အောက်တိုဘာနောက်ဆုံးပတ်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဆယ်ချီသေဆုံးတယ်လို့ အေအေပြော - နိုဝင်ဘာလ ၁ ရက် ထိပ်တန်းသတင်းများ

မောင်တောမြို့နယ်မြောက်ပိုင်း၊ ရခိုင်ရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, မောင်တောမြို့နယ်မြောက်ပိုင်း၊ ရခိုင်ရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေအပြင် ရခိုင်နဲ့နယ်စပ် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်လို့ ရက္ခိုင့်တပ်တော် အေအေဘက်က သတင်းထုတ်ပြန်လာပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲ မဖြစ်တဲ့နေ့တွေမှာ စစ်ကောင်စီ ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းတစ်ပတ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်တဲ့အထဲမှာ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ အနောက်ဘက်မှာ ၃ နာရီကျော်ကြာဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲဟာ အပြင်းထန်ဆုံးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့တယ်လို့ အေအေဘက်က ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့မှာဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် အောက်တိုဘာလ ၂၉ ရက်မှာ စစ်ကောင်စီတပ်ဟာ တောင်ရွာ အနောက်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနဲ့ ဂျက်တိုက်လေယာဥ်နဲ့ ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့တယ်လို့လည်း အေအေက သတင်းထုတ်ပြန်ပါတယ်။

အခုလို တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်ချီကျဆုံးတာ၊ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နိုဝင်ဘာ ၁ ရက်ညပိုင်းအထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး နောက်ထပ် ၂၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း အေအေကပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ထိတွေ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမတွေ့ရပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နဲ့ ပြုလုပ်တဲ့ တပ်ရင်းမှူးအဆင့် တွေ့ဆုံပွဲမှာ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲ လှုပ်ရှားနေတဲ့ သောင်းကျန်းသူတွေရဲ့ စခန်းမြေပုံ တွေဆိုပြီး ဘင်္လားဒေ့ရှ် ဘက်ကို သတင်းပေးခဲ့ပါတယ်။

မင်္ဂလာတောင်ညွန့်မန္တလေးလမ်းမှာ ရူပဗေဒပညာရှင် စာရေးဆရာဇနီးမောင်နှံနှစ်ဦးကို သတ်ဖြတ်သူတွေကို ဖမ်းမမိသေး

မန္တလေးလမ်း လူသတ်မှု

ဓာတ်ပုံ ရင်းမြစ်, Social Media

မန္တလေးလမ်း လူသတ်မှု

ဓာတ်ပုံ ရင်းမြစ်, Social Media

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးစျေးလို့အများသိကြတဲ့မြန်မာ့ဂုဏ်ရည်လမ်းက စျေးအနီး မန္တလေးလမ်းက တိုက်ခန်းတွဲတတိယထပ်မှာ အောက်တိုဘာ ၃၀ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ စာရေးဆရာ တက္ကသိုလ်ကြယ်ပွင့်(ခ) ဦးမြင့်ဝေနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်စန်းတို့နှစ်ဦးကို သတ်ဖြတ်သွားတဲ့ တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ မင်္ဂလာတောင်ညွန့်ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"တရားခံဖမ်းဆီးရမိခြင်းမရှိသေးဘူး။ စုံစမ်းဆဲပါ။ နှစ်ဦးလုံးက အသက် ၇၀ ကျော်ပါပြီ။ နှစ်ယောက်တည်းနေတာပါ။ သေဆုံးသူက စာရေးဆရာ၊ အငြိမ်းစားကျောင်းဆရာလို့လည်းသိရတယ်။ ဖြစ်တဲ့နေ့က အုပ်ချုပ်ရေးမှူးကအကြောင်းကြားလို့ ကျွန်တော်တို့ သွားရောက်စဥ်မှာ ဒဏ်ရာနဲ့သေဆုံးနေတာတွေ့ရပါတယ်"လို့ သူက ပြောပါတယ်။

သတ်ဖြတ်ခံရလို့ သေဆုံးသွားသူတွေဟာ စာပေဗိမာန်စာမူဆုနဲ့ အမျိုးသားစာပေဆုရ တက္ကသိုလ် ကြယ်ပွင့် ကလောင်နဲ့ ရူပဗေဒဘာသာရပ်ဆိုင်ရာ စာပေတွေကိုအထူးပြုလေ့လာရေးသားခဲ့သူ ကထိကအငြိမ်းစား ဦးမြင့်ဝေနဲ့ ဇနီးဖြစ်သူ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ခင်ခင်စန်းတို့ ဖြစ်တယ်လို့သိရပါတယ်။

မန္တလေးလမ်းလူသတ်မှု

ဓာတ်ပုံ ရင်းမြစ်, Kyawmyint Thit

စာရေးဆရာတက္ကသိုလ်ကြယ်ပွင့်ရေးသားခဲ့တဲ့ ရီလေတီဗီတီသီအိုရီဟာ ၁၉၇၃ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပြီး စာပေဗိမာန်စာမူဆု၊ စူပါကြိုးမျှင်လေးသီအိုရီ" စာအုပ်နဲ့ ၂၀၀၁ ခုနှစ် အမျိုး သား စာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ရရှိခဲ့ပါတယ်။

သူ့ရဲ့တခြားထင်ရှားတဲ့ " အိုင်းစတိုင်း"၊ "ကွမ်တမ်သီအိုရီ"၊ "စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း"၊"M-သီအိုရီနှင့် ကော်စမောလော်ဂျီ" စတဲ့ ရူပဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်တွေကိုလည်းရေးသားခဲ့ပါတယ်။

မန္တလေးမှာ အချုပ်ကား ဗုံးပစ်ခံရ

ဗုံးပစ်ခံခဲ့ရတယ်လို့ဆိုတဲ့ အချုပ်ကား

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ဗုံးပစ်ခံခဲ့ရတယ်လို့ဆိုတဲ့ အချုပ်ကား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးမြို့မှာ ဒီနေ့ နိုဝင်ဘာလ ၁ ရက် မနက်ပိုင်းတုန်းက ချမ်းမြသာစည်မြို့နယ်တရားရုံးကနေ ပြန်လာတဲ့ အချုပ်ကားတစ်စီး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရတာကြောင့် ရဲ ၂ ဦး ဒဏ်ရာရခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။

အချုပ်ကား ဗုံးပစ်ခံရတဲ့နေရာဟာ အမှတ် ၁၁ နယ်မြေရဲစခန်းအနီး ၇၈ လမ်းနဲ့ ၄၂ လမ်း ခုံးကျော်တံတားအနီးမှာဖြစ်ပါတယ်။

အချုပ်ကား ဗုံးပစ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး အနီးနားရပ်ကွက်တွေထဲကို ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသလို မြို့ပြပြောက်ကျားအဖွဲ့တွေကလည်း တစ်စုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီဘက်က သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မီးပွိုင့်မိနေချိန် အချုပ်ကား ဗုံးပစ်ခံရတာကြောင့် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးလည်း ဗုံးစထိမှန်တယ်လို့ ရေးသားနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဒီနေ့ မနက်အစောပိုင်းတုန်းကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ထဲက ၁၂ လမ်းနဲ့ ၈၈ လမ်းထောင့်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကားတွေကို မိုင်းသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ GZP မန္တလေးပြောက်ကျားအဖွဲ့က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်တ်ထားတဲ့ အခုတိုက်ခိုက်မှုတွေကြောင့် မြို့အနှံ့နေရာစုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

ထိုင်းမှာ PJ နိုင်ငံကူးလက်မှတ်အသစ်လုပ်မယ့်သူတွေကို အလုပ်သမားကတ်ပါ  ပြုလုပ်ပေးမယ်

ဘန်ကောက်မြို့က မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်လာရောက်ပြုလုပ်သူတွေ

ဓာတ်ပုံ ရင်းမြစ်, မြန်မာသံရုံး-ဘန်ကောက်

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့က မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်လာရောက်ပြုလုပ်သူတွေ

ပြည်ပမှာ အလုပ်နိုင်ငံကူးလက်မှတ် (PJ) အသစ်ပြုလုပ်မယ်ဆိုရင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ကိုပါ တပါတည်းလုပ်ပေးမယ်ဆိုပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးက ထုတ်ပြန်ကြေညာလာပါတယ်။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေဟာ သက်တမ်း ၅ နှစ်ရှိမယ့် OWIC ကတ် ရှိမှ လေဆိပ်၊ နယ်စပ်ဂိတ်တွေကနေ ဝင်ထွက်လို့ရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ပြီးခဲ့တဲ့ ဇွန်လမှာ ကြေညာခဲ့ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတွေဟာ ပြည်တွင်းကို ပြန်ပြီး အဲဒီကတ်ကို ပြန်လုပ်နေရတဲ့အတွက် သံရုံးကနေ အခုလို စီစဥ်လိုက်တာလို့ ဆိုပါတယ်။

လာမယ့် နိုဝင်ဘာ ၇ ရက်နေ့ကစလို PJ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်သူတွေကို OWIC ကတ်ကိုပါ တစ်ပါတည်း လုပ်ပေးမှာ ဖြစ်ပြီး နှစ်ခုပေါင်းအတွက် ကုန်ကျငွေ ၁၀၅၀ ဘတ်ကျခံရမှာဖြစ်တယ်လို့ သံရုံးဘက်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံကူးလက်မှတ်အသစ်ကိုတော့ ဘန်ကောက်က မြန်မာသံရုံးမှာ ထုတ်ယူနိုင်မှာဖြစ်ပေမဲ့ OWIC ကတ်ကိုတော့ မဟာချိုင်မြို့က သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်(TDCC) မှာ သွားရောက်ထုတ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံလုပ်သားတွေအနေနဲ့ စက်ရုံကိုယ်စားလှယ် တစ်ဦးကနေ နာမည်စာရင်းနဲ့အတူ တစ်စုတစ်စည်းတည်း သွားရောက်ထုတ်ယူနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

OWIC ကတ်ကို ထိုင်းနိုင်ငံမှာ လုပ်ပေးမယ်ဆိုတဲ့အစီအစဥ်ဟာ မြန်မာလုပ်သားတွေအတွက် ပိုအဆင်ပြေနိုင်မယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောကြပါတယ်။

သူတို့အပြောအရဆိုရင် အဲဒီကတ်ဟာ ထိုင်းမှာ အသုံးဝင်မှုအပိုင်း မများပေမဲ့ အကြောင်းကိစ္စပေါ်လာလို့ ပြည်တွင်းပြန်ဖို့ရှိတဲ့သူတွေဟာ မြန်မာပြည်ပြန်ပြီးနောက် ပြန်ထွက်ဖို့ အဲဒီကတ် ပြုလုပ်တဲ့အခါ အချိန် ကြန့်ကြာမှုတွေကြောင့် ငွေကြေးကုန်ကျမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

မီဇိုရမ်ရောက် မြန်မာဒုက္ခသည်တွေကို နေရာ ချပေးဖို့ မီဇိုလူငယ်အဖွဲ့ တောင်းဆို

မီဇိုရမ်ပြည်နယ်ဘက်ခြမ်းရောက် မြန်မာဒုက္ခသည်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီဇိုရမ်ပြည်နယ်ဘက်ခြမ်းရောက် မြန်မာဒုက္ခသည်တွေ

မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေအတွက် ပြည်နယ်အတွင်းမှာ သီးခြားစခန်းနေရာ ချပေးဖို့ မီဇိုလူငယ်အဖွဲ့က ပြည်နယ်အစိုးရကို တောင်းဆိုလိုက်တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

ပြည်နယ်အတွင်းနေရာအနှံ့မှာ ဒုက္ခသည်တွေ ပြန့်ကျဲနေထိုင်နေရတာကြောင့် အခုလို ဒုက္ခသည်စခန်း သတ်သတ်မှတ်မှတ်ထားပေးဖို့ ပြည်နယ်အစိုးရကို တောင်းဆိုမယ့်ဆုံးဖြတ်ချက်ကို မီဇိုလူငယ့်ညီလာခံကနေ ဆုံးဖြတ်လိုက်တာလို့လည်း သိရပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရဘက်ကတော့ ဗဟိုအစိုးရဘက်က ငွေကြေးထောက်ပံ့မှု မပါဘဲ ပြည်နယ်အဆင့်က လုပ်မယ်ဆိုရင် စခန်းဆောက်ပေးဖို့ မဖြစ်နိုင်သလို ပြည်နယ်အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မယ်လို့ ပြောထားတယ်ဆိုပြီး သတင်းတွေမှာဖော်ပြပါတယ်။

အိန္ဒိယ ပြည်ထဲရေးရဲ့ စာရင်းအင်းတွေအရ မီဇိုရမ်ပြည်နယ်၊ ခရိုင် ၁၁ ခုမှာ ခိုလှုံနေတဲ့ မြန်မာအရေအတွက်ဟာ ‌အောက်တိုဘာလ ၂၂ အထိ ဆိုရင် လူပေါင်း ၃ သောင်း ၄ ရာနီးပါးအထိရှိနေပါတယ်။

အဲဒီထဲက လူပေါင်း ၁ သောင်း ၃ ထောင်ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၆၀ မှာ နေထိုင်နေပြီး နောက်ထပ် ၁ သောင်း ၇ ထောင်ကျော်ကတော့ စခန်းတွေရဲ့ပြင်ပမှာနေထိုင်နေကြတာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာနေထိုင်သူတွေ အများဆုံးပါဝင်တဲ့ မြန်မာစစ်ရှောင်တွေကို ဒေသတွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ သူတို့ကို လက်ခံထားတဲ့ ကျေးရွာတွေကနေ စားရေးသောက်ရေးကူညီကြသလို ဒုက္ခသည်အချို့ဟာလည်း ကိုယ်တိုင်ရှာဖွေ စားသောက်နေကြရပါတယ်။

NLD တောင်တွင်းကြီးလွှတ်တော် အမတ် ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီကချတဲ့ထောင်ဒဏ် ၁၇၃ နှစ်အထိရှိလာ

NLD MP

ဓာတ်ပုံ ရင်းမြစ်, Supplied

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြိုန့ယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရှမ်းပြည်နယ် ရပ်စောက်မြို့အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာတော့ သူ့ကို အကြမ်းဖက်မှုပုဒ်မတွေအပါအဝင်စစ်ကောင်စီက ချမှတ်ထားတဲ့ ထောင်ဒဏ်က စုစုပေါင်း ၁၇၃ နှစ် ထိရှိလာပြီလို့ NLD ပါတီဝင်တချို့က ဘီဘီစီကိုပြောပါတယ်။

ဦးဝင်းမြင့်လှိုင်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မ ၈ ခုနဲ့ မနေ့အောက်တိုဘာ ၃၁ ရက်မှာ မကွေးခရိုင်တရားရုံးကနေ ထောင် စုစုပေါင်း ၁၄၈ နှစ်ချမှတ်ခဲ့တာပါ။ မူလက ချမှတ်ထားတဲ့ ထောင် ၂၅ နှစ်ရှိတာကြောင့် သူကျခံရမယ့်ထောင်ဒဏ်စုစုပေါင်းက ၁၇၃ နှစ်အထိ ရှိလာတာဖြစ်ပါတယ်။

“ခုကဗျာ မြို့နယ်တစ်ခုမှာ အခင်းဖြစ်ပွားရင် အဲဒီမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အမတ်တွေ ၊ NLD ဗဟိုအလုပ်အမှုဆောင်တွေကို ကောက်ဖမ်းတယ်။ အမှုဆွဲကပ်တယ်။ ကိုဝင်းမြင့်လှိုင်က ထောင်ထဲမှာ ဖမ်းခံထားရတာကြာပြီ။ တစ်ခုခုဖြစ်လိုက် အမှုကို ဆွဲကပ်လိုက်နဲ့ အခုနောက်ဆုံးထောင်က နှစ်တစ်ရာကျော် သွားပြီ။ သူ့ကို မကွေးတိုင်းကနေ အောင်လံ တောင်တွင်းကြီးအသွား ဒေါင်းနေချောင်းအနီးက အချုပ်ထောင်မှာ ထားထားတယ်လို့ တော့သိရပါတယ်” လို့ NLD ပါတီဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အသက် ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ကနေ တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် အနိင်ရထားသူဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာဖမ်းဆီးခဲ့တဲ့နောက် သူ့ရဲ့တောင်တွင်းကြီးက နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ထားပါတယ်။

ဦးဝင်းမြင့်လှိုင်ကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလကုန်ပိုင်းကစလို့ ပုဒ်မ ၅၀၅-က နဲ့ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပြီး အဲဒီ ၅၀၅-က အပါအဝင် အမှုငါးမှုနဲ့ထောင် ၂၅ နှစ်ချမှတ်ခံထားရပြီးနောက် အခုအခါ အကြမ်းဖက်ပုဒ်မ ၈ ခုနဲ့နောက်ထပ်ထောင်ဒဏ် စုစုပေါင်း ၁၄၈ နှစ်ထပ်မံချမှတ်ခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်စုဖွဲ့ပေးခဲ့တဲ့ရဲဘော်သစ်တွေ ညီနောင်မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေပြီလို့ ABSDF ပြော

ကျောင်းသားတပ်မတော် -ယောဒေသက အခြေခံစစ်သင်တန်းဆင်းပွဲ တစ်ခု

ဓာတ်ပုံ ရင်းမြစ်, ABSDF

ဓာတ်ပုံ ပုံစာ, ကျောင်းသားတပ်မတော် -ယောဒေသက အခြေခံစစ်သင်တန်းဆင်းပွဲ တစ်ခု

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်-ABSDF)ဟာ မျိုးဆက်သစ်ရဲဘော်တွေကို လေ့ကျင့်စုဖွဲ့ပေးနိုင်ခဲ့ပြီး ညီနောင်မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ ကျောင်းသားတပ်မတော်ဘက်က ဒီနေ့ နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ဖော်ပြောဆိုလာပါတယ်။

ကျောင်းသားတပ်မတော် ဖွဲ့စည်းတဲ့ ၃၄ နှစ်ပြည့်မှာထုတ်ပြန်ကြေညာချက်မှာ အခုလိုပြောလာတာဖြစ်ပြီး တစ်ဖက်မှာလည်း ဒီသက်တမ်းဟာ စစ်အာဏာရှင်စစ်နစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းမှတ်တိုင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကျောင်းသားတပ်ဖွဲ့စည်းချိန်ကစလို့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးကာလအထိဆိုရင် ကျောင်းသားတပ်က ရဲဘော် ၇၆၄ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ကျရောက်တဲ့ ကျောင်းသားတပ်မတော် ၃၄ နှစ်ပြည့်ကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့အပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ ပြည်သူ့လွှတ်တော်ကိုယ်များအဖွဲ့(MPU)၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတို့ကလည်း ဂုဏ်ပြုစကားတွေ ပြောဆိုထားပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ လူထုဒီမိုကရေစီ တော်လှန်ရေးတပ်ဦးမှာ ကျောင်းသားတပ်မတော်ရဲ့ စွဲစွဲမြဲမြဲရပ်တည်လျှောက်လှမ်းနိုင်မှုဟာ အင်မတန်ဝမ်းသာဂုဏ်ယူစရာအဖြစ် မှတ်ယူကြောင်းပြောသလို မြန်မာ့နွေဦးတော်လှန်ရေးမျိုးဆက်သစ်တွေကို ကဏ္ဍတော်တ်ောများများကနေ ကူညီပေးနေတာတွေရှိနေတယ်လို့လည်း သူ့ရဲ့ရုပ်သံ သဝဏ်လွှာမှာ အသိအမှတ်ပြုထည့်ပြောသွားပါတယ်။

ကျောင်းသားတပ်မတော်ဟာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှာ ပါဝင်ပေမဲ့ လက်ရှိမှာ ပြည်တွင်းစစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးတွေကို ပါဝင်တက်ရောက်တာမရှိပါဘူး။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆွေးနွေး

နှစ်နိုင်ငံ နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့် တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံ နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့် တွေ့ဆုံမှု

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ ရှာပါဒီဝပ် လှေဆိပ်မှာ အောက်တိုဘာလ ၃၀ ရက်တုန်းက ပြုလုပ်သွားပါတယ်။

နှစ်နိုင်ငံ နယ်ခြားစောင့်တပ် တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးမှာ နယ်စပ်လုံခြုံရေးကိစ္စကို ဆွေးနွေးသွားတာဖြစ်ပြီး မြန်မာစစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရှိတ် ခါလစ် မိုဟာမက် အီဖက်ခါ ဦးဆောင်တွေ့ဆုံခဲ့ကြတာပါ။

ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီနယ်ခြားစောင်တပ်စခန်းအချို့ ရက္ခိုင့်တပ်တော် အေအေရဲ့တိုက်ခိုက်မှုခံရချိန်  နှစ်ဖက်ပစ်ခတ်မှုတွေအတွင်း လက်နက်ကျည်အချို့  ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကျရောက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့အပြီးမှာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေ တွေ့ဆုံမှု ထွက်ပေါ်လာတာပါ။

အစည်းအဝေးမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ အခြေပြုလှုပ်ရှားတဲ့သောင်းကျန်းသူစခန်းတွေ ကို မြေပုံနဲ့တကွ အသိပေးဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ် လုံခြုံရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအရေးနဲ့ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု နှိမ်နင်းရေးတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့မလုံးတင်နဲ့ မထိသာရွာခံတွေ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ထဲက မထိသာရွာနဲ့ ငါးလုံးတင်ကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့ပြီးပြည်သူတွေနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ နေအိမ်မီးရှို့ခံရလို့ နေထိုင်‌ရေးအခက်အခဲအပြင် သတ်ဖြတ်ခံရမှုတွေရှိလို့လည်း လုံခြုံရေးစိုးရိမ်ချက်တွေရှိနေကြပါတယ်။

တဖက်မှာလည်း စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေလည်း မီးလောင်ဆုံးရှုံးခဲ့လို့ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ဆက်လက်လုပ်ကိုင်ဖို့ မှာလည်း အဆင်မပြေမှုတွေဖြစ်နေတယ်လို့ ပြောကြပါတယ်။

ရုပ်သံ အပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

ကျောက်တော်မှာ မိသားစုဝင် ၃ ဦး လက်နက်ကြီးထိမှန် သေဆုံး

နေအိမ်အချို့လည်း ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, Western News

ဓာတ်ပုံ ပုံစာ, နေအိမ်အချို့လည်း ပျက်စီး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မနေ့ အောက်တိုဘာလ ၃၁ ရက်ညပိုင်းတုန်းက လက်နက်ကြီးထိမှန်ခဲ့တာကြောင့် တစ်အိမ်တည်းနေထိုင်သူ မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကျောက်တော်မြို့နယ်၊ ပီစိကျေးရွာက မိသားစုတစ်စုဖြစ်ပြီး မိခင်၊ဖခင်နဲ့ သမီးဖြစ်သူ ၆ တန်းကျောင်းသူတို့ဖြစ်ကြပါတယ်။

မနေ့ည ၁၁ နာရီခန့်က ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ချိန် အဲဒီထဲက လက်နက်ကျည်ဟာ ပီစီရွာမြောက်ပိုင်းကို ကျခဲ့တာကြောင့် အခုလို လူသေဆုံးမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးကျည်စထိမှန်တာကြောင့် နွားအချို့သေဆုံးခဲ့သလို လူနေအိမ်အချို့လည်း ပျက်စီးခဲ့ပါတယ်။