ လှုပ်ရှားနေတာ ဖြစ်ပါတယ်။

အစုလိုက်သတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံး

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့ ရှစ်လအတွင်း အနည်းဆုံး ၁၀ ဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ပေါင်း ၂၂ ခုထက်မနည်းရှိခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ပါတယ်။

ကချင်၊ ကယား၊ ရှမ်းတောင်၊ ရခိုင်၊ စစ်ကိုင်း၊ ပဲခူးနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ခဲ့ပြီး အရပ်သား ၅၀၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ဖြစ်စဉ်တွေလို့ ISP က ထောက်ပြပါတယ်။

ISP Myanmar ရဲ့ စစ်တမ်းအရ စစ်ကိုင်းတိုင်းအတွင်းမှာတင် အရပ်သားအစုလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၁၂ ခုအထိ ရှိခဲ့ပြီး ယင်းမာပင်မြို့နယ်မှာဆိုရင် ၂၀၂၂ ခုနှစ်အတွင်း မတူညီတဲ့ ကာလတွေမှာ ချင်းပုန်းရွာ၊ ရင်ပေါင်တိုင်ရွာ၊ လက်ပံတောရွာ စတဲ့ သုံးရွာက အရပ်သား အယောက် ၄၀ သတ်ဖြတ်ခံရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာဆိုရင် အရပ်သား ၁၆၅ ဦးသေဆုံးခဲ့ပြီး အရပ်သားအများဆုံးသေဆုံးမှုဖြစ်စဉ်ပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာလ ၉ ရက်နေ့ကမှ ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်မှာရှိတဲ့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှု မှာဆိုရင် အရပ်သား ၂၉ ဦးအထိ သေဆုံးခဲ့ပါတယ်။

ဒီလို အစုလိုက် အရပ်သားသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေထဲက မုန်လိုင်ခက်ဖြစ်စဉ်ကိုဆိုရင် စစ်ကောင်စီက သူတို့တိုက်ခိုက်တာမဟုတ်ကြောင်း ငြင်းဆိုထားသလို ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဟာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အပြီးသတ် ရှင်းလင်းဖို့လုပ်တာလို့ ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင် ဖိတ်ခေါ်

အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းတာတွေလုပ်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ် လာပါတယ်။

နေပြည်တော်မှာ ဒီကနေ့ပြုလုပ်နေတဲ့အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးနိုင်မှု (NCA) ၈ နှစ်ပြည့် အခမ်းအနားမှာ စစ်ခေါင်းဆောင်က အခုလို ဖိတ်ကြားလိုက်တာဖြစ်ပါတယ်။

‘’NCA လက်မှတ်ရေးထိုးထားတာမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ... နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားတိုးတက်ရေးအတွက်

တွေ့ဆုံဆွေးနွေးပွဲ ညှိနှိုင်းရေးတွေကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ကြားပါတယ်’’ လို့ သူက မိန့်ခွန်းထဲ ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ NCA ပွဲကို အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၇ ဖွဲ့ တက်ရောက်နေပြီး ကျန် ၃ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) တို့တော့ မတက်ရောက်ကြပါဘူး။

အပစ်ရပ်မှာလက်မှတ်ထိုးထားပေမဲ့ NCA အခမ်းအနားကို မတက်ရောက်တဲ့ KNU ကလည်း NCA ပျက်ပြယ်ပြီ ဆိုတဲ့အကြောင်း ဒီနေ့မှာပဲ ထုတ်ပြန်ပြောဆိုလာပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ရေး ဦးဆောင်ညှိနှိုင်းခဲ့သူလည်းဖြစ်၊ သမ္မတဦးသိန်းစိန်လက်ထက် သမ္မတရုံး ဝန်ကြီး‌ဟောင်းလည်း ဖြစ်တဲ့ ဦးအောင်မင်းကတော့ NCA ဟာ ကုလသမဂ္ဂ၊ အိမ်နီးချင်းနဲ့ နိုင်ငံတကာ အရှေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ဖြစ်တာကြောင့် NCA မပျက်ပြယ်ဘူးလို့ ဒီနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောသွားပါတယ်။

NCA နှစ်ပတ်လည် ပြုလုပ်တာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ NUG ပြော

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးတဲ့ ရှစ်နှစ်ပြည့်အခမ်းအနားကို စစ်ကောင်စီက နေပြည်တော်မှာ ဒီကနေ့ ကျင်းပနေပါတယ်။

NCA စာချုပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက ပျက်ပြယ်သွားဖြစ်လို့ ဒီလို NCA နှစ်ပတ်လည် ကျင်းပတာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ‌ဒူဝါလရှီးလက ပြောပါတယ်။

NCA နှစ်ပတ်လည်မတိုင်ခင် မနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ သူက အခုလိုပြောတာဖြစ်ပါတယ်။

အခုကာလဟာ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေသာမက အရပ်သားပြည်သူတွေပါ သတ်ဖြတ်ခံနေရချိန်ဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA နှစ်ပတ်လည် အခမ်းအနားတက်ရောက်ပြီး ဂုဏ်ပြုချီးမြှင့်ရမယ့် အချိန်မဟုတ်ပဲ ဖြစ်ပျက်နေမှုတွေကို ပြန်လည်သုံးသပ်ရမယ့် အချိန်လို့ ထောက်ပြပါတယ်။

ဒါအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီကို အသိအမှတ်မပြုဖို့ လေးနက်စွာတိုက်တွန်းကြောင်းလည်း NUG က ပြောပါတယ်။

ကနဦး NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ချိန်မှာ အစိုးရ နဲ့ လွှတ်တော် တို့ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီအနေနဲ့ NCA နှစ်ပတ်လည်လုပ်ဖို့ အခွင့်အာဏာမရှိသလို စစ်ကောင်စီ ထံကနေ ခိုင်မာတဲ့ ငြိမ်းချမ်းရေး အာမခံချက်၊ တည်ကြည်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ် မရနိုင်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ က သူ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

တဖက် စစ်ကောင်စီဦးစီးကျင်းပတဲ့ NCA နှစ်ပတ်လည် အခမ်းအနားကို KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုးဟာ ကရင်တိုင်းရင်းသားခေါင်းဆောင်အဖြစ် တက်ရောက်နေပြီး ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)က ဦးခိုင်စိုးနိုင်အောင် နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က ရဲဘော်မျိုးဝင်းတို့ကလည်း အဖွဲ့အစည်းကိုယ်စားပြုအနေနဲ့မဟုတ်ဘဲ NCA လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအဖြစ် တက်ရောက်နေကြပါတယ်။

ဒါအပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန် တို့သာမက အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တက်ရောက်နေပါတယ်။

ဘန်ကောက်ပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၁ ဦး ထပ်မံသေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Siam Paragon ကုန်တိုက် သေနတ်ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူအမျိုးသမီးတစ်ဦး အောက်တိုဘာလ ၁၃ ရက်မှာ သေဆုံးသွားပြီလို့ ထိုင်းသတင်းတွေမှာဖော်ပြလာပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ် ထိုင်းအမျိုးသမီးဖြစ်ပြီး ပစ်ခတ်မှုမှာ ဦးခေါင်းနဲ့ နံကြားကို ထိမှန်တဲ့ သေနတ်ဒဏ်ရာတွေကြောင့် ဘန်ကောက်မြို့က ချူလာလောင်ကွန်းဆေးရုံမှာ ကုသမှုခံယူနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့က နာမည်ကျော် ကုန်တိုက်ပစ်ခတ်မှုမှာ သေဆုံးသူ ၃ ဦးအထိရှိလာပြီး ကျန် ၂ ဦးကတော့ ကုန်တိုက်မှာအလုပ်လုပ်ကိုင်ရင်း သေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးတဲ့ မြန်မာပြည်ဖွား မမိုးမြင့်၊ တရုတ်ခရီးသွားအမျိုးသမီးတစ်ဦးတို့ဖြစ်ပါတယ်။

‌အောက်တိုဘာလ ၅ ရက်ညနေပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ ကုန်တိုက်ပစ်ခတ်မှုမှာ ပစ်ခတ်တဲ့သေနတ်သမား အသက် ၁၄ နှစ်အရွယ် လူငယ်ကို ရဲက ဖမ်းဆီးထားလိုက်ပြီဖြစ်ပြီး လူသတ်မှု၊ လူသတ်ရန်ကြံစည်မှု စတဲ့ အမှု ၅ မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဒီလူငယ်ကို သေနတ်ရောင်းခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအမျိုးသား ၃ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးမှုတွေကို စစ်ကောင်စီပယ်ချ

၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ၂ ခုက အကြောင်းအရာတွေဟာ လူ့အခွင့်အရေးယန္တရားတွေရဲ့လက်မခံနိုင်တဲ့အပြုမူတွေလို့ဆိုပြီး စစ်ကောင်စီ ဘက်က ပယ်ချလိုက်ပါတယ်။

ဂျီနီဗာမြို့မှာ စက်တင်ဘာလ ၁၁ ရက်ကနေ အောက်တိုဘာလ ၁၃ ရက်အတွင်း ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ့နိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)က အစီရင် ခံစာတင်ပြခဲ့တာ၊ နောက် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အဲဒီအစီရင်ခံစာ အပေါ် အပြန်အလှန်ဆွေးနွေးတာတွေပြုလုပ်ခဲ့တာကို စစ်ကောင်စီက ပယ်ချတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီဟာ တရားစွဲဆိုတဲ့ ယန္တရားထူထောင်ရန်လုပ်ပိုင်ခွင့်မရှိဘဲ IIMM ကို ထူထောင်ခဲ့တာ၊ IIMM ရဲ့ လုပ်ပိုင်ခွင့်ကို မြန်မာက အသိအမှတ်မပြုတာ၊ နောက် IIMM က စုဆောင်းခဲ့တဲ့ အချက်အလက်အပိုင်းအစ ၂၃ သန်းကိုလည်း သံသယရှိတဲ့အကြောင်း စစ်ကောင်စီဘက်က ပြောပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး ဗော်ခါတာ့ခ်ကတော့ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေဟာ ပိုဆိုးလာနေပြီး စစ်တပ်က နိုင်ငံထဲမှာရှိတဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တွေကို လှိုက်စားနေလို့ မြန်မာ့အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းဖို့ လုံခြုံရေးကောင်စီကို တောင်းဆို ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးဟာ NUG/ PDF ကြောင့် လူပေါင်း ၆၆၀၀ ကျော်သေဆုံးခဲ့ပေမဲ့ အစီရင်ခံစာထဲမှာ လျှော့ပေါ့ဖော်ပြခဲ့တာ၊ အချင်းချင်းအပြန်အလှန် တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပေမဲ့ အဲဒီသတင်းတွေကို အလေးမထားခဲ့ဘူးလို့ ထောက်ပြပြောဆိုပါတယ်။

မြန်မာပြည်မှာ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ အချက်ကို စစ်ကောင်စီဘက်က ထပ်လောင်းပြောလာသလို အာဆာရဲ့ တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသူတွေဖြစ်ပြီး ဒီလူတွေ နေရပ်ပြန်လာရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လူ့အခွင့်အ‌ရေးကောင်စီမှာ ဆွေးနွေးမှုတွေအတွင်း မြန်မာနိုင်ငံကို နားလည်ပြီး အပြုသဘော ရပ်တည်ပေးခဲ့တဲ့နိုင်ငံတွေနဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။