ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၆ ရက် ထိပ်တန်းသတင်းများ - နမ္မတူမှာ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးထိမှန်ပြီး လူ ၂ ဦးထက်မနည်းသေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူအခြေစိုက် စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ-၃၂၄) ကို တအာင်းတပ် (TNLA) တွေက မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီဇင်ဘာ ၂၅ ရက်မှာပဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ္မတူမြို့လယ်ခေါင်၊ ပန်ဟိုက်ဈေးအနီးမှာ အမျိုးသား ၂ ဦး လက်နက်ကြီးထိမှန်ပြီး နေရာမှာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ဆုံးသွားတာက ကျွန်တော့မိတ်ဆွေနှစ်ယောက်ပါ နေရာမှာတင်ပဲ သေသွားတာ ခုတော့ သဂြိုဟ်ပြီးသွားပါ” လို့ သူက ပြောပါတယ်။
မြေပြင်အခြေအနေသိရှိသူတစ်ဦးကတော့ နမ္မတူမြို့မှာ နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းတည်းက TNLA တပ်တွေ မြို့ပေါ်မှာ တပ်စွဲလာတာကြောင့် စစ်တပ်က လက်နက်ကြီးတွေ ပြင်းပြင်းထန်ထန်ပစ်ခတ်နေပြီး ပစ်ခတ်မှုတွေအတွင်း ပန်ဟိုက်ကျေးရွာက အသက် ၁ နှစ်ကျော် ကလေးငယ်တစ်ဦးအပါအဝင် နောက်ထပ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
TNLA ဘက်ကတော့ နမ္မတူမြို့တွင်းနဲ့ မြို့အစပ်က ခိုဖိတ်ကျေးရွာအနီးကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၇ ကြိမ်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ ၁၉ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တစ်ဖက်မှာလည်း နမ္မတူဒေသခံတော်တော်များများဟာ တိုက်ပွဲကြားမှာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပေမယ့် နေအိမ်ဖောက်ထွင်းခံရမှာစိုးတဲ့အတွက် အိမ်တစ်အိမ်စီမှာ အိမ်စောင့်တစ်ယောက် မဖြစ်မနေထားခဲ့ရတယ်လို့ နမ္မတူကနေ စစ်ရှောင်လာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“မြို့ပေါ်မှာ ဘိန်းစွဲနေတဲ့သူတွေ အုပ်စုဖွဲ့ပြီးနေနေတာမျိုးရှိတယ်။ အကုန်လစ်ပြီဆိုတာနဲ့ အိမ်တွေအကုန်ဖောက်မှာစိုးလို့ အိမ်စောင့်ထားခဲ့ရတာ” လို့ သူက ပြောခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်တော့ နမ္မတူမြို့တိုက်ပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပို့ကုန်ရငွေကို အနည်းဆုံး ရက် ၃၀ အတွင်းပြန်သွင်းဖို့ စစ်ကောင်စီဗဟိုဘဏ်ပြော
နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် တင်းကျပ်လိုက်တာလို့ ပို့ကုန်သမားတချို့ပြော
မြန်မာကနေ အာရှနိုင်ငံတွေကို ပို့တဲ့ ပို့ကုန်သမားတွေရဲ့ ပို့ကုန်ဝင်ငွေကို ရက် ၃၀ အတွင်း ပြန်ပေးရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်ကပြောလာပါတယ်။ အာရှနိုင်ငံတွေကို ပို့တဲ့ ပို့ကုန်တွေရဲ့ ဝင်ငွေကို ၄၅ ရက်အတွင်းပြန်လည်ပေးသွင်းဖို့ သတ်မှတ်ထားတာကနေ အခုတော့ ရက် ၃၀ အတွင်း ပြန်လည်ပေးသွင်းရမယ်လို့ ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
အာရှမဟုတ်တဲ့ အခြားနိုင်ငံတွေကို တင်ပို့မယ်ဆိုရင်တော့ ပို့ကုန်သမားတွေအနေနဲ့ ဘဏ်အကောင့်ထဲ က ပို့ကုန်ဝင်ငွေကို ရက် ၆၀ အတွင်း ပြန်ပေးသွင်းရမယ်လို့ ဆိုပြီး ဒါက အရင် ရက် ၉၀ သတ်မှတ်ချက်ကနေ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
'' သူတို့ ( စစ်ကောင်စီ) နိုင်ငံခြားငွေလိုနေလို့ ရက်ကို ရှေ့တိုးတောင်းတာပေါ့။ ပို့ကုန်သမားတွေကို ရာခိုင်နှုန်းတွေနဲ့ ပြောင်းပြီး ဘယ်လိုဖြေလျှော့ပေးပေး ဒေါ်လာစျေးကို ကျပ် ၂၁၀၀နဲ့ တရားသေထားရင် ဘာမှထူးလာမှာမဟုတ်ဘူး။ မူဝါဒတွေမတည်ငြိမ်တော့ အလုပ်လုပ်ရတာခက်တယ်'' လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ပို့ကုန်ရငွေထဲက ၆၅ ရာခိုင်နှုန်း နိုင်ငံခြားငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အခုလို ပို့ကုန်ရငွေကို နိုင်ငံခြားငွေနဲ့သာ ပြန်လည်ပေးသွင်းရမယ့်ကာလကို တင်းကျပ်လိုက်တာဖြစ်ပါတယ်။
ကလေးငယ်တွေအပါအဝင်အရပ်သားထိခိုက်သေဆုံးမှုရှိနေတဲ့ နတ်သံကွင်းမှာဘာတွေဆက်ဖြစ်နေလဲ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး ကလေးငယ် ၃ ဦး အပါအဝင် ၅ ဦးထက်မနည်း လက်နက်ကြီးထိမှန်သေဆုံးတာတွေရှိနေတယ်လို့ နတ်သံကွင်းဒေသခံတွေကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်း ၃ နာရီကျော်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲ့ ပဲနွယ်ကုန်း - နတ်သံကွင်းကြားက စစ်တပ်ဂိတ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကနေ တိုက်ပွဲဆက်ဖြစ်တာလို့ ဒေသခံတွေကပြောပါတယ်။
မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က နတ်သံကွင်းမြို့နဲ့ တဝိုက်ကိုလေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တံခွန်တိုင် ၂ ရပ်ကွက်ဘက်ကို လက်နက်ကြီးကျပြီး သေဆုံးထိခိုက်ဒဏ်ရာရခဲ့တာလို့သိရပါတယ်။
'' တံခွန်တိုင်ဘက်က အရပ်သားတွေရော ကလေးတွေရော လက်နက်ကြီးထိပြီး သေကြတာလို့သိရတယ်။ အခုတစ်မြို့လုံးက အပြင်မထွက်ရဲကြဘူး။ ပြီးခဲ့တဲ့ရက်က ကြိုတင်စစ်ရှောင်တဲ့သူတွေလည်းရှိတယ်။ ဒီနေ့ကတော့ မနက်ပိုင်းကလေယာဥ်နဲ့ နှစ်ကြိမ်ပစ်တော့ ကျန်တဲ့သူတွေလည်း အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြတယ်'' လို့ နတ်သံကွင်းမြို့ခံ တစ်ဦးကပြောပြပါတယ်။
မြေပြင်စစ်ရေးအခြေအနေသိရှိသူတချို့ရဲ့ အပြောအရ နှစ်ဖက်လုံးမှာ ထိခိုက်သေဆုံးမှုရှိတယ်လို့ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောနေသလို စစ်ကောင်စီထောက်ခံသူတွေကလည်း နတ်သံကွင်းကနေ တော်လှန်ရေးအင်အားစုတွေ ဆုတ်ခွာသွားပြီလို့ ပြောနေကြတာပါ။
မြေပြင်က ဒေသခံတွေကတော့ နတ်သံကွင်းရဲ့ အဖက်ဖက်က ပိတ်ဆို့ခံထားရလို့ မြေပြင်အခြေအနေကို မသိရှိနိုင်သေးဘူးလို့ ပြောကြပါတယ်။
မူဆယ်ဒေသခံတွေ တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့ထဲ ရွှေ့ပြောင်းနေဆဲ
ရှမ်းမြောက်တကြောမှာ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့တပ်တွေကြား စစ်ရေးတင်းမာနေတာကြောင့် မူဆယ်မှာ ဒေသခံတော်တော်များများနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေဟာ တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီမြို့တွင်းကို နေ့တိုင်းပြောင်းရွှေ့နေကြတာတွေရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မူဆယ်မြို့တစ်ဖက်တစ်ခြမ်းဆီမှာရှိတဲ့ နမ့်ခမ်းမြို့နဲ့ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွေကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထိန်းချူပ်ထားတာကြောင့် မူဆယ်မြို့ပေါ် အထိ တိုက်ပွဲ ရောက်လာမှာကို ဒေသခံတွေက စိုးရိမ်ပြီးပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။
တရုတ်အာဏာပိုင်တွေဟာ မူဆယ်သန်းခေါင်စာရင်းရှိတဲ့ဒေသခံတွေနဲ့ စစ်ကောင်စီဝန်ထမ်းတွေကို တစ်နှစ်သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်တွေ ထုတ်ပေးနေပြီး မူဆယ်သန်းခေါင်စာရင်း မရှိတဲ့လူတွေကိုတော့ ၇ ရက်နေထိုင်ခွင့်ကတ်တွေ လုပ်ပေးနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
တရုတ်ဘက်ကို မပြောင်းချင်တဲ့သူတွေက မူဆယ်ကနေ နမ့်ခမ်းဘက်ကို စစ်ရှောင်နေကြပြီး လက်ရှိအချိန်အထိတော့ နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)က နမ့်ခမ်းမြို့ထဲစစ်ရှောင်လာသူတွေကို ဝင်ခွင့်ပေးထားတယ်လို့ ဒေသခံတွေဆီကနေ ဘီဘီစီက သိရှိရပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာတော့ စစ်တပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းမှာ ဖော်ပြထားသလို သိန္နီမှာ ပြင်းထန်တဲ့ ဗုံးကြဲချခံနေရတာကြောင့် ဘယ်လိုမှ ဆက်နေလို့မရတော့ဘူးလို့ သိန္နီကနေ လားရှိုးကို စစ်ေရှာင်လာသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကလည်း ဒီဇင်ဘာ ၂၅ ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ သိန္နီမြို့တဝိုက်ကို တိုက်လေယာဉ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
လားရှိုးမှာတော့ မြို့အဝင်အထွက်ဂိတ်တွေကို ဒီဇင်ဘာ ၂၅ ရက်ကစပြီး စစ်တပ်က ပိတ်ထားလိုက်တာ ကြောင့် လားရှိးမြို့အနီးက ကျေးရွာတွေမှာ နမ္မတူဘက်ကနေ စစ်ရှောင်လာသူ ၁၀၀၀ ထက်မနည်း ပိတ်မိနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအထိ လားရှိုးမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေကို မြို့ထဲပေးဝင်တာတွေရှိပြီး အခုတော့ အဲဒီလူတွေကိုပါဝင်ခွင့်မပေးတော့ဘဲ အီနိုင်းတံတားပေါ်က စစ်ဆေးရေးဂိတ်တွေကိုလည်း စစ်တပ်က ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရှမ်းမြောက်က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၆ ရက်အထိ တစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
မဲခေါင် - လန်ချန်း အစည်းအဝေးကို စစ်ခေါင်းဆောင်က ပူးတွဲဥက္ကဋ္ဌအနေနဲ့ တရုတ်နဲ့အတူတက်
ဒေသတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုဟန့်တားဖို့ မဲခေါင် - လန်ချန်းအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မူတွေကို ပိုတိုးဆောင်ရွက်ဖို့လိုတယ်ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီအတွက် “မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်နေတာကိုလည်း အသိအမှတ်ပြုတယ်လို့ လည်းသူက ထည့်ပြောပါသေးတယ်။
ဒီဇင်ဘာ ၂၅ ရက်က မဲခေါင်ဒေသနိုင်ငံတွေက ခေါင်းဆောင်တွေတက်ရောက်တဲ့ တရုတ်ရဲ့ မဲခေါင် - လန်ချန်း စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲကို စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းနဲ့ အတူ ပူးတွဲဥက္ကဋ္ဌ အဖြစ်တက်ရောက်ပြီး မဲခေါင်နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့က ဝန်ကြီးချုပ်တွေလည်းတက်ရောက်တာကိုတွေ့ရပါတယ်။
မဲခေါင် - လန်ချန်းဟာ တရုတ်ရဲ့ ရပ်၀န်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) တည်ဆောက်ရေးရှိတဲ့ မဲခေါင် ၅ နိုင်ငံ နဲ့ တရုတ်တို့ရဲ့ အရေးကြီးတဲ့ အခြေခံစီမံကိန်းအဖြစ်ဆက်စပ်နေတာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ “နေပြည်တော်ကြေညာစာတမ်း”၊ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)” နဲ့ “ မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ ဒီကြေညာစာတမ်းတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ သိရတာမရှိပါဘူး။
အွန်လိုင်းလောင်းကစားရာဇဝတ်မှုတွေ (ကျားဖြန့်) နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကနေစပြီး တရုတ်နဲ့ စစ်ကောင်စီအစိုးရတို့ ပူးပေါင်းစစ်ဆင်ရေးတွေလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းခဲ့တယ်လို့ တရုတ်ရော စစ်ကောင်စီဘက်ကပါ ထုတ်ပြန်ထားပါတယ်။
အဲဒီစစ်ဆင်ရေးမှာ တရားမဝင်ကျားဖြန့်လုပ်ကိုင်နေသူတွေလို့ သံသယရှိခံရတဲ့ တရုတ်နိုင်ငံသားထောင်နဲ့ချီကို တရုတ်နိုင်ငံကို စစ်ကောင်စီဘက်က လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနရဲ့ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ မြန်မာဘက်ကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးထားသူ သုံးသောင်းကျော်ရှိပြီလို့ သိရပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ ကူမင်းဆွေးနွေးပွဲ ပြေလည်မှုမရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှိန်လျော့ရေးအတွက် တရုတ်ကမကထနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ရဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲဟာ ပြေလည်မှုမရခဲ့ဘူးလို့ အစည်းအဝေးအကြောင်းသိရှိသူက ဘီဘီစီကိုပြောပါတယ်။
တရုတ်နိုင်ငံ၊ကူမင်းမြို့မှာလုပ်ခဲ့တဲ့ အဲဒီဒုတိယအကြိမ်ဆွေးနွေးပွဲမှာ တပ်နေရာပြောင်းရွှေ့ချထားရေးနဲ့ တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး တို့ကို အကြေအလည်ဆွေးနွေးခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပဲ ပြေလည်မှုမရဖြစ်ခဲ့တာလို့ အစည်းအဝေးအကြောင်းသိရှိသူတစ်ဦးကပြောပါတယ်။
ဒီဆွေးနွေးပွဲဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်ကြာ ကူမင်းမြို့ရှိ တရုတ်အစိုးရရဲ့ ဟိုင်ဂင်ဟော်တယ်မှာ လုပ်ခဲ့တဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးရဲ့ သဘောတူညီချက်အရ ဒီဇင်ဘာ ၂၂ ရက်ကစလို့ ၂၄ ရက်အထိ ၃ ရက်ကြာ ဆက်လက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒုတိယအကြိမ်အစည်းအဝေးကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NMSC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင် ဦးဆောင်တက်ရောက်ပြီး မြောက်ပိုင်းမဟာမိတ်တပ် ၃ ဖွဲ့ဘက်က ကိုးကန့်တပ် - MNDAA ၊ တအာင်းတပ် - TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့တက်ရောက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ စီစဉ်ဖိတ်ခေါ်မှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ၃ ရက်တာ ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
တတိယအကြိမ်ဆွေးနွေးပွဲ ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဆက်ပြီးပြုလုပ်ဖို့ နှစ်ဖက်သဘောတူခဲ့တယ်လို့ဆိုပါတယ်။