နိုဝင်ဘာ ၈ ရက် ထိပ်တန်းသတင်းများ - SSPP ရဲ့ တိုက်နယ်မှူးကိုလွှတ်ပေးလိုက်တယ်လို့ TNLA ပြော

ရေးသားခဲ့သည်။

မနေ့ နိုဝင်ဘာလ ၇ ရက်က မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှာ တအာင်းတပ် TNLAရဲ့ ဖမ်းဆီးတာခံရတဲ့ စယ်လန့် ဒေသခံ စိုင်း​မောဝ်အွန် ကိုလွှတ်ပေးဖို့တောင်းဆိုလိုက်တဲ့နောက် ပြန်လွှတ်ပေးလိုက်ပြီလို့ TNLAက ဒီနေ့ နိုဝင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

TNLA ဘက်က အပြောအရ စိုင်း​မောဝ်အွန်ဟာ ရှမ်းတပ်(SSPP/SSA)ရဲ့ တိုက်နယ်မှူးတစ်ဦးဖြစ်ပြီး မူဆယ်၊ နမ့်ခမ်းကားလမ်းမပေါ်က မိုင်းဆက်၊ ဖိုင်ကျောင်း၊ မန်ဖာရွာတွေမှာ လုံခြုံရေးယူထားတဲ့ TNLA တပ်ဖွဲ့တွေကို အကြိမ်အခါခါ ဓာတ်ပုံလာရိုက်တာကြောင့် ဖမ်းဆီးတာလို့ ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ကလည်း အစောပိုင်းမှာ စယ်လန့်ကျေးရွာမှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ရဲ့ အလုပ်မှုဆောင်ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စိုင်း​မောဝ်အွန်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

SSPP ဘက်က အစောပိုင်း ထုတ်ပြန်ချက်အရ စယ်လန့်‌ကျေးရွာ ဒေသခံတစ်ဦးကို TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် သွားရောက်မေးမြန်းရာကနေ TNLA ဘက်က စတင်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း တစ်ဦးသေဆုံးပြီး မြို့နယ်မှူးအဆင့်ရှိသူတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦး စုစုပေါင်းနှစ်ဦးကို TNLA ဘက်က ဖမ်းဆီးခဲ့ပြီးနောက် ရွာအလယ်မှာပစ်သတ်ခဲ့သလို အခြားတပ်ဖွဲ့ဝင်တချို့လည်း ပျောက်ဆုံးနေတယ်လို့ ပြောထားတာပါ။

TNLA ဘက်ကတော့ စိုင်း​မောဝ်အွန်ဟာ ၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ တအာင်းတပ်မတော်ကို SSPPဘက်က နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ (၃)ကြိမ်၊ နေ့လည်ပိုင်း(၅)ကြိမ် ဓာတ်ပုံလာရိုက်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ပြန်ဖျက်ပေးဖို့နဲ့ နောက်နောင်မှာ ထပ်မရိုက်ဖို့ သတိပေးပြီး TNLA က ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဓာတ်ပုံထပ်ပြီးလာရိုက်တာကြောင့် စိုင်း​မောဝ်အွန်အနေနဲ့ ဘာကြောင့်အခုလို ထပ်ခါထပ်ခါ လာရောက်နေရတယ်ဆိုတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ ခဏခေါ်ယူ စစ်ဆေးနေချိန် SSPP အရာရှိဖြစ်တဲ့ စိုင်းလင်းအဖွဲ့တို့ ရောက်လာပြီး TNLA တပ်ဖွဲ့ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုအတွင်းမှာပဲ TNLA တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးရသလို ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး SSPP ဘက်ကလည်း သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိမှာ ဒီပြဿနာ ဒီထက်ပိုမကြီးထွားအောင် နှစ်ဖက်ခေါင်းဆောင်တွေက ညှိနှိုင်းသွားမှာဖြစ်ပြီး မဟာမိတ်ရေးဆရာရုံးကနေလည်း အပြန်အလှန်ဆက်သွယ်ကာ ဖြေရှင်းသွားမယ့်အကြောင်း TNLA ကပြောထားပါတယ်။

လောက်ကိုင်မြို့ထဲပိတ်မိနေသူတွေ အခြေအနေ ဘယ်လိုရှိလဲ

ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ပြင်အနီးတစ်ဝိုက်မှာ မနေ့ နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီနောက်ပိုင်းကစပြီး ပစ်ခတ်မှုအကြီးအကျယ်ဖြစ်ခဲ့တာကြောင့် တရုတ် - မြန်မာနယ်စပ်မျဉ်း မိုင်တိုင်အမှတ် (၁၂၅) တိုက်ပွဲရှောင်စခန်းကိုသွားရောက်သူတွေများလာပြီလို့ ဒေသခံအချို့ကဘီဘီစီကိုပြောပါတယ်။

လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကနေ မြို့ပြင်ဘက်ကိုပစ်နေတာဖြစ်ပြီး အရင်နေ့ကထက် ပိုပြင်းထန်ပြီး ဂျက်လေယာဉ်နဲ့ လက်နက်ကြီးတွေကိုမြင်နေရတယ်လို့ဆိုပါတယ်။

ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ ညီနောင်မဟာမိတ်ဘက်ကလည်း ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကိုးကန့်တပ်သိမ်းပိုက်ထားတဲ့ ‌ကိုးကန့်ဒေသထဲက တာရွှေထန်ဘက် မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လောက်ကိုင်မြို့အနီးမှာလည်း မနေ့ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ရင်ဆိုင်တိုက်ပွဲတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့တွင်းမှာတော့ မြို့ပြင်ဘက်ကပစ်ခတ်သံတွေနဲ့ ပြင်းထန်လာတဲ့လက်နက်ကြီးသံတွေကြောင့် ဒေသခံတွေဟာ လောက်ကိုင်မြို့ကနေထွက်ပြီး လားရှိုးမြို့ကိုရတဲ့လမ်းကနေပြန်ရမလား၊ ဒါမှမဟုတ်စစ်ရှောင်စခန်းတွေသွားရမလားဆိုတာမျိုးနဲ့ အခက်တွေ့ပြီးပိတ်မိနေကြတယ်လို့ ဆိုပါတယ်။

'' အခုကတော့ အထုတ်အပိုးပြင်တဲ့သူကပြင်တာပေါ့။ နယ်စပ်မျဥ်းကစစ်ရှောင်စခန်းကိုသွားကြတာပေါ့။အခုက မြို့ထဲမှာနေလည်းမလုံခြုံတာရော၊အခန်းခပေးဖို့ပိုက်ဆံမရှိတာရော၊ မြို့ကနေထွက်မယ်ဆိုလည်းကားခက သိန်းချီနေလို့မတတ်နိုင်တာရောနဲ့ ဘာလုပ်ကြရမလဲမသိဘူး'' လို့ လောက်ကိုင်ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ လောက်ကိုင်မှာ ဆန် ၆ ပြည်တစ်အိတ်ကို မြန်မာငွေ ကျပ်လေးသိန်းခွဲ (ယွမ် ၁၀၀၀)အထိ ဈေးပေါက်နေပြီး ဆန်ရောင်းချတဲ့သူတွေလည်း မရှိတာကြောင့် ပိတ်မိနေတဲ့လူအများစုက အ‌ခြောက်အခြမ်းတွေကိုသာ တစ်နပ်လောက်သာစားပြီး ဝမ်းရေးဖြတ်သန်းနေရတယ်လို့ ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၇ ရက်မှာတော့ ချင်း‌ရွှေဟော်ဘက်က လမ်းခဏပွင့်ခဲ့တာကြောင့် လောက်ကိုင်ကနေထွက်ပြီး လားရှိုးပြန်ဖို့ ကြိုးစားခဲ့ကြတဲ့ လမ်းမှာပိတ်မိနေတဲ့သူအချို့က နမ့်တစ်ဘက်ကနေ ''ဝ'' ပြည်ဘက်ကို တိမ်းရှောင်နိုင်ခဲ့တယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ လောက်ကိုင်ကနေ လားရှိုးအထိကားခက မြန်မာငွေ ၁၃ သိန်းဝန်းကျင်အထိ ပေါက်နေပြီး လားရှိုးအထိရောက်ဖို့ အာမခံမှုလည်းမရှိတာကြောင့် ပိတ်မိနေတဲ့သူတွေအတွက် ခက်ခဲကျပ်တည်းတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မြန်မာတယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပါ ပြတ်တောက်နေပြီး ဒေသခံအချင်းချင်းဆက်သွယ်ဖို့ တရုတ်ဘက်က ဝိုင်ဖိုင်နဲ့ ဖုန်းကတ်‌တွေ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

MNDAA ဦးဆောင်တဲ့ ကိုးကန့်စစ်ကြောင်းတွေက လောက်ကိုင်ဘက်ကို ဦးတည်မယ်လို့ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း လောက်ကိုင်မှာ ပိတ်မိနေသူ သောင်းချီအထိရှိနေပြီး စားစရာနဲ့ သောက်ရေမရှိသလောက်ဖြစ်လာတာကြောင့် ရေရှည်မှာပိုခက်ခဲလာနိုင်တယ်လို့ ဘီဘီစီကိုပြောထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကတည်းက MNDAA ဦးဆောင်တဲ့ ကိုးကန့်တပ်တွေက လားရှိုး၊ ချင်းရွှေဟော်နဲ့ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမတွေကို အရေးပေါ်ပိတ်ဆို့လိုက်ပြီး ဖြတ်သန်းခွင့်မပြုကြောင်း ကြေညာထားပါတယ်။

မုံးကိုးမြို့ကို ထိန်းချုပ်နိုင်ပြီ လို့ MNDAA ပြော

စစ်ကောင်စီရဲ့ မုံးကိုးဗျူဟာကုန်းကိုမနေ့က အပြီးသိမ်းနိုင်ပြီးတဲ့နောက် မြို့တွင်းစစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်ပြီး မုံးကိုးမြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ MNDAA- ကိုးကန့်တပ်ရဲ့ ပြောခွင့်ရ လီကျားဝင်းက ဘီဘီစီ ကို ပြောပါတယ်။

၇ နှစ်အကြာမှာ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနယ်စပ်ဂိတ်မှာ MNDAA- ကိုးကန့်တပ်ရဲ့ အလံကို လွှင့်ထူနိုင်ခဲ့တယ်ဆိုပြီး ကိုးကန့်တပ်က ရုပ်သံမှတ်တမ်းနဲ့ထုတ်ပြန်ပါတယ်။

MNDAAအပြောအရ စစ်ကောင်စီရဲ့ မုံးကိုးဗျူဟာကုန်းကိုနိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ဆက်တိုက် ထိုးစစ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့လယ်ပိုင်းမှာ MNDAA နဲ့ မုံးကိုးလုံခြုံရေး အဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းပစ်ကူမှုအောက်မှာ စစ်တပ်ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မုံးကိုးဗျူဟာကုန်းကနေ MNDAAက ဟောင်ဝှစ်ဇာအမြောက် ၂ လက်ကိုဖျက်ဆီးခဲ့ပြီးEE-9ဘီး အမျိုးအစား သံချပ်ကာ ၁ စီးကိုသိမ်းယူခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့ဖော်ပြပါတယ်။

နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီဗျူဟာကုန်းကို ဝေဟင်ကနေပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီက ခဲယမ်းဂိုဒေါင်တစ်ခုပေါက်ကွဲခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်း တပ်မမှူးတစ်ယောက်လည်း တိုက်ပွဲမှာသေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ရဲ့ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

နိုဝင်ဘာ ၆ ရက်က မုံးကိုးနယ်ထဲက စစ်ကောင်စီ ရဲ့ ပန်းလုံတောင်ဗျူဟာကုန်းကို ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရက္ခိုင့်တပ်တော်(AA)နဲ့ပူးပေါင်းပြီး ခြေလျင်ထိုးစစ်ဆင်ပြီးနောက် ပန်လုံဗျူဟာကုန်းကို လုံးဝသိမ်းယူနိုင်ခဲ့ကာစစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

ရွေးကောက်ပွဲ သုံးနှစ်ပြည့် NLD ဘာပြောလဲ

တိုင်းရင်းသား ပြည်သူလူထုကအပ်နှင်းလိုက်တဲ့ တာဝန်ကို ကျေပွန်တဲ့အထိ ထမ်းဆောင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၂၀ အထွေထွေ‌ရွေးကောက်ပွဲ သုံးနှစ်မြောက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ တိုင်းရင်းသား အင်အားစုတွေ၊မိတ်ဖက်အဖွဲ့အစည်းတွေ နဲ့အတူ လက်တွဲဆောင်ရွက်သွားမယ် လို့ နိုဝင်ဘာ ၈ ရက် ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံးအမြန်ဆုံးလွတ်မြောက်ရေးနဲ့ စစ်ကောင်စီ က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကို နိုင်ငံတကာ ဥပဒေတွေ နဲ့ အညီ ဖော်ထုတ်အရေးယူရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပိုထိရောက်စွာ ကူညီပေးကြဖို့ NLD က မေတ္တာ ရပ်ခံ တိုက်တွန်းထားပါတယ်။

NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၈၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ မဲမသမာမှု အကြောင်းပြချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအနိုင်ရ NLD ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်တွေကို လိုက်လံဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တယ်လို့ NLD က ထုတ်ပြန်ပါတယ်။

၂၀၂၃ နိုဝင်ဘာ အထိ မှတ်တမ်းတွေအရ NLD ပါတီဝင် ၁,၂၉၀ ဦးဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးပါဝင်နေတယ်လို့ NLD က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့(NLD-HRDT) ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအပါအဝင် ၁၀၁ ဦးဟာ ဖမ်းဆီးခံရစဉ် သေဆုံးခဲ့တယ်လို့ NLD ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်ကောင်စီ ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံပြန်မတင်တဲ့အတွက် ပါတီဖျက်သိမ်းကြောင်း ကြေညာခံထားရပါတယ်။

မြန်မာမြောက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးမှုကို မကျေနပ်ကြောင်း တရုတ်ပြသ

မြန်မာပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးရတဲ့အခြေအနေကိုမကျေနပ်ကြောင်း တရုတ်ဘက်က ထုတ်ဖော်ပြောဆိုလာပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝမ်ဘင်းက နိုဝင်ဘာလ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်(KIA/KIO) ဌာနချုပ်ရှိရာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ချိန် တရုတ်နိုင်ငံသား ၁ ဦးသေဆုံးပြီး နောက်ထပ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကချင်သတင်းဌာနတွေက သတင်းဖော်ပြခဲ့ပါတယ်။အဲဒီဖြစ်စဥ်အပြီးမှာပဲ တရုတ်နိုင်ငံခြားရေးဘက်က အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

‘’တရုတ်နိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခမြင့်တက်တာနဲ့ တရုတ်နိုင်ငံသားတွေ ထိခိုက်သေဆုံးမှုကိုမကျေနပ်ကြောင်း အခိုင်အမာပြောလိုပါတယ်။ ဒီအခြေအနေကို ကန့်ကွက်ကြောင်းကိုလည်း သက်ဆိုင်ရာအဖွဲ့တွေကိုလည်း ပြောထားပြီးဖြစ်ပါတယ်။ မြန်မာပြည်တွင်းက ပဋိပက္ခကိုလည်း အနီးကပ်စောင့်ကြည့်အာရုံစိုက်နေပါတယ်’’ လို့ ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ သူက ထည့်မပြောသွားပါဘူး။

သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအနေနဲ့ အမြန်ဆုံးအပစ်ရပ်ဖို့ ပြောသလို နယ်စပ်ဒေသတွေမှာရှိတဲ့ တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ် အန္တရာယ်ကျရောက်စေမယ့်ဖြစ်ရပ်တွေကို ကာကွယ်ဖို့ အစီအမံတွေ လုပ်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် ဘေးကင်းအောင် လိုအပ်တဲ့အစီအမံတွေ လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။

မယ်စဲ့ က စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်တွေသိမ်းပိုက်

ထိုင်း -မြန်မာနယ်စပ် ကယား(ကရင်နီ)ပြည်နယ် မယ်စဲ့မြို့နယ်ထဲမှာပါတဲ့ ပန်တိန်းရွာနားက စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီသတင်းအချက်အလက်စင်တာက နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲကို ကရင်နီပြည်ကတော်လှန်ရေးတပ်ပေါင်းစုနဲ့ KNPLF (ကလလတ)ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပြီး စစ်ကောင်စီတပ်‌ဘက်က၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းအများအပြားကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပူး ပေါင်းတပ်ဖွဲ့ဘက်ကတော့ နှစ်ဦးသေဆုံး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး အခုသိမ်းပိုက်လိုက်တဲ့စခန်းကုန်းနေရာတွေဟာ အရင်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)စခန်းကုန်းတွေလို့ သိရပါတယ်။

ကရင်နီတပ်ပေါင်းစုအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး မယ်စဲ့မြို့နယ်အတွင်းနဲ့ ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ တောင်လှ၊ မယ်တနွယ်၊ BP -13 ၊ BP – 14၊ နမ့်ပေါင် တပ်စခန်းနဲ့ မယ်စဲ့ရဲစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပါတယ်။

စစ်ကောင်စီဘက်ကသေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီဘက်ကတည်း တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။