ယူကရိန်းစစ်ပွဲ - ရုရှားရှေ့တိုးမလာအောင် တားထားတဲ့ အနောက်တိုင်းလက်နက်တွေ

ရေးသားခဲ့သည်။

အန်ဒရူး ဟားဒင်း

ဘီဘီစီသတင်း၊ ဒွန်ဘတ်စ်၊ ယူကရိန်းအရှေ့ပိုင်း

 

အနောက်နိုင်ငံထုတ် ခေတ်မီလက်နက်တွေက ရုရှားရဲ့ အမြောက်နဲ့ ဗုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေကို နှောင့်နှေးသွားအောင် လုပ်ခဲ့တယ်လို့ ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်က စစ်သားတွေက ပြောလာပါတယ်။

ဒါပေမဲ့ ဒါက ခဏတဖြုတ် နားသွားစေရုံလား၊ စစ်ပွဲ အလှည့်အပြောင်း ဖြစ်လာပြီဆိုတဲ့ လက္ခဏာလား။ 

ဘာ့ခ်မု မြောက်ပိုင်းက တောင်စောင်း တစ်ခုက ကြည်လင်တဲ့ ကောင်းကင်ပြာပေါ်မှာ မီးခိုးတန်း ငါးခု ထိုးထွက် နေပါတယ်။ လူသူကင်းမဲ့သလောက် ဖြစ်နေတဲ့ ဒီစိုက်ပျိုးရေးမြို့ဟာ သီတင်းပတ်တွေချီပြီး ရုရှားရဲ့ ဆက်တိုက် ဗုံးဒဏ်၊ အမြောက်ဒဏ်ကို ခံနေခဲ့ရတာပါ။ 

"ကျွန်မတို့ ဘယ်လိုမှ နေဖို့ မဖြစ်နိုင်တော့ဘူး။ ဘယ်နေရာမှ မလုံခြုံဘူး။ သေသွားဖို့ပဲ တကယ်ကို ဆုတောင်းမိတော့တယ်" လို့ အသက် ၈၆ နှစ် အရွယ် အန်နာ အိုင်ဗန်နိုဗာက ခြံထဲက မြက်တွေနုတ်ဖို့ ခါးကိုင်းကိုင်းကို တုတ်ကောက်အကူအညီနဲ့ သွားနေပါတယ်။ အဲဒီအချိန်မှာ  ယူကရိန်း ဂျက်လေယာဥ်နှစ်စင်းက ခပ်နိမ့်နိမ့် အပေါ်မှာ ပျံဝဲသွားပါတယ်။  

ဆယ်မိနစ်အကြာမှာ အနောက်ဘက်က အဝါရောင် တောက်ပနေတဲ့ နေကြာခင်းဘက်ကနေ ပေါက်ကွဲသံကြီး ငါးခုလောက် ဆက်တိုက်လိုလို ထွက်လာပါတယ်။ 

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် ဒေသဘက်က ရှေ့တန်းစစ်မျက်နှာနားအထိ ကားမောင်းလာတဲ့ ဘယ်သူမဆို ရုရှားက စေ့စေ့ညက်ညက် ကြေအောင် တိုက်ထားပါလားဆိုတာ ခံစားမိနိုင်ပြီး နေရာအနှံ့ကို အထိန်းအကွပ် မရှိ ဗုံးကြဲခံထားရတဲ့ ပုံလည်း မြင်နိုင်ပါတယ်။ 

ဒါပေမဲ့ ဒွန်ညက်စ် မြို့ပြင်က ဂျုံခင်းတစ်ခုရဲ့ ထောင့်နားမှာတော့ ယူကရိန်း အမြောက်တပ်က တပ်ဖွဲ့တစ်ဖွဲ့ ရှိနေပါတယ်။ အဲဒီတပ်ဖွဲ့က သူ့နာမည်ကို ဒီမီထရိုလို့ပဲ ပေးသိတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က အခုလို အခိုင်အမာ ပြောပါတယ်။

“သူတို့ ခဏခဏ ပစ်မနေတော့ဘူး။ (ရုရှားဘက်က) လက်နက်ကြီး ပစ်နှုန်းက တစ်ဝက် လျော့သွားတယ်။ ဒီထက်တောင် ပိုချင် ပိုနိုင်တယ်၊ သုံးပုံ နှစ်ပုံလောက် လျော့သွားတယ်" လို့ သူ့ဘေးက အစိမ်းရောင်ယာဥ်ဘေးကို ပုတ်ပုတ်ပြီး ပြောပါတယ်။

အဲဒီယာဥ်က ပြင်သစ်ထုတ် ဆီဇာ ဟောင်ဝစ်ဇာ အမြောက်တင်ယာဥ်ပါ။ ဒီယာဥ်ပေါ်က ကိုယ်တိုင်ပဲ့ထိန်းနိုင်တဲ့ ဒုံးကျည်နဲ့ အမြောက်ကြီးက တောင်ဘက်က ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို ချိန်ထားပါတယ်။ အနောက်နိုင်ငံထုတ် အဆင့်မြင့် ခေတ်မီလက်နက်တွေ ဒွန်ဘက်စ်ဒေသက လမ်းတွေမှာ သွားလာနေတာ ပိုများများ တွေ့လာရပြီး ဒီယာဥ်တွေထဲမှာ ဆီဇာအမြောက်ယာဥ်တွေလည်း ပါဝင်ပါတယ်။

ဒီမီထရိုအပါအဝင် ဒီက လူတွေ အတော်များများက ဒီလက်နက်တွေက ရုရှားကို တွန်းလှန်ရာမှာ အလှည့်အပြောင်း ဖြစ်စေတယ်လို့ ယုံကြည်နေကြပါတယ်။ 

နားကွဲလောက်တဲ့ အသံကြီးနဲ့အတူ မိုင် ၃၀ လောက်အကွာက ဒီမီထရိုပြောတဲ့ ရုရှားတပ်ဖွဲ့နဲ့ လက်နက်ခဲယမ်းတွေ စုပုံထားတဲ့ နေရာကို ဆီဇာ အမြောက်ကနေ ပထမဆုံး အမြောက်ကျည်သုံးခုထဲက တစ်ခုကို ပစ်လိုက်ပါတယ်။ 

"အခု ကျွန်တော်တို့ အများကြီး ပိုတိကျလာပြီ။ ပိုဝေးဝေးကိုလည်း ပစ်နိုင်လာပြီ" လို့ သူက ခပ်ပြုံးပြုံး ပြောပါတယ်။

တစ်မိနစ်အတွင်းမှာပဲ အမြောက်အဖွဲ့က နောက်ထပ် နှစ်ချက် ထပ်ပစ်ပါတယ်။ ပြီးတော့ သူတို့ ပစ်လိုက်တဲ့နေရာကို ရုရှားဘက်က ပြန်ပစ်ဖို့ ခြေရာမခံနိုင်အောင် ကားလည်း နေရာ ခပ်မြန်မြန် ရွှေ့ပစ်လိုက်ပါတယ်။  

အခု သီတင်းပတ်တွေထဲမှာ ရုရှားထိန်းချုပ်နယ်မြေထဲမှာ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်နေတာကို   ဒရုန်းက ရိုက်လာတဲ့ ဗီဒီယိုတွေနဲ့ အင်တာနက်မှာ တင်ထားတဲ့ တခြား ဗီဒီယိုတွေကနေ ယူကရိန်း အရပ်သားတွေနဲ့ စစ်သားတွေက ကြည့်နေကြပါတယ်။ တစ်ခါတစ်လေ အားရ၀မ်းသာနဲ့ပါ။ 

သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတာကတော့ အဲဒီမှာ လက်နက်ခဲယမ်းတွေ အများကြီး သိုလှောင်ထားပြီး ရှေ့တန်းနဲ့ တော်တော်ဝေးဝေးမှာ ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုတော့ အမေရိကန်ထုတ် ဟိုင်းမာ့စ်နဲ့ ပိုလန်ထုတ် ခရာ့ဘ် ဟောင်ဝစ်ဇာ အမြောက်တွေ အပါအ၀င် အသစ်ရောက်လာတဲ့ အနောက်တိုင်းလက်နက်တွေကြောင့် ဒီနေရာတွေကို လှမ်းတိုက်ခိုက်နိုင်သွားပါပြီ။ 

"အဲဒီ တိတ်ဆိတ်နေတာကို နားထောင်ကြည့်ပါ" လို့ မုတ်ဆိတ်မွေးတွေနဲ့ အသက် ၅၂ နှစ် အရွယ် ယူရီ ဘရဇာက ပြောပါတယ်။ သူက ဆလိုဗယန့်စ်ခ် ကာကွယ်ရေး အရပ်သားတပ်ဖွဲ့ကို ဦးဆောင်အမိန့်ပေးနေတာပါ။

မြို့ထဲက ချိတ်ဆက်ဖောက်ထားတဲ့ ကတုတ်ကျင်းလိုင်းတွေထဲကို လျှောက်လေ့လာကြည့်ခဲ့တဲ့ မနက်ပိုင်း တစ်နာရီလောက်အတွင်း ပေါက်ကွဲသံ တစ်စိုးတစ်စိတောင် မကြားရပါဘူး။ 

"အဲဒါ ခင်ဗျားတို့ပေးထားတဲ့ လက်နက်ကြီးတွေကြောင့်ပဲ။ သူတို့ရဲ့ တိကျမှုကြောင့်ပေါ့" လို့ ဘရဇာက ပြောပါတယ်။

"အရင်တုန်းက ကျွန်တော်တို့မှာ အမြောက်တစ်လက်ဆို သူတို့မှာ အလက် ၅၀ ရှိတာ။ အခုတော့ သူတို့ ငါးလက်ဆို ကိုယ်တစ်လက်နှုန်း ဖြစ်သွားပြီ။ သူတို့ ရှေ့ကို တိုးကို တိုးမလာနိုင်တော့ဘူး။  အခု အင်အားချင်း မျှသွားပြီလို့ ပြောနိုင်တယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီမီထရိုလိုပဲ ဘရဇာကလည်း တန်ပြန် ထိုးစစ် ကောင်းကောင်းလုပ်နိုင်ဖို့ ဆိုရင် ယူကရိန်းဟာ အနောက်တိုင်းလက်နက်တွေ ဒီထက်အများကြီး လိုသေးတယ်လို့ ပြောပါတယ်။

"သူတို့က ကျွန်တော်တို့ကို မနိုင်ပါဘူး။ ကျွန်တော်တို့လည်း ဒီကနေ သူတို့ကို မတိုက်နိုင်ဘူး။ ကျွန်တော်တို့ ဒီထက် အသုံးအဆောင်တွေ၊ အထူးသဖြင့် ကျည်ကာတွေ၊ တင့်ကားတွေနဲ့ လေကြောင်း လက်နက်၊ပစ္စည်းတွေ လိုတယ်။ အဲဒါတွေ မရရင် အသက်တွေ အများကြီး ပေးလိုက်ရလိမ့်မယ်။ အဲဒါ ရုရှားက တိုက်နေတဲ့ ပုံပဲ။ သူတို့က အသက်တွေ အများကြီး စတေးပစ်နေတယ်" လို့ ဘရဇာက ပြောပါတယ်။ 

"ပြောရမယ်ဆိုရင် အခု ပို့ထားပြီးတာထက် သုံးဆလောက် လိုချင်တယ်။ ပြီးတော့ မြန်မြန် လိုချင်တယ်"လို့ ဒီမီထရိုက ပြောပါတယ်။ 

ဒါပေမဲ့ လက်နက် မပြည့်စုံတာ တစ်ခုကတည်းကတော့ အသိမ်းခံထားရတဲ့နယ်မြေတွေ ပြန်လွတ်မြောက်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှုကို တားဆီးနေတာ မဟုတ်ပါဘူး။

ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှု လျော့သွားပေမဲ့ မဟာဗျူဟာကျတဲ့ ဘာခ့်မုမြို့ဆီကို ပိုနီးလာအောင် ရုရှားတပ်တွေက ဆက်ပြီး တိုက်နေတာပါ။ ဒါက လူအင်အားရော လေ့ကျင့်သားရော မပြည့်ဝတဲ့ ယူကရိန်း တပ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ 

"ဒီမှာ ဒါက လွယ်လွယ်လေး"လို့  မြေကြီးလမ်းပေါ် လှဲပြီး ရိုင်ဖယ်သေနတ်ကို ချိန်ထားရင်းနဲ့ ခပ်ထွားထွားလူတစ်ဦးက အော်ပြောနေပါတယ်။ သူ့ကို စိတ်ဝင်စားမှုအပြည့်နဲ့ ယူကရိန်းစစ်သား ၄၀ လောက်က ဝိုင်းနေပါတယ်။

"ခြေထောက်ကို ဒီလို မြှောက်"လို့ အဲဒီလူက ပြောပါတယ်။ သူက အရင်က ဗြိတိန် လေထီးစစ်သားဟောင်း တစ်ယောက်ပါ။ သူက ယူကရိန်း ရှေ့တန်းမှာ စစ်အင်အားဖြည့်ဖို့ လတ်တလော ရောက်လာပြီး ယူကရိန်း တပ်ဖွဲ့ကို အကူအညီပေးနေတဲ့ အလွတ်တန်းအုပ်စုတစ်ခုက အဖွဲ့ဝင်တစ်ယောက်ပါ။

ယူကရိန်းတွေကတော့ အကုန်လုံး စစ်ဝင်တိုက်နေတဲ့ အရပ်သားတွေချည်းပါပဲ။ သူတို့အားလုံး လပိုင်းနည်းနည်းပါးပါးပဲ အခြေခံစစ်သင်တန်း ရထားပါတယ်။ သူတို့ တပ်မှူးတွေက ငါးရက်သင်တန်းတစ်ခုပေးဖို့   အနောက်တိုင်းက သင်တန်းဆရာတွေနဲ့ အလွတ်သဘော သဘောတူထားကြပါတယ်။

"သေချာတာပေါ့ တကယ့်ကို ကြောက်စရာပါပဲ။ ကျွန်တော်စစ်ကို အရင်က မမြင်ဖူးဘူး" လို့ အသက် ၂၂ အရွယ် တပ်မှူးတစ်ယောက်က ပြောပါတယ်။ သူက ရှေ့နေတစ်ယောက်ဖြစ်ပြီး သူ့နာမည်ကို မသုံးဖို့ ပြောပါတယ် 

အရင်တုန်းက အမေရိကန် မရင်းတပ်သားတစ်ယောက်ဖြစ်ခဲ့တဲ့ နောက်ထပ် သင်တန်းဆရာတစ်ဦးကတော့ "စိုးရိမ်စရာက ဒီလူတွေမှာ… အနောက်တိုင်းကလို စစ်သားတစ်ယောက်မှာ ရှိရမယ့် အခြေခံ ကျွမ်းကျင်မှုတွေ မရှိဘူး" လို့ ပြောပါတယ်။

အခုချိန်မှာ ယူကရိန်း စစ်သားစုဆောင်းရေးနဲ့ လေ့ကျင့်ရေးတွေကို ကူညီပေးဖို့ ယူကရိန်းကို အရာရှိတွေနဲ့ ဝန်ဆောင်မှုပေးသူတွေကို စေလွှတ်ဖို့ကို  အနောက်နိုင်ငံ အစိုးရတွေက ငြင်းဆန်နေကြပါတယ်။

"အဲဒါက သမုဒ္ဒရာထဲက ရေစက်လေးတစ်စက်ပါပဲ။ ဒါပေမဲ့ အဲဒါက နည်းနည်းပါးပါးတော့ အပြောင်းအလဲ ဖြစ်စေတယ်" လို့ လေ့ကျင်ရေးသင်တန်းတစ်ခုကိုကြည့်ရင်း အမေရိကန် မရင်းတပ်က အငြိမ်းစား ဗိုလ်မှူးကြီးတစ်ယောက်က ပြောပါတယ်။ 

ပြီးတော့ မိုးဇတ်အုပ်စုဟာ အမေရိကန် အစိုးရနဲ့ လုံးဝအဆက်အသွယ် မရှိသလို အထောက်အပံ့လည်း မရဘူးလို့ သေသေချာချာ ပြောပါတယ်။ ဒါပေမဲ့ "ထိန်းထိန်းသိမ်းသိမ်း"နဲ့ "အရှည်မမြင်နိုင်ဘဲ" တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ ငြင်းဆန်နေကြတဲ့အပေါ် အနောက်နိုင်ငံအစိုးရတွေကို သူက ဝေဖန်ပါတယ်။

"ဒါက ရယ်စရာတော့ကောင်းပါတယ်။ ဒါပေမဲ့ ဒီကလူတွေမှာ လူတွေ အများကြီး ဆုံးရှုံးသွားကြပြီးပြီ၊ သူတို့မှာ (သင်တန်းဆရာတွေ မလုံလောက်) မရှိတော့ဘူး” လို့ သူက ပြောပါတယ်။

"အဲဒါကို အနောက်နိုင်ငံတွေ ပြင်ဆင်ဖို့ လိုပြီ" လို့ ပြောပါတယ်။