ရခိုင် ကျောက်တော် - လူနေခွင့်မရတဲ့ တင်းမရွာက နေအိမ်တွေ ဖျက်ဆီးခံနေရတယ်လို့ ဒေသခံတွေပြော

ဖျက်ဆီးခံရတဲ့ အိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လုံခြုံရေးအကြောင်းပြချက်ကြောင့် အိမ်တွေဆီကို ဒေသခံတွေ သွားကြည့်ခွင့်မရ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာရှိတဲ့ တင်းမကျေးရွာက လူနေအိမ်တွေဟာ ရွာသားတွေမရှိတဲ့နောက်ပိုင်းမှာ ဖျက်ဆီးခံနေကြရတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေက ပြောပါတယ်။

ဘယ်သူတွေ ဖျက်ဆီးတယ်ဆိုတာ ဒေသခံတွေက မပြောနိုင်ပေမဲ့ အဲဒီနေရာအနီးတစ်ဝိုက်မှာ စစ်တပ်စခန်းတွေ ရှိလို့ တခြားသူတွေ သွားလာခွင့်မရှိတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီကျေးရွာဟာ ၂၀၂၀ ပြည့်နှစ်အတွင်းက စစ်ကောင်စီတပ်တွေ လာရောက်စခန်းချနေထိုင်ပြီး ကျေးရွာသားတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ၊ နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်တဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရတဲ့ရွာပါ။

ကုလားတန်မြစ်ကြောင်းအထက်ပိုင်းမှာရှိပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့တို့အကြားက နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ကျေးရွာတွေထဲက တစ်ရွာလည်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကုလားမြစ်ကြောင်းထဲ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား အချိန်အကြာရှည်ဆုံး တိုက်ပွဲတစ်ခုဖြစ်တဲ့ ရက်ပေါင်း ၃၀ ကျော်အကြာ မီးဝ တိုက်ပွဲအတွင်း အနီးဝန်းကျင်ကျေးရွာတွေက ရွာသားတွေ နေရပ်စွန့်ခွာကြရသလို တင်းမ၊ မုန့်သန်းပြင်စတဲ့ကျေးရွာတွေဟာ စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ကြရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးနှစ်နီးပါးအကြာ စွန့်ခွာနေကြရတဲ့သူတို့ရဲ့ကျေးရွာတွေ၊ နေအိမ်တွေ၊ ကျွဲနွားတွေနဲ့ လုပ်ကိုင်စားသောက်ခဲ့ ကြတဲ့ ဥယျာဉ်ခြံမြေတွေကို လုံခြုံရေးအကြောင်းပြချက်ကြောင့် ဒေသခံတွေ သွားရောက်ကြည့်ခွင့် မရပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကုန်ပိုင်းလောက်မှာတော့ တင်းမကြီးကျေးရွာမှာ မီးလောင်ပျက်စီးခြင်းမရှိဘဲ ကျန်နေခဲ့တဲ့နေအိမ် ၄၀၀ ကျော်အနက် ပျဉ်းကတိုး၊ ကျွန်းစတဲ့ သစ်မာသစ်ကောင်းတွေနဲ့ ခိုင်ခိုင်ခန့်ခန့်ဆောက်လုပ်ထားကြတဲ့နေအိမ် အများစုတို့ဟာ ဖျက်ဆီးခံနေကြရတာပါ။

ဖျက်ဆီးခံရတဲ့ အိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ အဲ့ဒီဖျက်ဆီးခံထားရတဲ့နေအိမ်တွေရဲ့ မြင်ကွင်းဓာတ်ပုံတွေကို တင်းမဆရာတော်ရဲ့ လူမှုကွန်ရက်ပေါ်ကနေတစ်ဆင့် စတင်မြင်တွေ့ကြရပါတယ်။

အဲ့ဒီနေအိမ်တွေကို ဘယ်သူတွေဖျက်ဆီးနေလဲဆိုတာ ကိုယ်တိုင်မြင်တွေ့ကြရတာမဟုတ်ပေမယ့် အဲ့ဒီရွာကို အရပ်သားတွေသွားလာခွင့်မရှိသလို စစ်ကောင်စီတပ်တွေ လွှမ်းမိုးထားတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့ တင်မကျေးရွာဆရာတော်က မိန့်ကြားပါတယ်။

“အိမ်အကောင်းတွေ ရှိတယ်။ ကျွန်းတွေ၊ ပျဉ်းကတိုးတွေနဲ့ ဆောက်ထားတဲ့အိမ်တွေ၊ အဲ့အိမ်ကြီးတွေ အခုနောက်ပိုင်း သွပ်မိုးတွေကိုခွာ၊ သစ်တွေကိုယူ၊ မသမာတဲ့လူတစ်စုပေါ့၊ အဲ့ဒီမှာ ရောင်းချလုပ်ကိုင်စားသောက် နေကြတာရှိတယ်။ ဘုန်းဘုန်းတို့မှာ အထောက်အထားတွေရထားတာရှိတယ်”လို့ တင်းမဆရာတော်က မိန့်ကြားပါတယ်။

ကျေးရွာအတွင်းက ဆေးရုံလမ်းလို့ခေါ်ကြတဲ့ ကျေးလက်ကျန်းမာရေးဌာနဆေးပေးခန်းရှိတဲ့ လမ်းကနေအိမ် တွေဆိုရင် အားလုံးနီးပါး တိုင်တွေပဲကျန်တော့တယ်လို့ ရွာအနီးဝန်းကျင်ကို သွားခဲ့သူတွေဆီက သိရကြောင်း ဆရာတော်က ဆိုပါတယ်။

ဒါပေမယ့် ဘယ်နှအိမ်ဖျက်ဆီးခံလိုက်ရပြီလဲဆိုတာ သွားကြည့်ခွင့်မရှိတဲ့အတွက် တိတိကျကျမသိနိုင်ဘူးလို့ ဆရာတော်က မိန့်ကြားပါတယ်။

အေအေနဲ့ စစ်တပ်တို့ ပထမအကြိမ် အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းကစပြီး တင်းမကျေးရွာသားတွေဟာ နေရပ်ပြန်ခွင့်ရဖို့အတွက် ပြည်နယ်ကောင်စီနဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို စာပို့အကြောင်းကြားလာတာ ၉ ကြိမ်တိုင်တိုင်ရှိနေပြီ ဖြစ်ပါတယ်။

ရွာသားတွေနေရပ်ပြန်ခွင့်မရသေးခင် ကျန်ရှိနေတဲ့ရွာသားတွေပိုင်ဆိုင်တဲ့ နေအိမ်တွေကို ဖျက်ဆီးမှုတွေရှိနေတာ ကြောင့် တားမြစ်ကာကွယ်ပေးဖို့ ကိစ္စကိုပါ ထည့်သွင်းအသနားခံထားပေမဲ့ လျစ်လျူရှုခံနေကြရတယ်လို့ ပြောဆိုကြပါတယ်။

ဖျက်ဆီးခံရတဲ့ အိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

အဲ့ဒီရွာသားတွေနေရပ်ပြန်ခွင့်ပေးဖို့ရှိမရှိဆိုတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ သူတို့အစိုးရအနေနဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ပြင်ဆင်နေပြီ၊ တချို့နေရာတွေမှာ ပြန်မယ့်သူတွေကို စာရင်းကောက်ယူတာတွေလုပ်နေတယ်လို့ ဘီဘီစီကို ပြောဆိုထားပါတယ်။ ဒါပေမဲ့ ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်က ကျေးရွာတချို့ကတော့ လုံခြုံရေးအခြေအနေတွေအရ လတ်တလောမှာ ပြန်ခွင့်ရနိုင်မှာ မဟုတ်သေးဘူးလို့ လည်း ပြောထားပါတယ်။

တင်းမကျေးရွာဟာ အဲ့ဒီဒေသတွင်းက အကြီးဆုံးကျေးရွာတစ်ခုလို့ ပြောနိုင်ပါတယ်။ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ အနက် ၁၀၀ ကျော် မီးရှို့ခံလိုက်ရတာပါ။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့မှာ ရွာအတွင်းရှိနေတဲ့ တင်းမကြီးရွာသား ၁၀ ဦး ဘုန်းတော်ကြီးကျောင်းမှာရှိနေသူ ၃ ဦးနဲ့ တင်းမရွာသစ်က ၈ ဦးတို့ကို စစ်တပ်ကဖမ်းဆီးပြီး ကျေးရွာအနီးက စစ်တပ်စခန်းတည်ရှိတဲ့ တောင်ရှည်တောင် ပေါ်ကို ခေါ်ဆောင်သွားခဲ့တာပါ။

အဲ့ဒီလူတွေဟာ ဒီနေ့ထိ ပြန်လည်လွတ်မြောက်ခြင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြရပါတယ်။ ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံလာရတဲ့အတွက် ဆက်နေလို့မဖြစ်တော့ဘူးဆိုပြီး မတ်လတတိယအပါတ် အတွင်းမှာပဲ ရွာသားတွေ ထွက်ပြေးလာခဲ့ကြတာလို့ သိရပါတယ်။

လူတွေမရှိတော့တဲ့အချိန် မတ်လ ၂၂ ရက်နေ့မှာတော့ ကျေးရွာက နေအိမ်တွေ မီးရှို့ခံလိုက်ရသလို ရွာသားတွေ သိုလှောင်ထားခဲ့တဲ့ စပါးတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေလည်း ဆုံးရှုံးလိုက်ကြရတယ်လို့ ပြောဆိုကြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဒေသတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒုက္ခသည်စခန်းတွေမှာပဲ ဆက်လက် နေထိုင်နေကြရာကနေ တိုက်ပွဲတွေရပ်စဲသွားတဲ့ ၂၀၂၁ ခုနှစ်အတွင်း နေရပ်ပြန်ဖို့ စစ်ကောင်စီကိုတင်ပြခဲ့ပေမဲ့ လည်း ခွင့်ပြုချက်မရရှိခဲ့ပါဘူး။

ဖျက်ဆီးခံရတဲ့ အိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အိမ်တွေ ဖျက်ဆီးမခံရအောင် စစ်တပ်နဲ့ အေအေတို့မှာ တာဝန်ရှိတယ်လို့ ပြောဆိုမှုတွေလည်းရှိ

လက်ရှိမှာတော့ အဲ့ဒီလူတွေဟာ ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်တွေ အဖြစ်နဲ့ပဲ ဒီနေ့အထိ နေထိုင်လျက်ရှိနေကြပါတယ်။

ဒေသခံကျေးရွာသားတွေ နေရပ်စွန့်ခွာလာခဲ့ကြကတည်းက နေရပ်ပြန်ခွင့်မရကြသလို သူတို့ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း ကျပ်ကျပ်တည်းတည်းနဲ့ ချို့တဲ့စွာနေထိုင်နေကြရတာကြောင့် ဆက်မနေချင်ကြတော့ဘူးလို့ ပြောဆိုကြပါတယ်။

“ကျွန်တော်တို့ရွာသားတွေက ဒီဒုက္ခသည်စခန်းတွေမှာပဲ တစ်သက်လုံးနေကြရတော့မယ့် အခြေအနေလို ဖြစ်နေပြီ။ ပြန်ချင်တယ် ပြန်ခွင့်ပြုပါလို့ တောင်းဆိုတာတွေကိုလည်း အရေးမလုပ်ဘူး။ ဒီမှာလည်း အကူအညီတွေ ပြည့်ပြည့်ဝမရတော့ အငတ်ငတ်အပြတ်ပြတ် နေနေကြရတယ်”လို့ တင်းမကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ စစ်ရှောင်ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

အခုလို နေရပ်ပြန်ခွင့်မရတဲ့အပြင် ရွာကိုတောင်သွားကြည့်ခွင့်မရတဲ့ ကျေးရွာသားတွေအတွက် သူတို့ရဲ့နေအိမ်တွေကို ဖျက်ဆီးရောင်းချတာတွေခံနေကြရပြီဆိုတဲ့သတင်းတွေကြောင့် မခံစားနိုင် ဖြစ်နေကြရပါတယ်။

ပြည်သူတွေဒုက္ခရောက်နေကြရတဲ့အချိန် ပြည်သူတွေပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို ထိန်းသိမ်းထားကြဖို့တာဝန်ရှိပေမဲ့ ဖျက်ဆီးမှုနေတာကို တွေ့မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ တင်းမဆရာတော်က မိန့်ကြားပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကို ကာကွယ်ပေးကြဖို့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့မှာ တာဝန်ရှိတယ်လို့ ရေးသားထားပါတယ်။

ကုလားတန်မြစ်ကြောင်းအထက်ပိုင်းက နေရပ်စွန့်ခွာလာခဲ့သူတွေ စစ်ရှောင်အဖြစ်နဲ့ နေထိုင်နေရသူ သိန်းချီရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်စဲထားချိန် ဒေသတည်ငြိမ်နေပြီဆိုပြီး စစ်တွေမြို့အပါအဝင် မြို့နယ်တချို့က စစ်ရှောင်စခန်းတွေကို ဖျက်သိမ်းလိုတဲ့အတွက် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လုံခြုံရေးအကြောင်းပြချက်ကြောင့် တင်းမရွာအပါအဝင် မြို့နယ်တချို့က ဒေသခံတွေကို အခုလို အိမ်ပြန်ခွင့်မရ ဖြစ်နေပါတ်။