ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုဝင်ဘာ ၂၂ ရက် ထိပ်တန်းသတင်းများ- မန္တလေးမှာ Generation Z Power အဖွဲ့ဝင် ၄ ဦး အသေဖမ်းဆီးခံရ
ဗီယက်နမ်နဲ့ ထိုင်းက တစ်နှစ်ပတ်လုံး ဝယ်လိုအားများလို့ပြည်တွင်းမှာ ကြက်သွန်နီနဲ့ ငရုတ်ဈေးမြင့်တက် အရင်နှစ်ထက် ကြက်သွန်နီ ဈေး ၃ ဆ၊ ငရုတ်ဈေး ၅ ဆ ခန့်မြင့်တက်နေ
ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကနေ တစ်နှစ်ပတ်လုံး ဝယ်လိုအားများလို့ ကြက်သွန်နီနဲ့ ငရုတ်ဈေးမြင့်နေပြီး ပြည်တွင်းစားသုံးသူတွေအတွက် ဈေးနှုန်းကြီးမြင့်နေပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေ ရှိနေပေမဲ့ ကုန်တင်ပို့မှုတွေကို အဆင်ပြေအောင် ဆောင်ရွက်ပြီး ကြိုးစားတင်ပို့နေကြတာမို့ ကြက်သွန်နီနဲ့ ငရုတ်တို့ဟာ ထိုင်းနဲ့ ဗီယက်နမ်ကို ဆက်လက်တင်ပို့နေရပြီး အခု အသစ်ပေါ်ချိန်ရောက်နေပေမဲ့ ဈေးမကျနိုင်သေးဘူးလို့ ကုန်သည်တွေက ဆိုကြပါတယ်။
နိုဝင်ဘာ ၂၂ ရက်မှာ ကြက်သွန်နီတစ်ပိဿာကို ၄၅၀၀ ကျပ်ခန့် ဈေးရှိပါတယ်။ ကြက်သွန်နီ အသစ်လည်း စပေါ်လာပြီ ဖြစ်ပြီး အသစ်တစ်ပိဿာကို ၃၅၀၀ ကျပ် ခန့်ရှိတယ်လို့ ကြက်သွန်ပွဲရုံတွေက သိရပါတယ်။ "နယ်မှာကို အသစ် ပေါက်ဈေး ၁၅၀၀ က ၂၈၀၀ ကြားရှိတယ်။ ရန်ကုန်ဘက်ကို အသစ်တွေ အဝင်များလာပြီး အဟောင်းနည်းသွားတော့မယ်။ ဗီယက်နမ် တောက်လျှောက်ဝယ်တာ။ ထိုင်းကလည်းဝယ်တယ်။ သူတို့နိုင်ငံတွေမှာ မိုးများ ရေကြီးထားတော့ လိုအပ်ချက်က မြင့်နေတယ်။ သူတို့ဝယ်တာ အဓိက ဖြစ်နေတာ။ ဈေးထိန်းထားသလိုဖြစ်ပြီး ဈေးလုံးဝမကျဘူး။ တစ်နှစ်ပတ်လုံး တောက်လျှောက်ဝယ်နေတာ " လို့ ကြက်သွန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ကြက်သွန်နီနည်းတူ ငရုတ်သီးကိုလည်း ဗီယက်နမ်နဲ့ ထိုင်းက ဝယ်လိုအားများလို့ ငရုတ်စို တစ်ပိဿာကို ကျပ် တစ်သောင်းခန့်၊ ငရုတ်ခြောက် တစ်ပိဿာကို ကျပ် နှစ်သောင်းခန့် အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ဒီဈေးတွေဟာ အရင်နှစ်ဈေးနဲ့ယှဉ်မယ်ဆိုရင် ၅ ဆ ၀န်းကျင်ခန့် မြင့်တက်လာတာလို့ ငရုတ်ကုန်သည်တွေက ဆိုပါတယ်။
"ငရုတ် တောင်သူတွေ ဒီနှစ်တော့ တစ်ဧက သိန်း ၁၀၀ လောက်ရကြတယ်။ တောင်သူတွေမှာ စိုက်စရိတ်ကြီးတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဈေး၊ ရေတင်ရတာ၊ ဒီဇယ်ဈေး အားလုံး ဈေးကြီးနေတော့ စိုက်စရိတ်ကြေဖို့ ကို တော်တော်လုပ်ကြရတာ။ ဒီနှစ်တော့ ငရုတ်တောင်သူတွေ အဆင်ပြေကြပါတယ်" လို့ ငရုတ်ကုန်သည်တစ်ဦးက ဆိုပါတယ်။
တောင်သူတွေ အဆင်ပြေတဲ့နှစ် ဖြစ်ပေမဲ့ ပြည်တွင်းစားသုံးသူတွေ၊ အခြေခံ လူတန်းစားတွေအတွက် ဒီဈေးတွေဟာ အလွန်မြင့်မားတဲ့ ဈေးနှုန်းတွေ ဖြစ်ပြီး အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် ဈေးမြင့်မှုတွေကို ကြုံတွေ့နေကြရပါတယ်။
အလွတ်တန်းသတင်းထောက် မသူဇာကို ထောင်ဒဏ် ၂ နှစ် ချမှတ်
အလွတ်သတင်းထောက် မသူဇာကို နိုဝင်ဘာလ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ မသူဇာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဖမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ - က နဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်အမှုဖွင့်တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး တစ်နှစ်ကျော်အကြာမှာ ခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
" ကျွန်တော်တို့ သိသလောက် ရှေ့လူတွေမှာ များသောအားဖြင့် ထောင်ဒဏ် ၃ နှစ်ချလေ့ရှိတယ်။ အခု ဒီလို ၂ နှစ်ချတာ ပထမဆုံးပါပဲ။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂နှစ်ပါ။ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရှိပါတယ်။ " လို့ ရှေ့နေတစ်ဦးက အတည်ပြုပါတယ်။ မသူဇာဟာ ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့မှာ ၁၄ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီး အဲဒီနောက် အလွတ်တန်းသတင်းထောက်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ သတင်းဌာန ၉ ခု လိုင်စင်ပိတ်သိမ်းခဲ့ထားရသလို သတင်းထောက်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ သတင်းသမား ဆယ်နဲ့ချီဟာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
ပေါက်တော-စစ်တွေခရီးသည်တွေကိုလည်း စစ်ဆေးမှုတွေတင်းကျပ်
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ဘက်ကနေ စစ်တွေမြို့ကိုလာရောက်ကြတဲ့ ခရီးသည်နဲ့ ကုန်စည်တွေကို နိုဝင်ဘာ ၂၂ ရက် ဒီကနေ့မနက်ပိုင်းကစလို့ စစ်ဆေးမှုတွေ တင်းကျပ်စွာဆောင်ရွက်နေတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။
အဲ့ဒီစစ်ဆေးမှုဟာ ပေါက်တောဘက်ကနေ ရောက်ရှိလာခဲ့ကြတဲ့ ခရီးသည်တွေနဲ့ကုန်စည်တွေကို စစ်တွေမြို့ BXT ဆိပ်ကမ်းမှာ စစ်ကောင်စီကနေ စစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့မနက်ပိုင်းမှာတော့ စစ်တွေကမ်းကိုရောက်တဲ့အချိန်မှာ စစ်ဆေးမှုတွေလုပ်တာတွေ့ရပါတယ်။ ပေါက်တောဘက်ကနေလာတဲ့ ခရီးသည်တွေကိုစစ်တယ်။ ပစ္စည်းတွေကိုစစ်တယ်။ အရင်နေ့တွေက ဒါမျိုးစစ်တာမရှိဘူး။ ဒီနေ့မှစစ်တာပါ။”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြောက်ဦးဘက်ကနေ ပေါက်တောမြို့ကိုလာရာလမ်းမှာလည်း စစ်ကောင်စီ တပ်စခန်းတွေကို ဖြတ်သန်းရပြီး အဲ့ဒီနေရာတွေမှာ ခရီးသည်နဲ့ ကုန်စည်တွေကို စစ်ဆေးမှုတွေအဓိကလုပ်ဆောင်နေသလိုတချတို့ကုန်စည်တွေဆိုလို့ရှီရငိ သယ်ယူခွင့်မပြုတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
"ကျွန်တော်သိတာကတော့ ဆေးတွေကို အဓိကထားပြီးတော့ စစ်ဆေးပါတယ်။ လုံးဝသယ်ဆောင်ခွင့်မပြုဘူး။ လမ်းမှာရှိတဲ့ စစ်တပ်စခန်းတွေမှာ အထုတ်တွေကိုမွှေပြီးတော့ စစ်တာ။ တခြားကုန်တွေတင်တဲ့ကားတွေမှာလည်း နောက်ထပ်ပစ္စည်းတွေကို တားမြစ်တာတွေရှိချင်ရှိမှာပေါ့။" လို့ ကားသမားတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဒေသတွင်းဆက်သွယ်သွားလာရေးလမ်းကြောင်းတွေအပြင် ပြည်မဘက်နေ ဝင်လာတဲ့ လမ်းကြောင်းတွေကိုလည်း စစ်ကောင်စီကနေ ပိတ်ဆို့မှုတွေပြလုပ်ထားတဲ့အတွက် တစ်မြို့နယ်နဲ့တစ်မြို့နယ် သွားလာရေးအခက်အခဲတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်းအကြား အဝေးပြေးလမ်းမကို စတင်ပိတ်ထားလိုက်တဲ့ အချိန်ကနေ အခုလိုအသွားအလာတွေ အခက်အခဲနဲ့ကြီးကြီးမားမား ကြုံခဲ့ရတာဖြစ်ပြီး နာမကျန်းဖြစ်နေသူတွေအတွက် ပိုမိုဆိုးရွားတဲ့ ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။
ရခိုင်မြောက်ပိုင်းမြို့နယ်တွေဟာ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးနဲ့ ပညာရေးတွေမှာ စစ်တွေမြို့ကို အဓိကမှီခိုနေကြရတာဖြစ်ပြီး အခုလိုပိတ်ဆို့မှုတွေပြုလုပ်လိုက်ချိန်မှာတော့ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ပုံမှန်ပြေးဆွဲနေတဲ့ ကုန်းလမ်းရေလမ်းတွေကိုပိတ်ထားတဲ့အတွက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ စတဲ့မြို့နယ်တွေ ဒေသခံတွေဟာ ပေါက်တောမြို့ကနေတစ်ဆင့် ရေကြောင်းခရီးဖြင့် စစ်တွေမြို့ကို လာနေကြရတာဖြစ်ပါတယ်။
ကုန်စည်နဲ့ ဆေးဝါးတွေကိုသယ်ယူမှုတွေတားမြစ်ထားသလို လူအသွားအလာတွေကိုပါ အခုလို စစ်ဆေးကန့်သတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့လို့ရှိရင် ဒီထက်ပိုမိုဆိုးရောတဲ့အခက်အခဲတွေကို ရင်ဆိုင်ရနိုင်ခြေရှိနေတယ်လို့ ပြောဆိုကြပါတယ်။
ပလက်ဝက ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံနေရတဲ့ မြို့ခံနှစ်ဦး ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ
ချင်းပြည်နယ် ပလက်ဝမြို့ပေါ်က စစ်ကောင်စီရဲ့ ဖမ်ဆီးခြင်းခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံနေရတဲ့ အသက် ၅၀ ကျော်အရွယ် ဦးမောင်မဲကျော့နဲ့ ဦးမောင်ဝင်းတို့နှစ်ဦးကို ပလက်ဝခရိုင်တရားရုံးကနေ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထောင်ဒဏ် သုံးနှစ်စီချမှတ်လိုက်တယ်လို့ မိသားစုတွေက ပြောဆိုကြပါတယ်။
သူတို့နှစ်ဦးဟာ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့အချိန် အဘောင်သားကျေးရွာတိုက်ပွဲဖြစ်ပွားပြီး မကြာခင်မှာပဲ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ပြီးမကြာခင်မှာပဲ ပလက်ဝမြို့မရဲစခန်းမှာ အမှုဖွင့်ခံလိုက်ရသလို အေအေတပ်ဖွဲ့အတွက် ငွေကြေးကောက်ခံမှုတွေပြုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲ့ဒီစွပ်စွဲချက်တွေဟာ စစ်ကောင်စီကနေ မတရားစွပ်စွဲခဲ့တာသာဖြစ်ပြီး ဦးမောင်မဲကျော့တို့အနေနဲ့ ဒီလိုလုပ်ဆောင်ပေးတာမရှိဘဲ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေရသူဖြစ်တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။
အခုလို မတရားစွဲစွပ်ခံရတဲ့ ပုဒ်မတွေနဲ့ ပြစ်ဒဏ်သုံးနှစ်အထိချမှတ်ခံရတွက် ကျေနပ်နိုင်ခြင်းမရှိပေမယ့် စစ်တပ်ရဲ့လုပ်သလို ပြည်သူတွေမှာ ခံနေကြရတာဖြစ်တယ်လို့ မိသားစုတွေက ပြောဆိုကြပါတယ်။
ဦးမောင်မဲကျော့ဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အဘောင်သားကျေးရွာအနီးမှာ တောင်ယာလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တောင်သူတစ်ဦးဖြစ်သလို မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေတဲ့ အသက်ကြီးပိုင်အရပ်သားတစ်ဦးသာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ နှစ်ဦးအနက် အသက်ကြီးနေပြီဖြစ်တဲ့ ဦးမောင်မဲကျော့မှာ စစ်ကြောရေးမှာ ညှဉ်း ပန်းနှိပ်စက်မှုတွေနဲ့ကြုံခဲ့ရတာကြောင့် ရင်ဘတ်အောင့်တာတွေ၊ ကျောကုန်းအောင့်တာတွေနဲ့ အသက်ရှူမဝတဲ့ဝေဒနာတွေကို ခံစားနေရပြီး နေ့စဉ်ဆေးသောက်နေရကာ ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း သူ့ရဲ့အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။
စစ်တွေမြို့က အေးငြိမ်းအထူးကုဆေးရုံပိုင်ရှင်နေအိမ်နဲ့ ယောက္ခမနေအိမ်ကို စစ်ကောင်စီဝင်စစ်
ရခိုင်ပြည်နယ် စစ်တွေမြို့က အေးငြိမ်းအထူးကုဆေးရုံပိုင်ရှင် ဦးညီညီရဲ့နေအိမ်နဲ့ သူ့ရဲ့ ယောက္ခမ နေအိမ်ကို နိုဝင်ဘာ ၂၁ ရက်နေ့ ည၉ နာရီကျော်အချိန်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေစစ်ဆေးမှတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တဲ့အဖွဲ့မှာ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ အင်အား ၃၀ ခန့်ပါဝင်တယ်လို့ သိရပါတယ်။ နေအိမ်ပိုင်ရှင် ဦးညီညီကို မေးမြန်းပြီး အိမ်စောင့်နေကြတဲ့ကလေးတွေကို ဧည့်စာရင်းစစ်ဆေးမှုတွေပြလုပ်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“မနေ့ညက ညီညီရဲ့အိမ်ကိုရောက်လာပြီး ညီညီရှိလာလို့မေးတယ်လို့သိရတယ်။ အိမ်မှာကလေးတွေပဲရှိကြတယ်။ သူတို့မိသားစုကမရှိဘူး။ မရှိတော့သူဘယ်မှာနေလဲ ဘယ်သွားလဲဆိုတာလည်းမမေးဘူးပြောတယ်။ ကလေးတွေကိုပဲ ဧည့်စာရင်းတွေဘာတွေစစ်ခဲ့တယ်။ ပြီးတော့ သူ့ယောက္ခမအိမ်ကိုစစ်ခဲ့တယ်လို့တော့ သိရတယ်။” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးညီညီရဲ့နေအိမ်မှာရှိနေကြတဲ့ကလေးတွေဟာ သူ့ရဲ့ဆေးရုံမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးခဲ့တဲ့ နေအိမ်နှစ်အိမ်လုံးမှာ ကျောင်းတက်လမ်းရပ်ကွက်အတွင်းက နေအိမ်တွေဖြစ်ကြပါတယ်။ ဘာကြောင့် အခုလို လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးသလို နောက်ထပ်လည်း လိုက်ရှာတွေ၊စုံစမ်းတာတွေတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်တွေမြို့ပေါ်မှာ အခုလိုမျိုး စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့က လူနေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ တည်းခိုခန်းတချို့တို့ကို ညအချိန် ဝင်ရောက်စစ်ဆေးတာတွေရှိနေပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာတည်းခိုနေထိုင်ရင်း အဝေးသင်တက်ရောက်နေတဲ့ ကျောင်းသားတို့ချို့ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။
အမေရိကန်ဒေါ်လာနဲ့ထိုင်းဘတ်ငွေ စျေးအေးနေပေမဲ့ ပြည်တွင်းမှာတော့ ထိုင်းကုန်စည်တွေ ထင်သလောက် ဈေးမကျ
အမေရိကန်ဒေါ်လာနဲ့ ထိုင်းဘတ်ငွေ လဲနှုန်းတို့ အနည်းငယ် စျေးကျနေပေမဲ့ သယ်ယူပို့ဆောင်စရိတ် ၊ ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုတွေကြောင့် ထိုင်းဘက်က ဝင်ရောက်လာတဲ့ ကုန်စည်ဈေးနှုန်းတွေ ထင်သလောက်စျေးမကျဘဲ မြင့်တက်နေဆဲဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
"ဒေါ်လာဈေးနဲ့ ဘတ်ဈေးက နည်းနည်းပဲကျတာလေ။ မြဝတီအာရှလမ်းမှာက ကားသမားတွေက ကံပဲဆိုပြီး သွားလာနေရတာ။ ပစ်သံကြားရင် ဘေးထိုးရပ် ပြီးရင် ဆက်သွား အဲဒီလိုလုပ်နေကြရတာ။ ဆီဈေးကလည်း ကြီးတယ်။ လမ်းတလျှောက် ဂိတ်ကြေးတွေကလည်းများတယ်။ စရိတ်တွေများတော့ ကုန်စည်ဈေးနှုန်းက ကျဖို့ မလွယ်ပါဘူး " လို့ ထိုင်းဘက်က ကုန်စည်တင်သွင်းတဲ့ ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပြည်တွင်းမှာ ထိုင်းနိုင်ငံဘက်က တင်သွင်းတဲ့ စားသောက်ကုန်အမျိုးမျိုး၊ အသုံးအဆောင်အမျိုးမျိုး၊ အလှကုန်ဈေးနှုန်းတွေဟာ နေ့စဉ်နဲ့ အမျှမြင့်တက်နေတာ ဖြစ်ပါတယ်။
"တစ်လတစ်ခါ လိုတဲ့ အစားအသောက် အသုံးအဆောင်ဝယ်ရင် ဈေးတွေက တစ်မျိုးကို အနည်းဆုံး တန်ဖိုးအလိုက် ၅၀၀၊ ၁၀၀၀ တက်နေတာ။ မဝယ်တာကြာတဲ့ဟာဆို လက်ရှိဈေးမြင်ရင် ဈေးမှားနေတယ်လို့တောင် ထင်မိတယ်။ ကော်ဖီ၊ မုန့် ၊ ဆပ်ပြာစတာတွေဆိုလည်း နှစ်ဆနီးပါးကို တက်တယ်။ ဈေးတွေက လိုက်မမီတော့လို့ ဈေးနည်းတာသုံးရင်တောင် အဲ့ဒီဈေးတွေက တော်တော်ကြီးနေသေးတယ်" လို့ အိမ်ရှင်မ တစ်ဦးကဆိုပါတယ်။
ကော့ကရိတ်မြို့အနီး အာရှလမ်းမှာ ပစ်ခတ်သံတွေကြားရ
ကော့ကရိတ်မြို့ အနီး မြဝတီအာရှလမ်းပိုင်းမှာ ပစ်ခတ်သံတွေ မကြာခဏ ဆိုသလို ကြားရလေ့ရှိပြီး ဒီနေ့ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း ပစ်ခတ်သံကြားနေရလို့ မြို့ခံတွေကဆိုပါတယ်။
အောက်တိုဘာလအတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မြို့ခံတချို့ဟာ ၄င်းတို့တိမ်းရှောင်နေခိုက် နေအိမ်တွေကိုဖောက်ထွင်းခိုးယူမှုတွေရှိတာမို့လို့ မိမိတို့နေရပ်မှာ ပြန်လည်နေထိုင်ကြပေမဲ့ စိုးရိမ် ပူပန်နေကြရတယ်လို့ ဆိုပါတယ်။
"ပစ်ခတ်သံတွေက ကြားနေရတာပါပဲ။ ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူးလေ။ မနက်ကပဲ ပစ်ခတ်သံကြားလိုက်ရတယ်။ မြို့ခံတွေကတော့ စိုးရိမ်ပေမဲ့ ကိုယ့်အိမ်ကို ပိတ်ပြီး ထွက်ပြေးကြရတာ့ သူခိုးကပူတယ်။ အိမ်တွေဖွင့်ပြီး ကားနဲ့ကိုလိုက်ခိုးကြတယ်။ အဲဒီတော့ တချို့ပြန်လာနေကြရတယ်။ သဲအိတ်တွေကာ ဗုံးခိုကျင်းတွေ တူးရတာပေါ့ " လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အောက်တိုဘာ ၂၅ ရက်က ကော့ကရိတ် တောင်ပိုင်း ကျေးရွာတွေဘက်ကို ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ကော်သူးလေတပ်မတော် (KTLA) ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းမပြုကြဖို့ ကော်သူးလေ တပ်မတော်က အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးမြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Generation Z Power က အဖွဲ့ဝင် အမျိုးသား ၄ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က နိုဝင်ဘာလ ၂၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးခဲ့သူတွေဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်ကစလို့ မန္တလေးမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး တွေ ပစ်ခတ်ခံရပြီး သေဆုံးတာ၊ ဖောက်ခွဲမှုတွေမှာ ပါဝင်သူတွေလို့ စစ်ကောင်စီဘက်က ဆိုပါတယ်။
အဲဒီအမျိုးသားတွေကို ပုသိမ်ကြီးမြို့နယ်၊ မြို့မ ရပ်ကွက်၊ ၁၉ လမ်းမှာရှိတဲ့ အဆုတ်ဆေးရုံအနီးမှာ ဖမ်ဆီးဖို့ ပြုလုပ်ချိန် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။
မနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့လယ်ပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားချိန် Generation Z Power အဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးကို ဖမ်းမိခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ ၄ ဦးစလုံးကို အသေဖမ်းမိတယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တယ်ဆိုပြီး မန္တလေး အခြေစိုက်သတင်းဌာနတွေက သတင်းဖော်ပြပါတယ်။
မန္တလေးမှာ သပိတ်အဖွဲ့တွေအပါအဝင် စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေကို စစ်ကောင်စီဘက်က နှိမ်နင်းမှုတွေကြောင့် မြို့ပြပြောက်ကျားအဖွဲ့တွေက မြို့ကို စွန့်ခွါတော့မယ်လို့ သတင်းထုတ်ပြန်ခဲ့ကြအပြီး လပိုင်းအကြာမှာ မန္တလးမှာ Generation Z Power အဖွဲ့ ပြန်လည် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကားတွေကို မိုင်းခွဲတိုက်ခိုက်တာ၊ နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်တဲ့ မီတာရုံးလိုနေရာတွေကို ဗုံးပစ်တိုက်ခိုက်တာတွေဟာ သူတို့လုပ်ဆောင်တာဆိုပြီး အဲဒီအဖွဲ့က အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ခင်ဦးမှာ ငါးရက်အတွင်း အိမ်ခြေ ၅၀၀ ကျော် မီးရှို့ခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ၁၈ ရက်နေ့ကတည်းက ၀င်ရောက်မီးရှို့နေတဲ့အတွက် ၅ ရက်တာ ကာလအတွင်း အိမ်ခြေ ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ခင်ဦးမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ဒီကနေ့ နို၀င်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီ ၀န်းကျင်လောက်မှာလည်း ကန့်ဘလူမြို့နယ်နဲ့ ခင်ဦး အစပ်ကရွာဖြစ်တဲ့ ကျောက်တိုင်ရွာကို မီးရှို့နေပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီလို အပြန်အလှန်ပစ်ခတ်မှုကြောင့် ခင်ဦး ဒေသကာကွယ်ရေးတပ်တွေဘက်က ၂ ဦးထိခိုက်ဒဏ်ရာရသူရှိတယ်လို့လည်း ကာကွယ်ရေးအဖွဲ့၀င်တွေက ပြောပါတယ်။
အခုလို ငါးရက်ဆက်တိုက် ရွာတွေကို မီးရှို့နေတာနဲ့ ပတ်သက်ပြီး ခင်ဦး အနောက်ဘက်ခြမ်းတာ၀န်ခံ ပြောပြတာက " စစ်ကိုင်းထဲမှာ ခင်ဦးက အချက်အချာကျလို့ အဓိကထား ချေမှုန်းမယ်လို့ လွန်ခဲ့တဲ့ တစ်လတည်းက သူတို့ ကြွေးကြော်သံကြားထားပြီးသား။ အခုက နည်းဗျူဟာက သူတို့က စမပစ်ဘူး။ ရွာအပြင်ဘက်က စစ်ကြောင်းစထိုးတယ်။ ညနေဆို ရွာထဲ၀င်တယ်။ မနက်ဆို မီးရှို့ထွက်တယ်။ ဒီနေ့ ဆို ၅ ရက်မြောက်ရှိပြီ။ အိမ်ခြေလည်း ၅၀၀ ကျော်လောက် ပျက်စီးသွားခဲ့ပြီ" လို့ ဆိုပါတယ်။
မီးရှို့ခံရတဲ့ကျေးရွာတွေက ပေါင်းလဲကုန်းရွာက အိမ်ခြေ ၂၀၀၊ လိပ်ယာကုန်း ရွာက အိမ်ခြေ ၃၀ ၊ လက်ပံကြီး ရွာက အိမ်ခြေ ၅၀ နဲ့ ဆီဆုံလေး ၅ အိမ် မဒေါင်းကြီး ၊ ရွှေကာ ရွာနှစ်ရွာပေါင်းက အိမ်ခြေ ၂၀၀ ကျော် နဲ့ စောကြီးရွာ၊ သေနပ်စိန်ရွာတို့က အိမ်တွေ ပျက်စီးခဲ့တာလို့ ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ လတ်တလောမီးရှို့တာတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အနွေးထည် ဆေး၀ါးစတာတွေ လိုအပ်နေတယ်လို့ လည်း သိရပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ စစ်ကိုင်း၊ မုံရွာရောက်နေ
ပြီးခဲ့တဲ့လပိုင်းတွေကမှ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအသစ်ဖြစ်လာတဲ့ စစ်ကောင်စီခန့် လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ မနေ့ နိုဝင်ဘာလ ၂၁ ရက်တုန်းက စစ်ကိုင်းတိုင်းမှာရှိတဲ့ ပါတီဝင်တွေနဲ့ မုံရွာမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့မှာရှိတဲ့ ပါတီရုံးချုပ်မှာ အကူအညီလိုနေတဲ့ပါတီဝင်မိသားစုဝင်တွေနဲ့တွေ့ဆုံတာလို့ ပါတီဘက်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ အနားယူခဲ့ကတည်းက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ထင်ကြေးပေးခံရတဲ့ ဦးခင်ရီဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာပဲ ပါတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
စစ်တပ်ကနေ ပေါက်ဖွားလာတဲ့ပါတီအဖြစ် အများသတ်မှတ်ခံရတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ဥက္ကဋ္ဌဖြစ်နေချိန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲကို ဦးခင်ရီ သွားရောက်ခဲ့တာဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲက ပါတီဝင်တွေနဲ့လည်း တွေ့ဆုံထားပါတယ်။
ဖာပွန်ရဲစခန်းနဲ့ စစ်တပ်စခန်း ၂ ခုကို KNLA တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်ထဲက စစ်ကောင်စီတပ်ရဲ့ စခန်း ၂ ခုနဲ့ ဖာပွန်မြို့ရဲစခန်းကို ကေအဲန်ယူရဲ့ KNLA တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းတွေ အတွင်းတိုက်ခိုက်ခဲ့တယ်လို့ မူတြော်သတင်းစဥ်က သတင်းဖော်ြပလာပါတယ်။
ဖာပွန်မြို့ရဲစခန်း၊ ဘူးသိုမြို့က စစ်ကောင်စီတပ်ရဲ့ လယ်တိုးစခန်းနဲ့ လူသောမြို့က ကော်သွေးကျိုးစခန်းတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆၊ ၁၈ နဲ့ ၁၉ ရက်တွေမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ဖာပွန်ရဲစခန်းက ရဲတစ်ဦးသေဆုံးပြီး ကော်သွေးကျိုးစခန်းကို ပစ်ခတ်မှုမှာ စစ်ကောင်စတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့လည်း ဆိုပါတယ်။
ဖာပွန်ခရိုင်ထဲက အခုတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တစုံတရာ မထုတ်ပြန်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုတာကိုလည်း ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။