နိုဝင်ဘာ ၁၅ရက် ထိပ်တန်းသတင်းများ
ရဟတ်ယာဥ်အဂတိမှုအတွက် သမ္မတဦးဝင်းမြင့်ကို စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
သဘာဝဘေးတုံ့ပြန်ဖို့ရည်ရွယ်ပြီး အီတလီထုတ် ရဟတ်ယာဥ်တစ်စင်း ငှားရမ်း၊ ဝယ်ယူရာမှာ နိုင်ငံပိုင်ငွေကြေးနစ်နာတယ်ဆိုကာ အဂတိနဲ့စွပ်စွဲခံရတဲ့ အမှုတွေအတွက် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော် အချုပ်ထောင် အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ရဟတ်ယာဥ်တစ်စီးတည်းကို အကြောင်းပြုပြီး စွပ်စွဲခံရတဲ့ အဂတိမှု ၅ မှုအတွက် ပြန်ခေါ် သက်သေ စစ်ဆေးရာမှာ သမ္မတ ဦးဝင်းမြင့်က သက်သေဖြစ် ကိုယ်တိုင် ထွက်ဆိုသွားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
အမှု ၅ မှုဖြစ်ပေမဲ့ ဒီနေ့မှာတော့ ရဟတ်ယာဥ်ငှားရမ်းမှုနဲ့ပတ်သက်တဲ့အမှုကိုပဲ စစ်ဆေးခဲ့တာဖြစ်ပြီး သမ္မတက သူ့မှာအပြစ်မရှိကြောင်း ဥပဒေကြောင်းအရ ပြန်လည်ချေပသွားခဲ့တယ်လို့လည်း သိရပါတယ်။
ရဟတ်ယာဥ်ဆိုင်ရာ အဂတိမှုတွေမှာ သမ္မတကိုရော၊ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ပူးတွဲ တရားစွဲဆိုထားတာဖြစ်တာကြောင့် ဒီနေ့ ရုံးချိန်း ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်တယ်လို့ သိရပါတယ်။
အမှုတွေအတွက် စွဲချက်သင်တင့်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် အမှု ၅ မှုစလုံးအတွက် သမ္မတ ဦးဝင်းမြင့်က ပြန်ခေါ် သက်သေ စစ်ဆေးခံတာဖြစ်ပြီး အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်စစ်ဆေးခံဖို့ ရှိနေပါတယ်။
စင်ကာပူမှာ အလုပ်ရှင်ကို ဓားနဲ့ထိုးသတ်မှုနဲ့မြန်မာအိမ်အကူတစ်ဦး ထောင် ၁၆ နှစ် ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးဟာ သူ့ကို ပါးရိုက်ခဲ့တဲ့အိမ်ရှင်အမျိုးသမီးကို ဓားနဲ့ထိုးသတ်မှုနဲ့ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်မှာ ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံလိုက်ရပါတယ်။
အသက် ၄၀ ကျော်ဝန်းကျင်ရှိတဲ့ အိမ်အကူအမျိုးသမီး မစန္ဒာထူးဟာ အသက် ၉၅ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးက သူ့မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာကြောင့် မခံမရပ်နိုင်ဖြစ်ရာကနေ အဲဒီ အိမ်ရှင် အိပ်နေချိန်မှာ ဓားနဲ့ထိုးခဲ့တာလို့ တရားခွင်အချက်အလက်တွေကို ကိုးကားပြီး စင်ကာပူသတင်းဌာနတွေက သတင်းဖော်ပြပါတယ်။
အိမ်ရှင်အမျိုးသမီးက အိမ်အပေါ်ထပ်မှာ တုတ်ကောက်အကူနဲ့ ရေအိမ်ကနေ ထွက်ဖို့ ကြိုးပမ်းနေချိန် အောက်ထပ်ကနေ ပြေးတက်သွားတဲ့ မစန္ဒာထူးကို လာကူဖို့ နောက်ကျတယ်ဆိုပြီး တံတွေးနဲ့ တစ်ကြိမ်မက ထွေးခဲ့တာလို့လည်း သတင်းတွေက ဆိုပါတယ်။
အဲဒီနောက်မှာတော့ မစန္ဒာထူးဟာ အဲဒီလိုပြုမူခံရတဲ့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၆ ရက်နေ့ နေ့လည်ပိုင်းမှာပဲ အိမ်ရှင်ဖြစ်သူ အမ်းပတ်ချိုင် အိပ်နေချိန် ဓားနဲ့ထိုးခဲ့တာလို့ ကြားနာမှုတွေမှာ ဖော်ပြပါတယ်။
မစန္ဒာထူးဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကစတင်ကာ အဲဒီအိမ်ရှင်အတွက် အလုပ်လုပ်ခဲ့တာဖြစ်ပြီး အခင်းမဖြစ်ခင်တုန်းကလည်း သူဟာ အိမ်ရှင်ဖြစ်သူရဲ့ အော်ငေါက်မှုနဲ့ ပါးရိုက်မှုကို ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
လူသတ်မှုနဲ့ မစန္ဒာထူးကို ထောင်ဒဏ်အနှစ် ၂၀ အထိချမှတ်ဖို့ တရားလိုရှေ့နေတွေက ရုံးတော်ကို လျှောက်ခဲ့ပါတယ်။
ဒါပေမဲ့ မစန္ဒာထူးရဲ့ စိတ်ပိုင်းဆိုအကဲဖြတ်မှုအရ မစန္ဒာထူးဟာ ဘာသာစကားအခက်အခဲ၊ အလုပ်အခက်အခဲနဲ့ အဲဒီလပိုင်းတွေအတွင်း အထီးကျန်မှု စတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို ပြီး တရားရုံးက သူ့ကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ထောင်က ပြန်လွတ်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။
သူတို့နှစ်ဦးလုံးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်၂နှစ်၊ ရက်ဂေးအဆိုတော်အဖြစ်လူသိများတဲ့ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
မင်းထင်ကိုကိုကြီးဟာ သူ့အိမ်ရှေ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်သားတွေရာက်နေပြီ ဆိုတဲ့အကြောင်း အဖမ်းမခံရခင်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။
အခုအခါ ပြန်လည်လွတ်မြောက်လာပြီး နေအိမ်ကိုပြန်လည်ရောက်ရှိပြီ ဆိုတဲ့အကြောင်း မင်းထင်ကိုကိုကြီးနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။
အဆိုတော်စောဖိုးခွားဟာ သူရဲ့အနုပညာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်လေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ပါတီ အောင်နိုင်ရေးစည်းရုံးရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဒီကနေ့ သူတို့နှစ်ဦး ပြန်လည်လွတ်မြောက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံအတည်ပြုမေးမြန်းဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
မော်လမြိုင်ပစ်ခတ်မှုမှာ ရဲ ၂ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံး၊ မြို့ပြပြောက်ကျား ၅ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်အတွင်း မနေ့ နိုဝင်ဘာလ ၁၄ ရက်ညပိုင်းတုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေကြား ထိတွေ့ပစ်ခတ်မှုမှာ ရဲ ၂ ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး မြို့ပြပြောက်ကျားအဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မော်လမြိုင်အထူးမြေအောက်လှုပ်ရှားရေးအဖွဲ့(SUMF)ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြောက်ကျားအဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ အဲဒီရပ်ကွက်ထဲက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
သေဆုံးသူအမျိုးသားဟာ စီးနင်းမှုမှာပါဝင်တဲ့ ရဲနဲ့စစ်သားတွေပါလာတဲ့ကားနဲ့အတူလိုက်လာတဲ့ အုပ်ချုပ်ရေးမှူးသားဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဥ်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဟာ သေနတ် ၃ လက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတယ်လို့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ မော်လမြိုင်အထူးမြေအောက်လှုပ်ရှားရေးအဖွဲ့(SUMF)က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ပါတယ်။
နောက်ပြီး အဖွဲ့ဝင် နောက်ထပ် ၃ ဦးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း၊ ဆောမြို့နယ်ထဲက လက်ပန်းရွာကို နိုဝင်ဘာ ၁၅ရက်နေ့၊ မနက်ပိုင်း ၁၁နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေလို့ နေအိမ် ၁၀လုံးကျော် မီးလောင်နေပြီလို့ လက်ပန်းကျေးရွာ မီးလောင်နေတာကို မျက်မြင်တွေ့ရှိ နေသူတွေပြောပြချက်အရ သိရပါတယ်။
နိုဝင်ဘာ ၇ရက်နေ့ကတည်းက လက်ပန်းအပါအဝင်၊ ပဆုပ်နဲ့ ကံအိုးစတဲ့ ရွာတွေကို စစ်ကြောင်းစတင်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ရက် နိုဝင်ဘာ ၈ရက်မှာတော့ လက်ပန်းရွာက နေအိမ်တစ်လုံးကို မီးရှို့ခဲ့သလို၊ ဒေသကာကွယ်ရေးအဖွဲ့စခန်းကိုစီးနင်းပြီး လက်နက် ၈လက်ကို စစ်တပ်ဘက်က ယူဆောင်သွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၀ရက်နေ့မှာတော့ အဲဒီစစ်ကြောင်းထဲက တပ်ကြပ်ကြီးအပါအဝင် ၄ဦးတို့က စစ်တပ်ထဲက ထွက်ပြေးလာတာကြောင့် ကျောက်ထုဒေသကာကွယ်ရေးအဖွဲ့ဘက်က ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီဖြစ်စဥ်တွေအပြီး စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့အကြားမှာ လက်နက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေ လဲလှယ်ရေးညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် စစ်တပ်ဘက်က လက်မခံခဲ့ပဲ ကျေးရွာတွေကို မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီးနောက် အခုလိုဖြစ်စဥ်တွေ ဖြစ်လာတယ်လို့ ဒေသကာကွယ်ရေးနီးစပ်သူတွေထံကသိရပါတယ်။
အဲဒီနောက် ဒီကနေ့မှာတော့ ဒုတိယအကြိမ် လက်ပန်းရွာကို မီးထပ်ရှို့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်ပန်းနဲ့ ပဆုပ်ရွာ ၂ခုမှာ လက်ရှိ ဝင်ရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေထံကသိရပါတယ်။
လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ လက်ပန်းရွာနဲ့ ဝန်းကျင်ကိုလည်း ၆မိုင်လောက်အကွာမှာရှိနေတဲ့ ကျောက်ထုအမြှောက်တပ်က လက်နက်ကြီး ၆ လုံးလောက်ကို ဆက်တိုက်ပစ်ခတ် နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က သိရပါတယ်။
နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုမရှိပေမယ့် နှစ်ဘက်အကြား စစ်ရေးတင်းမာမှုတွေ ရှိနေတာရယ်၊ စစ်ကြောင်းဝင်လာတာရယ်ကြောင့် ပဆုပ်၊ ကံအိုးနဲ့ လက်ပန်းက ဒေသခံ ၄၀၀ ကျော်က ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ကျေးရွာကိုမီးရှို့တယ်လို့ ဆိုတဲ့ကိစ္စရယ်၊ စစ်ကောင်စီတပ်သားတွေထွက်ပြေးမှုအပါအဝင် ပဆုပ်၊ ကံအိုးနဲ့ လက်ပန်းဒေသတွေဘက်က သတင်းတွေအပေါ် စစ်ကောင်စီကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
ဘီဘီအနေနဲ့လည်း ဖြစ်စဥ်တွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
လက်နက်ကြီးကျလို့ အရပ်သား ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက် မနက်ပိုင်းတုန်းက ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ကြ တယ်လို့ သိရပါတယ်။
ပုဏ္ဏားကျွန်မြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီးက ရထားဘူတာမှာစခန်းချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အေအေဘက်က ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်မှာ တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲစတင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အခုလို တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ကွမ်းတောင်ကျေးရွာအနီးဝန်းကျင်နေရာတွေနဲ့ ပဒေသာကျေးရွာအနီးဝန်းကျင်နေရာတွေကို စစ်ကောင်စီရဲ့ စစ်တွေမြို့တပ်နယ်နဲ့ ရေတပ်စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ဂဏန်းဒိုင်တစ်ခုမှာအလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဦးဇော်ငြိမ်းထွန်းရဲ့ လက်မောင်းနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေမှာ လက်နက်ကြီးကျည်စတွေထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကွမ်းတောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်စထိမှန်ပြီးတော့ ဂဏန်းဒိုင်က အလုပ်သမားတစ်ယောက်မှာ ဒဏ်ရာရသွားတယ်။ နည်းနည်းတော့ စိုးရိမ်ရတယ်လို့သိရပါတယ်။ အခုတော့စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ပါပြီ”လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးက ကွမ်းတောင်ကျေးရွာအနီးတဝိုက် စစ်တွေပုဏ္ဏားကျွန်းလမ်းမတစ်လျှောက်မှာ နှစ်ဘက်စစ်ရေးပြင်ဆင်မှုတွေရှိတာကြောင့် ဒေသခံတွေလည်း ကျေးရွာထဲက ဘုန်းတော်ကြီးကျောင်းနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ရာသီဥတုပြောင်းလဲမှုက မြန်မာကို ဘယ်လို ထိခိုက်စေသလဲ
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP27 ကို အီဂျစ်နိုင်ငံ ရှမ်မဲလ်ရှိတ်မှာ နိုဝင်ဘာလ ၆ ရက်ကနေ ၁၈ ရက်နေ့အထိ ကျင်းပနေပါတယ်။
ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ဒီညီလာခံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ကမ္ဘာ့ခေါင်းဆောင်တွေက ကိုင်တွယ် ဖြေရှင်းဖို့ ဆွေးနွေးကြတာပါ။
မြန်မာနိုင်ငံမှာရော ရာသီဥတုပြောင်းလဲမှုဒဏ်ကို ဘယ်လောက် ခံစားနေရပါလဲ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားနေတဲ့ မြန်မာအစိမ်းရောင်ကွန်ရက်က ဒေါ်ဒေဝီသန့်စင်က ၂၀၂၁ တုန်းက ပြောပြထားတာကို ပြန်လည်တင်ဆက်ပေးထားတဲ့ရုပ်သံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
စစ်ကောင်စီတပ်ရှိနေတဲ့ ကြာအင်းဆိပ်ကြီး၊ လွှတ်ရှမ်းရွာကို KNU ပူးပေါင်းတပ်ဖွဲ့တွေဝင်တိုက်နေတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ဒူးပလာယာခရိုင်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက လွှတ်ရှမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ KNLA တပ်ဖွဲ့တို့ ဒီနေ့ မနက်အစောပိုင်းကစလို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပေါ်က ကေအဲန်ယူ တပ်မဟာ ၆ ရဲ့ လွှတ်ရှမ်းအကောက်ခွန် စစ်ဆေးရေးဂိတ်ကို စစ်တပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
အခုတော့ အဲဒီစခန်းကို KNLA ဘက်က ဝင်ရောက်တိုက်ခိုက်တယ်လို့ ကနဦးသိရပြီး သံဖြူဇရပ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူတာ၊ ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘‘မနက် ၅ နာရီလောက်က တိုက်ပွဲစဖြစ်တယ်။ မနက် ၆ နာရီစွန်းစွန်းလောက်မှာ စစ်တပ်က ရဟတ်ယာဥ်တွေနဲ့လာပစ်သွားတယ်။ မိုးလင်းခါနီးမှာ တိုက်ပွဲသံကြားတော့ ကျွန်တော်တို့လည်း ဗုံးခိုကျင်းထဲ ပြေးဆင်းလိုက်ရတယ်’’ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုတော့ လွှတ်ရှမ်းရွာအပြင် အနီးနားက ဒေသခံတွေဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရှိရပါတယ်။
ထိုင်းမှာ APEC ထိပ်သီးဆွေးနွေးပွဲကြောင့် လေဆိပ်တွေမှာ စစ်ဆေးမှုတိုးလုပ်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံမှာ အခုသီတင်းပတ်နှောင်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ အာရှ-ပစိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးဆွေးနွေးပွဲရှိတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က နိုင်ငံ့လေဆိပ်တွေမှာ စစ်ဆေးရေးတွေတိုးလုပ်နေပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး (လဝက) ကတော့ ထိပ်သီးဆွေးနွေးပွဲကို လုံခြုံရေးပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်နိုင်ချေရှိမယ့် ပြည်ပဆိုက်ရောက်ခရီးသည် နိုင်ငံခြားသားတွေကို စစ်ဆေးတာပိုလုပ်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ထိုင်းလဝက နာမည်ပျက်စာရင်းမှာပါဝင်တဲ့သူတွေအပါအဝင် လူပေါင်း ၂၀၀၀ နီးပါးကို ပြည်ဝင်ခွင့်မပေးခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့နိုင်ငံခြားသားတွေရဲ့သွားလာမှုကို စောင့်ကြည့်နေတယ်လို့ ထိုင်းလဝကကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကလည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အေပက် ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် ဘန်ကောက်မြို့အတွင်း လေဆိပ်၊ ရေဆိပ်နဲ့ အဝင်အထွက်ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်ထားမှာဖြစ်လို့ သတ်မှတ်စည်းကမ်းတွေနဲ့အညီ သွားလာနေထိုင်ကြဖို့ ထိုင်းရောက် မြန်မာတွေကို အသိပေးစာထုတ်ထားပါတယ်။
တစ်ဖက်မှာလည်း မြန်မာကနေ လေကြောင်းခရီးစဥ်နဲ့ ထိုင်းနိုင်ငံကို ဝင်ရောက်ကြတဲ့ မြန်မာတွေဟာ စာရွက်စာတမ်းအထောက်အထား အပြည့်အစုံနဲ့ လာကြတယ်ဆိုရင်တောင် ထိုင်းလဝက ကနေ စိစစ်မှု တင်းကျပ်တာကြုံနေရတယ်လို့ လူမှုကွန်ရက်တွေမှာ ထုတ်ပြောနေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့သီတင်းပတ်တုန်းကဆိုရင် စာရွက်စာတမ်း မပြည့်စုံလို့ဆိုပြီး မြန်မာလူငယ် အချို့ကို ထိုင်းလဝကရဲ့ ပြည်ဝင်ခွင့်မပေးဘဲ ပြန်လွှတ်တဲ့ ဖြစ်စဥ်လည်း ရှိထားတာကြောင့် မြန်မာတွေအနေနဲ့ အခုရက်ပိုင်းအတွင်း ထိုင်းကို လာမယ်ဆိုရင် အထောက်အထား ပြည့်ပြည့်စုံစုံ ယူဆောင်လာကြဖို့ ထိုင်းရောက်မြန်မာတွေက တိုက်တွန်းပြောဆိုထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်၊ မန္တလေးကနေ စစ်တွေမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကို စစ်ကောင်စီဘက်က ပို့ဆို့ထားလို့ ကုန်ပစ္စည်းပြတ်လတ်မှု၊ ခရီးသွားပြည်သူတွေပါ ပိတ်မိနေတာ ရက်ချီကြာမြင့်လာပြီလို့ ဒေသခံတွေထံကသိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတဲ့အချိန်ကနေ အခုလို ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ၊ ပုဏ္ဏားကျွန်း-စစ်တွေလမ်းပိုင်းကို စစ်တပ်က ပိတ်ဆို့မှုတွေပြုလုပ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီထဲ ရန်ကုန်နဲ့ မန္တလေးတို့ကနေ စစ်တွေမြို့ကိုပြေးဆွဲနေတဲ့ ကုန်ကားတွေရော ခရီးသည်ပို့ဆောင်ရေးကားတွေပါ ကားအစီးရေ ငါးရာဝန်းကျင်ခန့် ပိတ်မိနေပြီး အခက်အခဲနဲ့ကြုံနေကြရတယ်လို့ ကုန်ကားဂိတ်တွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့ မြို့နယ်အားလုံးနီးပါးမှာ တိုက်ပွဲတွေပြင်းထန်နေသလို ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတဲ့ အတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုတွေကို မလုပ်ကိုင်နိုင်ကြတာ သုံးနှစ်ခန့်ရှိလာနေပြီဖြစ်ပါတယ်။
ဒေသထွက်ကုန်တွေ မရှိတော့သလောက် ရှားပါးလာချိန်မှာတော့ ဆန်ကလွဲပြီး ရခိုင်ပြည်နယ်ရဲ့လိုအပ်တဲ့ စားသောက်ကုန်စည်တွေကို ပြည်မဘက်နေ မှာယူပြီးရောင်းချနေကြရတပါ။
အခုလို ဟင်းသီးဟင်းရွက်နဲ့ ကုန်စိမ်းတွေကိုသယ်ဆောင်လာတဲ့ ကုန်ကားတွေဟာ တစ်ပတ်နီးပါးအကြာ သွားလာခွင့်မရဘဲ ပိတ်မိနေတဲ့အတွက် စစ်တွေမြို့မှာ ဟင်းသီး ဟင်းရွက် ပြတ်လတ်ကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတွေနဲ့ ကြုံနေကြရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။
ပြည်မဘက်ကနေ မှာယူထားတဲ့ကုန်စိမ်းတွေမရောက်လာနိုင်တဲ့အချိန် မြောက်ဦးနဲ့ကျောက်တော်မြို့နယ်တွေဘက်က ထွက်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကလည်း ပို့ဆောင်ဖို့အခက်အခဲရှိနေတာကြောင့် အခုလိုဆိုးဆိုးဝါးဝါးအခြေအနေ ဖြစ်လာနေတာပါ။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန် လမ်းပိတ်ထားရာကနေ လတ်တလောငြိမ်သက်နေတဲ့အချိန်တွေမှာလည်း ပြန်မဖွင့်ပေးတာနဲပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အဆက်သွယ်မရခဲ့ပါဘူး။








