စက်တင်ဘာ ၉ ရက်ထိပ်တန်းသတင်းများ - စစ်ကောင်စီရဲ့ ခေးပူတပ်စခန်းကို KNU သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, KNU
သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူဦးရေ ဒါဇင် ဝန်းကျင် ထိခိုက်သေဆုံး
ကရင်ပြည်နယ်၊ ဖာပွန် ခရိုင်၊ ခေးပူရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA၊ အထူးတပ်ဖွဲ့ (Special Force) နဲ့ ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNU က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ခေးပူစခန်းဟာ လွန်ခဲ့တဲ ၁၆ နှစ် ၂၀၀၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်က လာရောက်အခြေချခဲ့တဲ့ စခန်းဖြစ်ပြီး အနီးနားက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် စခန်းကို တိုက်ခိုက်သိမ်းပိုက်ရတာလို့ KNU တပ်မဟာ ၅ ရဲ့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲပြီးတဲ့နောက် ဖာပွန်မြို့နယ်(လူသော) ထဲက ကော်ရိုဘောထာ၊ သေသူးခီး၊ ဒေဘူးနို စတဲ့ရွာတွေအနီးမှာ စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လူနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
နောက်တနေ့ စက်တင်ဘာ ၇ ရက် နေ့မှာတော့ ဖာပွန် ခရိုင်ထဲက ဒွယ်လိုးမြို့နယ်၊ ထီးဂေါ်ထာရွာထဲကို လေကြောင်းနဲ့ လာရောက်ပစ်ခတ်တာကြောင့် ကျောင်းဆရာအပြင် အသက်မပြည့်သေးတဲ့ကျောင်းသား၊ ကျောင်းသူတွေအပါ စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပါတယ်။
ဒါအပြင် အလယ်တန်းနဲ့ အထက်တန်းအရွယ် ကျောင်းသားကျောင်းသူ ၆ ဦးနဲ့ ဆရာမ ၁ ဦးဒဏ်ရာရခဲ့ပါတယ်။
မနေ့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း KNU တပ်မဟာ ၅ နယ်မြေထဲက ခလယ်ထာ၊ တာခဲဒဲနဲ့ ဂယ်ယူဒဲဒေသတွေကို လေကြောင်းနဲ့လာရောက်တိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုအခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ကရင်နဲ့ ပဲခူးတိုင်းအစပ်က ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ နှစ်ဖက်တိုက်ပွဲတွေအကြောင်း ဒီကနေ့ ညနေပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
အာဆီယံဥက္ကဋ္ဌတာဝန်မယူနိုင်တဲ့ကိစ္စ စစ်ကောင်စီ ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၂၆ ခုနှစ်မှာ တာဝန်ယူရမယ့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို ဘာကြောင့် လွှဲပြောင်း ပေးလိုက်သလဲ ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
စစ်ကောင်စီကတော့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့အညီ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတော်ကို တည်ဆောက်နေတဲ့ ကာလဖြစ်တာကြောင့် ဖိလစ်ပိုင်ကို ဥက္ကဋ္ဌတာဝန်ယူပေးဖို့ လွှဲပြောင်းပေးခဲ့တာလို့ ထုတ်ပြောလာပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်အတွက် အနည်းဆုံးအချိန် နှစ်နှစ် ပြင်ဆင်ရတာကြောင့် စစ်ကောင်စီက ဖိလစ်ပိုင်ကို ၂၀၂၆ ခုနှစ်မှာ တာဝန်ယူဖို့ အဆင်ပြေမပြေ သဘောထားမေးမြန်းခဲ့တဲ့အကြောင်း အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ရဲ့ ဖိလစ်ပိုင်ကို သဘောထားမေးမြန်းမှုကို လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကိုလည်း အသိပေးထားခဲ့တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်ကလည်း သဘောတူခဲ့ပြီး တခြားဆုံးဖြတ်ချက်တစ်ရပ်မထွက်ပေါ်ခင်အထိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဇယားကို အက္ခရာစဥ်အတိုင်းဆက်လက်ဆောင်ရွက်ဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
အာဆီယံအရေးကျွမ်းကျင်သူတွေကတော့ အခုလိုဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကလည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို တာဝန်မထမ်းဆောင်နိုင်သေးလို့ အခုလိုအလှည့်ကျော်ခဲ့ရဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကမှသာ မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပထမဆုံး တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံမှာ အာဆီယံအစည်းအဝေးတွေ လက်ခံကျင်းပခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌ ဖြစ်တာဝန်ယူပါက မြန်မာနိုင်ငံဟာ ဒေသတွင်း ၁၀ နိုင်ငံအရေးကိစ္စတွေကို ပါကိုင်တွယ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရမယ့် တာဝန်ကိုယူရမှာလည်း ဖြစ်ပါတယ်။
ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်ဖွဲ့စည်း

ဓာတ်ပုံ ရင်းမြစ်, BNRA
ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ် MRDA အပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်တဲ့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ LPDF တွေနဲ့ ပူးပေါင်းဖွဲ့စည်းပြီး ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ကို ဒီကနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ ဖွဲ့စည်းကြောင်းတရားဝင် ထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသရဲ့ ကံကြမ္မာကို အညာပြည်သူတွေက ဖန်တီးခွင့်ရရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ရည်ရွယ်ဖွဲ့စည်းတာလို့ ပြောပါတယ်။
"အညာဒေသမှာ အများဝေဖန်သလို NUG နဲ့ စင်ပြိုင်ဖွဲ့စည်းတာမျိုးမဟုတ်ပါဘူး။ NUG အပါအဝင် PDF၊ LPDF တွေ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးသာမက တနိုင်ငံလုံးမှာ လှုပ်ရှားမှာဖြစ်ပါတယ်" လို့ BNRA တပ်ဖွဲ့ဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လက်တွဲပူးပေါင်းမယ့်အကြောင်း BNRA က ဒီကနေ့မှာ တရားဝင်ထုတ်ပြောခဲ့ပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ဖို့ ရည်ရွယ်ဖွဲ့စည်းတယ်လို့ ဖော်ပြပါတယ်။
အခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ MRDA ခေါင်းဆောင် ဗိုလ်နဂါးနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနကြားအငြင်းပွားဖွယ်ရာ ကိစ္စတွေအကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ် နှစ်ဖက်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားတာတွေ ဆက်တိုက်ဖြစ်ခဲ့ပါသေးတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကတော့ MRDA ရဲ့ တပ်ဖွဲ့ဝင်တွေကို ကနဦးမှာယာယီထုတ်ပယ်ခဲ့ပေမဲ့ ပြန်လည်လက်ခံထားပြီဖြစ်ပြီး ဗိုလ်နဂါးနဲ့တော့ အငြင်းပွားဖွယ်ရာကိစ္စတွေနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးနေတာမရှိဘူးလို့ သြဂုတ်လကုန်ပိုင်းမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။
မုံရွာထောင်က အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ နောက်ဆုံးအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်အတွင်းကို ဌာနပေါင်းစုံပူးပေါင်းရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ တကိုယ်ရည်ပစ္စည်းတွေ သိမ်းဆည်းခဲ့တဲ့ဖြစ်စဉ် မနေ့က ရှိခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဆီကနေ သိရပါတယ်။
ဒီလို သိမ်းဆည်းခံရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေက တရားရုံးထွက်ဖို့ ငြင်းဆန်တာကြောင့် စစ်တပ်က ဖိအားပေးကာ အတင်းအကျပ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မနေ့ ညနေပိုင်းမှာပဲ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြနေကြပြီး အချို့ကတော့ ထောင်ကကျွေးမွေးတဲ့အစားအသောက်တော့ လက်မခံကြဘူးလို့ သိရပါတယ်။
အဲဒီလို အစာငတ်ခံဆန္ဒပြသူ ၁၄ ဦးကို လတ်တလောမှာသီးသန့်ပြောင်းရွှေ့ထားကြောင်း နောက်ဆုံးအခြေအနေသိရှိထားရပါတယ်။
"သိမ်းဆည်းသွားတဲ့ပစ္စည်းတွေ ပြန်လည်ပေးဖို့၊ ထောင်ဝင်စာစည်းကမ်းလျော့ပေါ့ပေးဖို့ဆိုတဲ့ အချက် ၂ ချက်ကိုတောင်းဆိုပြီး အစာငတ်ခံဆန္ဒပြနေကြတာပါ " လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်က ပြောပါတယ်။
ဒါပေမဲ့ ပြည်ထဲရေး၊ ထွေအုပ်၊ ရဲ၊ မီးသတ်တို့ပါဝင်တဲ့ ဌာနပေါင်းစုံပူးပေါင်းရှာဖွေရေး ဘာကြောင့် လုပ်ဆောင်တာလဲဆိုတဲ့အကြောင်းအရင်းကိုတော့ မသိရှိရဘူးလို့ သူက ဆက်ပြောပါတယ်။
ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်နေတာလို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းက ထောက်ပြကြပြီး အခုနှစ်ပိုင်းထဲဖိနှိပ်မှုတွေပိုဆိုးလာတယ်လို့ ထောက်ပြထားကြပါတယ်။
စစ်ကောင်စီအကျဉ်းဦးစီးဌာနကတော့ အကျဉ်းသားတွေကို ဖိနှိပ်မှုမရှိကြောင်း အစောပိုင်းကာလတွေမှာထုတ်ပြန်ထားပြီး အခုမုံရွာဖြစ်စဉ်နဲ့ပတ်သက်လို့တော့ ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဝ ဒေသက အွန်လိုင်းလိမ်လည်သူ တရုတ်တစ်ထောင်ကျော်ကို တရုတ်နိုင်ငံဆီလွှဲအပ်

ဓာတ်ပုံ ရင်းမြစ်, WSTV
ဝ ဒေသက အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို နှစ်ရက်အတွင်း တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီကို ပြန်လွှဲပြောင်းပေးခဲ့တဲ့အကြောင်း ဝ တပ်ဖွဲ့ UWSA က သတင်းထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်အတွင်း တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို လွှဲပြောင်းပေးခဲ့တာလို့ ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာတာပါ။
"ဝ ပြည်အနှံ့ကနေ ၁၂၀၀ ကျော်ဖမ်းပြီး လွှဲပေးတာ မှန်ပါတယ်" လို့ UWSA ပြောရေးဆိုခွင့်ရ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။
တရုတ် - မြန်မာနယ်စပ်တွေမှာ နယ်စပ်က လောင်းကစားဂိုဏ်းတွေ၊အွန်လိုင်းကတဆင့် ငွေလိမ်လည်တဲ့ ပြဿနာတွေကို ထိရောက်စွာဖြေရှင်းနိုင်ဖို့ တရုတ်က အခုနှစ်ထဲ ကြိုးစားလာတာဖြစ်ပြီး ဝ အဖွဲ့က ပထမဆုံးအကြိမ် လူထောင်နဲ့ချီ ဖမ်းဆီးလွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ဘက်ကလည်း ဆက်သွယ်ရေးလိမ်လည်မှုနဲ့ သံသယရှိသူ ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်ဆီ ပြန်ပို့ဆောင်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်တုန်းက တရုတ်သံရုံးကနေ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာကိုလာရောက်ခဲ့ပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ အခုလပထမအပတ်တုန်းက နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှု ဌာနချုပ်ဟာ မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ် နဲ့ တောင်တရုတ်ပင်လယ်အရေးကို ကိုင်တွယ်ရတဲ့ အရေးကြီးတဲ့ စစ်ရေးဌာနချုပ် ဖြစ်တယ် လို့ လုံခြုံရေးဆိုင်ရာ အရပ်ဖက် အဖွဲ့တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မြန်မာစစ်တပ်က ဒီရာဇဝတ်မှုတွေကို တိုက်ဖျက်နေပေမဲ့လည်း ထိရောက်မှုနည်းနေတဲ့အကြောင်း တရုတ်က ဝေဖန်ထားခဲ့ပါတယ်။







