ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၂၁ ရက် နောက်ဆုံးရသတင်းများ- ဥပဒေပြင်ပစီးပွားရေးတွေကို ထိန်းချုပ်တာမရှိလို့ တော်လှန်ရေးသက်တမ်းကြာနေတာလို့ RCSS ဥက္ကဋ္ဌပြော
စစ်ကြောင်းထိုးလို့ ထွက်ပြေးချိန်မှာ ကားမှောက်ပြီး တစ်ဦးသေဆုံး ၆ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြသူ တချို့ ကားမှောက်ပြီး တစ်ဦး သေဆုံးခဲ့ကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
စစ်ကြောင်းက ၁၉ ရက်နေ့ကတည်းက စထိုးလာတာဖြစ်ပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်တွေ နောက်ပြန်ဆုတ်သွားခဲ့ပြီးနောက် ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်မှာ ကျေးရွာတွေကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲထိုးလာတာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောကြပါတယ်။
ဒေသခံတစ်ဦးကတော့ " မနက်ခင်းလင်းအားကြီးထဲက ပြေးခဲ့ရတာ။ မနက် ၁၀ နာရီလောက်ကျ ဒိုင်နာကားနဲ့ပြေးတဲ့ အဖွဲ့က ကားမှောက်ပြီး ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ၆ ဦး ဒဏ်ရာရပါတယ်။ ဒဏ်ရာရ တဲ့ ၆ ဦးကတော့ ဆေးခန်းတွေမှာ ဆေးကုသမှုခံပြီးကြပါပြီ။ ကားမှောက်တာကတော့ အစိုးရိမ်လွန်းအားကြီးတာရယ်၊ အကွေ့တွေ များတာရယ်ကြောင့် မှောက်တာလို့ ထင်တယ်" လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးနေတဲ့အတွက် စာရေး အရှေ့ရွာ၊ အနောက်ရွာ၊ ရွာသစ်ကျေးရွာ၊ ခက်ခ ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ ၊ ပဒူကျေးရွာ၊ ကျောက်ပနံ ကျေးရွာ စတဲ့ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ တိမ်းရှောင်နေကြရပြီး လက်ရှိစစ်ကြောင်းကတော့ ပဒူကျေးရွာမှာ ဆက်ရှိနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ကန့်ဘလူ ခရိုင်ထဲက ကျေးရွာတွေ၃ရက်ဆက်တိုက်မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ မကျီးကုန်း၊ ဆူးတပ်၊ ဖုတ်ကုန်း စတဲ့ကျေးရွာတွေကို စစ်ကောင်စီရဲ့ နယ်မြေခံတပ်စစ်ကြောင်းက ၃ ရက်ဆက်တိုက် ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကြောင်းက မေလ ၁၈ ရက်နေ့မှာ မကျီးကုန်းကျေးရွာကို စတင် ဝင်ရောက်လာပြီးတဲ့နောက် မီးရှို့ခဲ့တာဖြစ်ပြီး မေလ ၁၉ ရက် မှာတော့ ဆူးတပ်ရွာကို ဝင်ရောက် မီးရှို့ခဲ့ပြီး မေလ ၂၀ ရက်နေ့မှာတော့ ဖုတ်ကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
မေလ ၁၇ ရက် နံနက်ပိုင်း ၇ နာရီခန့်က စစ်ကောင်စီအမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ထန်းကုန်းတိုက်နယ်၊ ထိန်တောရွာမှာရှိတဲ့ အသက် ၂၆ အရွယ် လင်မယားနှစ်ဦး ကွမ်းခြံထဲမှာ ဆေးဖြန်းနေချိန် အမျိုးသမီးကို ထိမှန်သေဆုံးခဲ့သလို အမျိုးသားတဦးကတော့ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲလို့ သိရပါတယ်။
တိုက်ပွဲနဲ့ လက်နက်ကြီးကြောင့် ကျောက်ကြီး - မုန်း ဒေသခံ သောင်းချီတိမ်းရှောင်ထွက်ပြေးနေရ
ကေအဲန်အေ အုပ်ချုပ်မှုနယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး - မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲကြောင့် ကျေးရွာ ၉ ရွာက ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီ ဒေသထဲ ဧပြီလ ကုန် ပိုင်း လောက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီဘက်က ဒေသခံတွေပဲရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံက သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းမှာလည်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး - မုန်းမြို့နယ် ကျွန်းတော ကျေးရွာ နဲ့ ညောင်ပင်သာ ကျေးရွာတွေအနီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေက တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
" တိုက်ပွဲက ၁၇ နဲ့ ၁၈ လောက်ထဲက ပြင်းထန် နေတာ ။ အခု မနက်လည်း တိုက်ပွဲက ကျွန်းတော အနီး ဖြစ်တယ်။ အသံတွေကြားနေရတယ်။ ဒေသခံတွေက မုန်တိုင်းရော၊ စစ်ရှောင်ရတာရော ၊ ကြောင့် အစားအသောက် အတွက် ရော ပင်ပန်းခက်ခဲနေကြပြီ" လို့ မုန်းဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မေလ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက ကေအဲန်ယူ-မူးမြို့နယ် အတွင်းမှာရှိတဲ့ စဝေ၊ ကျွန်းတောကျေးရွာ အတွင်းကို လက်နက်ကြီး(၂၅)လုံးကို စဝေ၊ ကျွန်းတောကျေးရွာတွင်းသို့ အဆက်မပြတ် ဝင်ရောက် ခဲ့ပြီး ညောင်ပင်သာကျေးရွာတွင်းကိုလည်း လက်နက်ကြီး ၅ လုံး ထပ်မံပစ်ခတ်ခဲ့ပြီး အဲဒီ ပစ်ခတ်မှုတွေကြောင့် ကျေးရွာတွင်းနေထိုင်တဲ့ ပြည်သူတွေ က ထွက်ပြေးကြတဲ့အချိန်မှာပဲ အသက် ၁၄ နှစ်ရွယ် တစ်ဦးသေဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မုန်း - မူးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ် ခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ကျေးရွာပေါင်း ၉ ရွာက ပြည်သူ ၁၄၀၀၀ နီးပါးဟာ ဘေးလွတ်ရာနေရာတွေကို အားချင်း တိမ်းရှောင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
တေးသံရှင် စောဖိုးခွား ပြန်လွတ်မြောက်လာပြီလို့ သိရ
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် က ဖမ်းဆီးခံခဲ့ရတဲ့ ရက်ဂေးအဆိုတော် စောဖိုးခွားဟာ ဒီကနေ့ မေလ ၂၁ရက်မှာ ပြန်လည်လွတ်မြောက်လာတ နီးစပ်သူတွေကပြောပါတယ်။ စောဖိုးခွား ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က အင်းစိန်ထောင်ကနေပြန်လွှတ်ပေးခဲ့ပေမဲ့ သူ့ကို ထပ်မံတရားစွဲဆိုထားတဲ့အမှုရှိတာကြောင့် ထောင်တွင်း ပြန်လည်ခေါ်ဆောင်သွားခံရတာဖြစ်ပါတယ်။
အဆိုတော်စောဖိုးခွားကို စစ်ကောင်စီက သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က)၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင် နှစ်နှစ် ချမှတ်ခဲ့တာပါ။
အဆိုတော်စောဖိုးခွားဟာ သူရဲ့အနုပညာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွေကိုအင်တိုက်အားတိုက်ပြုလုပ်လေ့ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကလည်း NLD ပါတီ အောင်နိုင်ရေးစည်းရုံးရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီကနေ့ သူပြန်လည်လွတ်မြောက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုထပ်မံအတည်ပြုမေးမြန်းဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
စစ်ကောင်စီ ရွေး/ကော် ဒုညွှန်မှူးချုပ်ကို သတ်ခဲ့သူတွေဆိုတဲ့စွပ်စွဲချက်နဲ့ ၁၀ ဦး ဖမ်းဆီးခံရ
စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို သတ်ခဲ့သူတွေ ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသား ၁၀ ဦးကို ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်ကောင်စီရဲ့ အပြောအရ ဖမ်းဆီးခံရသူတွေဟာ Yangon Revolution Force YRF အဖွဲ့ဝင်တွေလို့ဆိုပြီး ပြီးခဲ့တဲ့ မေ ၁၂ ရက် က ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူစတင်ဖမ်းမိရာကနေ တခြားသူတွေကို ဆက်လက်ဖမ်းဆီးမိခဲ့တာလို့ ဖော်ပြပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူကို
ဧပြီ ၂၂ရက်က ရန်ကုန်မြို့က ဝေဇယန္တာလမ်းမပေါ်မှာ သေနတ်သမားတချို့က ပစ်ခတ်ခဲ့တာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်က အောင်ရတနာအထူးကု ဆေးခန်းအနီးမှာ ပစ်ခတ်ခံရတာလို့ အစောပိုင်းသတင်းတွေကဖော်ပြပါတယ်။
ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အခုဖမ်းဆီးခံထားရသူတွေထဲမှာ အမှုမှာ မပါဝင်တဲ့သူတွေလည်း ရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ် နေတာ ဖြစ်ပါတယ်။
ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန် ၊လေကြောင်းတိုက်ခိုက်ခံရမှုတွေဆက်ရှိနေ
ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်း မှာ စစ်ကောင်စီတပ် နဲ့ ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ တချိန်တည်းမှာပဲ အဲဒီဒေသထဲ က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးကြဲတာတွေ ပြုလုပ်နေပြီး တစ်ရက်ကို သုံးကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်နေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
မနေ့က မေလ ၂၀ ရက်နေ့ တစ်ရက်ထဲမှာလည်း မနက်ပိုင်းကို နှစ်ကြိမ်၊ နေ့လယ်ပိုင်းကို
တစ်ကြိမ် လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာ ဗုံးကြဲတာတွေ ရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
မေလ ၁၅ ရက်နေ့ မုန်တိုင်းပြီးကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေအကြားမှာ တိုက်ပွဲ ပြင်းထန်နေခဲ့တာဖြစ်ပြီး လက်ရှိ အချိန် တစ်ပတ်နီးပါး
အကြာအထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
ကရင်နီ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးက တာဝန်ရှိသူကတေ့ " ဒီးမော့ဆိုနဲ့ ငွေတောင် အကြားမှာ ငွေတောင်ဆည်ဆိုတာရှိတယ်။ အဲဒီ ငွေတောင်ဆည်ဘေးမှာ စစ်ကောင်စီတပ်ရင်း ၁၀၂ က တပ်မမှူးကိုယ်တိုင် အထိုင်ချတဲ့စခန်း။ အဲဒီကနေ ကရင်နီ တစ်ပြည်နယ်လုံးကို ထိန်းချုပ် ညွှန်ကြားနေတာ။ ကျွန်တော် တို့ အဖွဲ့တွေကလည်း ကျားထိုးကျားတက် နဲ့ တောက်လျှောက် ပြန်တိုက်နေတယ် ။ တိုက်ပွဲက ပြင်းထန်နေဆဲပဲ" လို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် မေ ၁၇ ရက်နဲ့ ၁၈ ရက် တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေါ လျားခူ ကျေးရွာက လူနေအိမ် ၉ လုံးနဲ့ ဖဲလျားကျေးရွာရှိ စာသင်ကျောင်းတကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဒေါလျားခူကျေးရွာထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေဟာ တောင်ထဲတောင်ထဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်တွေမြို့ မရမာကြီးကယ်ဆယ်ရေးစခန်း အကူညီတွေ လိုအပ်နေ
မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာကြောင့် စစ်တွေမြို့ ၊ စက်ရုံစုရပ်ကွက် မရမာကြီးလူမျိုးစုကယ်ဆယ်ရေးစခန်းထဲက နေအိမ်တချို့ ပျက်စီးသွားပြီး အကူညီတွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
မိုခါမုန်တိုင်းက မေ ၁၄ ရက်မှာ တိုက်ခတ်ပြီးနောက် လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် မနေ့က မေ ၂၀ ရက် အထိ အဝတ်အစား၊ ဆေးဝါး ကူညီပေးတဲ့အဖွဲ့ ၂ ဖွဲ့သာ ရောက်လာနိုင်ကြတယ်လို့ ပြောပါတယ်။
“အဓိက လိုအပ်နေတာက တာလပတ်(မိုးကာစ)တွေနဲ့ သောက်သုံးရေတွေလိုနေတာ။ တချို့အိမ်တွေက အမိုးတွေလွင့်ပါသွားတော့ မိုးကာလိုတာ။ သောက်ရေ သုံးရေ မရှိတော့ မိုးရွာတာကို စောင့်ပြီး မိုးရေခံရတယ်။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ မိုးရွာမှ ရေရတယ်။ မိုးရွာပြန်တော့လည်း အမိုးမလုံကြတော့ နေရတာ အခက်ခဲဖြစ်နေတာ၊ အဲဒီလိုတွေဖြစ်နေတယ်”လို့ စခန်းတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ဝယ်ယူဖို့ ခက်ခဲနေကြပါတယ်။မရမာကြီး ဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှာ နေအိမ် ၁၂၀ ဝန်းကျင်ရှိပြီး လုံးဝပျက်စီးသွားတဲ့နေအိမ် ၄၀ ကျော်ရှိနေတာပါ။ တချို့က ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြရသလို၊ တချို့ကလည်း နီးစပ်ရာအိမ်တွေမှာ မှီခိုနေကြရပါတယ်။
ဒ့ါအပြင် INGO အဖွဲ့အစည်းတစ်ခုက လတိုင်းထောက်ပံ့နေတဲ့ လူတစ်ယောက်ကို နှစ်သောင်း နှစ်ထောင် ထောက်ပံ့ကြေးလည်း လက်ရှိအနေခြအနေတွေကြောင့် မရကြသေးဘူးလို့ ပြောပါတယ်။
ခင်ဦး ကံသစ်ကျေးရွာ မှာ မီးလောင်ထားတဲ့ ဦးခေါင်းခွံသုံးခုတွေ့
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်တွေက မေလ ၁၉ ရက်နဲ့ ၂၀ ရက်နေ နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့လို့ နေအိမ်ပေါင်း ၁၇၈ လုံး မီးလောင်ပျက်စီးသွားသလို မီးလောင်ကျွမ်းနေတဲ့ ဦးခေါင်းခွံ ၃ ခု တွေ့ရှိရတယ် လို့ ခင်ဦးမြို့နယ် အနောက်ခြမ်း တာဝန်ခံထံက သိရပါတယ်။
ရွှေဘိုနယ် ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းဘက် ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ကံသစ်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ဆိုပါတယ်။
ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာဟာ စစ်ကောင်စီရဲ့ အကြိမ်ကြိမ် ဝင်ရောက်မီးရှို့ခံရတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အခုအကြိမ်ဟာ တတိယမြောက် မီးရှို့ခံရတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ခင်ဦး အနောက်ဘက်ခြမ်း တာဝန်ခံ ပြောတာက " မီးရှို့ခံရတာ အကြိမ်ကြိမ်ရှိနေပါပြီ။ အခုအကြိမ်တော့ အိမ်ခြေ ၁၇၈ လုံး ပါသွားတယ်။ သူတို့ စစ်ကြောင်းထွက်သွားတဲ့အချိန် ရှင်းလင်းရေးလုပ်တော့ နေအိမ် တစ်လုံးထဲမှာ ဦးခေါင်းခွံ ၃ ခုတွေ့တယ်။ ပြည်သူ့ရုပ်အလောင်းပဲလား။ စစ်ကောင်စီဘက်က အလောင်းတွေလားတော့ အတည်မပြုနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ ပြည်သူ ၂၇ ဦးကိုလည်း မေလ ၁၉ ရက်နေ့က ဖမ်းသွားတာ ပြန်မလွှတ်သေးတော့ ပြည်သူတွေပဲလား ဆိုလား အတည်ပြုဖို့ ကြိုးစားနေပါတယ် " လို့ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကြောင်းက ပြန်ထွက်သွားပြီဖြစ်ပြီး ပြည်သူတွေအနေနဲ့ လက်ကျန် မီးကြွင်းမီးကျန်တွေ ငြှိမ်းသတ်တာ၊ ပြန်လည် ရှင်းလင်းရေး လုပ်တာတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။
တိုင်းပြည်မငြိမ်သက်တာကို အခွင့်ကောင်းယူပြီး ဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင် သူတွေများပြားတာ နဲ့ အစိုးရအဆက်ဆက်ကလည်း ဒီလုပ်ငန်းတွေကို ထိန်းချုပ်နိုင်တာမရှိခဲ့သလို
ရည်ရွယ်ချက်ရှိရှိ မထိန်းချုပ်တာတွေလည်း ဖြစ်နိုင်တာကြောင့် တော်လှန်ရေးသက်တမ်းရှည်နေတာ
ဖြစ်တယ်လို့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။
ဒီလိုအခြေအနေတွေကို ဒေသဆိုင်ရာအာဏာပိုင်တွေကလည်း မျက်ကွယ်ပြုထားတာလို့လည်း သူကဆိုပါတယ်။
ဒီနေ့ မေ ၂၁ ရက်မှာ ကျရောက်တဲ့ ၆၅ နှစ်ပြည့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရဲ့ သဝဏ်လွှာမှာ RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်ဆစ်က အဲဒီလိုပြောကြားထားတာပါ။
တော်လှန်ရေးလုပ်ကိုင်နေရင်း အချိန်ကုန်မှန်းမသိဘဲ ၆၅ နှစ်ကြာခဲ့ပေမဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးနေပြီး အောင်ပွဲမရသေးတဲ့အပေါ် တုန်လှုပ်မိတဲ့အကြောင်း၊ အသက်ပေးဆပ်ခဲ့ရသူတွေ၊ ကိုယ်လက်အင်္ဂါစွန်ခဲ့ရသူတွေအနေနဲ့လည်း ပုခုံးပြောင်းတာဝန်ယူမယ့်သူတွေ၊ လက်တုံ့ပြန်ပေးမယ့်သူတွေ၊ ပန်းတိုင်ဆီရောက်အောင် ဆောင်ရွက်ပေးမယ့်သူတွေကို စောင့်စားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တဖက်မှာလည်း ရှမ်းပြည်မျိုးချစ်တွေ ညီညွတ်မှုအားနည်းတာ၊ အချင်းချင်း တိုက်ခိုက်နေတာတွေလည်း တော်လှန်ရေးကြာမြင့်တာဖြစ်သလို ကိုယ်လွတ်ရုန်း လက်ပိုက်ကြည့်နေသူတွေ များတာကြောင့် ပန်းတိုင်မရောက် ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် ရှမ်းလူထုတွေအနေနဲ့ တိုင်းပြည်လွတ်မြောက်ရေးအတွက် စုပေါင်းပါဝင်ဖို့ကိုလည်း ယွက်ဆစ်က တိုက်တွန်းထားတာတွေ့ရပါတယ်။