တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်း အသက် ၉၆ နှစ်မှာ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံမှာ တီယန်နန်မင်ရင်ပြင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး အာဏာရလာခဲ့သူ တရုတ်ခေါင်းဆောင် ကျန်ဇီမင်းဟာ အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ နေ့လက ရှန်ဟိုင်းမြို့မှာ မစ္စတာ ကျန်ဇီမင်း ကွယ်လွန်သွားကြောင်း တရုတ်အစိုးရ သတင်းမီဒီယာက ထုတ်ဖော် ကြေညာခဲ့ပါတယ်။
လတ်တလော ဆယ်စုနှစ်ပိုင်း တရုတ်နိုင်ငံရဲ့ သမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ဦး ဖြစ်တဲ့ မစ္စတာ ကျန်ဇီမင်းဟာ တရုတ်နိုင်ငံ အကြီးအကျယ် တံခါးဖွင့်လာချိန်၊ အရှိန်အဟုန် ကြီးကြီးမားမားနဲ့ တိုးတက်လာချိန်မျိုးမှာ နိုင်ငံကို သမ္မတအဖြစ် ဦးဆောင်ခဲ့ပါတယ်။
တီယန်နန်မင်ရင်ပြင် ဆန္ဒပြမှုတွေအပြီးနောက်ပိုင်း အဆိုးဝါးဆုံး ဆန္ဒပြမှုတွေအဖြစ် ကိုဗစ်စည်းမျဉ်းတွေအပေါ် ကန့်ကွက်မှုတွေ ပေါ်ပေါက်နေချိန်မှာပဲ မစ္စတာ ကျန်ဇီမင်း ကွယ်လွန်သွားခဲ့တာပါ။
မစ္စတာ ကျန်ဇီမင်းဟာ သွေးကင်ဆာရောဂါ၊ ကိုယ်တွင်းအင်္ဂါအများအပြား ယိုယွင်းပျက်စီးတဲ့ ရောဂါတွေကြောင့် ကွယ်လွန်ခဲ့တာလို့ တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မစ္စတာ ကျန်ဇီမင်းကို ဂုဏ်သိက္ခာမြင့်မားပြီး ထူးချွန်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦး၊ မှတ်ကျောက်တင် ခံနိုင်တဲ့ ကွန်မြူနစ်တိုက်ခိုက်ရေးသမား တစ်ဦးအဖြစ် အဲဒီကြေညာချက် ထဲမှာ အသိအမှတ်ပြု ဖော်ပြထားပါတယ်။
၁၉၈၉ ခုနှစ်က ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်ထဲနဲ့ အနီးတဝိုက်မှာ ဆန္ဒပြနေကြသူတွေကို သွေးထွက်သံယို ဖြိုခွင်းခဲ့အပြီးနောက်ပိုင်း မစ္စတာ ကျန်ဇီမင်း အာဏာရလာခဲ့တာပါ။ ဒီဖြိုခွင်းမှုကြောင့် တရုတ်အစိုးရဟာ နိုင်ငံတကာရဲ့ ဖယ်ကျဉ်တာကို ခံခဲ့ရပါတယ်။
တီယန်နန်မင်ရင်ပြင် ဆန္ဒပြမှုကြောင့် တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ပိုင်း အတွင်း သဘောထားတင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေအကြား ခါးသည်းတဲ့ အာဏာလွန်ဆွဲမှုတွေ ဖြစ်လာခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီလို အာဏာလွန်ဆွဲမှုတွေ ဖြစ်ခဲ့ရာကနေ အေးအေးဆေးဆေးသမားလို့ အရင်ကယူဆထားခဲ့ကြတဲ့ ဗရိုကရက် တစ်ဦးဖြစ်သူ ကျန်ဇီမင်းကို ရာထူးထိပ်ပိုင်းနေရာ တိုးပေးခဲ့ပါတယ်။
သဘောထားတင်းမာသူတွေနဲ့ ပိုလွတ်လပ်တဲ့ အတွေးအခေါ်ရှိသူတွေအကြား ပေါင်းစည်း သင့်မြတ်အောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မစ္စတာ ကျန်ဇီမင်းကို ကြားဝင် စေ့စပ်ပေးနိုင်မယ့် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
သူ့ရဲ့ ခေါင်းဆောင်ပိုင်းအောက်မှာ စီးပွားရေးစနစ် ခိုင်မာလာခဲ့ရာမှာ ကွန်မြူနစ်ပါတီဝင်တွေက အာဏာကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာခဲ့ပြီး ကမ္ဘာ့အင်အားကြီး ထိပ်တန်းနိုင်ငံ စာရင်းထဲ တရုတ်နိုင်ငံ ပါဝင်လာနိုင်ခဲ့ပါတယ်။
သူ့လက်ထက်မှာ ၁၉၉၇ ခုနှစ် ဟောင်ကောင်ကို ငြိမ်းချမ်းစွာ ပြန်လွှဲပြောင်းယူနိုင်ခဲ့သလို ၂၀၀၁ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထဲ တရုတ်နိုင်ငံ ဝင်ခွင့်ရခဲ့ပြီး ကမ္ဘာ့စီးပွားရေးစနစ်ထဲ ရောယှက်ပါဝင်လာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ကျန်ဇီမင်းဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေကို ဘေးဖယ်ထားပြီး ပြည်တွင်းက အတိုက်အခံတွေကို ဖိနှိပ်ချေမှုန်းခဲ့သလို ထိုင်ဝမ်အရေးမှာလည်း တင်းမာတဲ့ ရပ်တည်ချက် ထားရှိခဲ့ပါတယ်။
ကွန်မြူနစ်ပါတီအပေါ် ခြိမ်းခြောက် အန္တရာယ်ပြုနိုင်တဲ့ ဖာလူဂွန်း ဘာသာရေးအဖွဲ့ကို ၁၉၉၉ ခုနှစ်မှာ အင်အားသုံး ဖြိုခွဲခဲ့တာကြောင့် ကျန်ဇီမင်း အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်။
ဒါ့အပြင် ကွန်မြူနစ်ပါတီအတွင်း သူထိုင်ခုံမြဲနိုင်ရေးကိုလည်း ကျန်ဇီမင်းက စိတ်ဆန္ဒပြင်းပြခဲ့ပြီး ပါတီကို ခေတ်မီတိုးတက်အောင် လုပ်ဖို့ကြိုးစားတဲ့အနေနဲ့ လူတန်းစား ၃ ရပ်ကို အခြေခံတဲ့ နိုင်ငံရေးသီအိုရီတစ်ခုကို ထွင်ခဲ့ပါတယ်။
သူအာဏာလက်ဝယ် ရှိနေစဉ်အတွင်း ကျန်ဇီမင်းဟာ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပိုခိုင်မာလာအောင် ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့သလို စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအပြီး အမေရိကန်အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်မယ်ဆိုပြီး သမ္မတ ဂျော့ဂျ် ဒဘလျူ ဘွတ်ရှ် ကို ကျန်ဇီမင်း က ကမ်းလှမ်းခဲ့ပါတယ်။
မစ္စတာ ကျန်ဇီမင်းဟာ ၂၀၀၁ ခုနှစ်တုန်းက မြန်မာနိုင်ငံကိုလည်း လာရောက်ခဲ့ပါတယ်။
ပေါ်ပေါ်ထင်ထင် နေတတ်တဲ့ ခေါင်းဆောင်မျိုး သိပ်မတွေ့ရတတ်တဲ့ တရုတ်နိုင်ငံမှာ ကျန်ဇီမင်းကိုတော့ သူ့အရင်ခေါင်းဆောင်တွေထက်စာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပျော်ပျော်ပါးပါး နေတတ်သူတစ်ဦးအဖြစ် အများက ရှုမြင်ခဲ့ကြပါတယ်။ သူ့ကို အမှတ်ရစရာ ဖြစ်ခဲ့တာတွေကတော့ ကမ္ဘာ့ထိပ်သီးညီလာခံတစ်ခုမှာ အဲလ်ဗစ်စ် ပရက်စလေ သီချင်း ဆိုညည်းခဲ့ပုံနဲ့ ဟာဝိုင်အီကျွန်းမှာ ရေဆင်းကူးခဲ့ပုံတွေ ဖြစ်ပါတယ်။
သူ့ရဲ့ သက်ကြီးပိုင်း နောက်ပိုင်းနှစ်တွေမှာ ကျန်ဇီမင်းဟာ အစိုးရအဖွဲ့ထဲမှာ မပါတော့ဘဲ လူတွေကြားထဲလည်း သိပ်မထွက်တော့ပါဘူး။ ဒါပေမဲ့ ဒီလို မထင်မရှားဘဝ ရောက်လာတာတောင်မှ သူ့ရဲ့ ပုံက အွန်လိုင်းစာမျက်နှာတွေပေါ်မှာ မထင်မှတ်ဘဲ ရေပန်းစားလာခဲ့ပါတယ်။ သူ့ရဲ့ သင်္ကေတအမှတ်တံဆိပ် ဖြစ်တဲ့ မျက်မှန်ကြီးဝတ်ထားတဲ့ ကျန်ဇီမင်းရဲ့ ရုပ်ပုံကို တရုတ်လူမျိုး အတော်များများက ချစ်စနိုးနဲ့ ကာတွန်းရုပ်ပြောင်ဆွဲ ဖော်ပြလေ့ရှိကြသလို ဖားပြုတ်ကြီးလို့လည်း ခိုင်းနှိုင်းပြောလေ့ရှိကြပါတယ်။ လူငယ်တွေဆိုရင် သူတို့ကိုယ်သူတို့ “ဖားပြုတ်ကိုးကွယ်သူများ” ဆိုပြီးတော့တောင် အမည်ပေးထားကြပါတယ်။








