ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေက ယူကရိန်းကို ပေးထားတဲ့လက်နက်တွေ
- ရေးသားသူ, ဒေးဗစ်ဘရောင်းနဲ့ အာမက်ဇာဒီ
- ရာထူးတာဝန်, ဘီဘီစီ သတင်း
- ရေးသားခဲ့သည်။
ယူကေ အစိုးရက ယူကရိန်းအတွက် ဒေါ်လာ ၁.၆ ဘီလျံဖိုး ရှိတဲ့ စစ်လက်နက် ပစ္စည်းတွေ ကူညီပေးထားတယ်လို့ ဆိုပါတယ်။ ဆိုတော့ ဘာတွေဘယ်လောက် ပေးထားပြီး စစ်မှာ ဘယ်လောက် အထောက်အကူ ပြုနိုင်သလဲ။
တင့်ကားဖျက် လက်နက်များ
ယူကေက ယူကရိန်းအတွက် Nlaw လို့ခေါ်တဲ့ မျိုးဆက်သစ် အပေါ့စား တင့်ကားဖျက်လက်နက် ၅,၀၀၀ ကျော်ကို ပံ့ပိုးပေးထားပါတယ်။
Nlaw ကို တင့်ကားအနီးကပ်ပြီး တချက်တည်းနဲ့ ဖျက်ဆီး နိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
ယူကရိန်း တပ်ဖွဲ့တွေမှာ လက်နက်တွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒုံးကျည်တွေလို သယ်ပို့ရလွယ်သလို အသုံးပြုရလွယ်တဲ့ လက်နက်တွေမျိုးတွေ ဖြစ်ပါတယ်။ စစ်သား တယောက်ကို ဒီလက်နက်တွေ အသုံးပြုတတ်ဖို့အတွက် တနေ့တည်းနဲ့ သင်ပြလေ့ကျင့်ပေးလို့ ရပါတယ်။
လေ့လာသူတွေက ဒီလက်နက်တွေဟာ စစ်ပွဲမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်လို့ ဆိုပါတယ်။
စစ်ပွဲ အစပိုင်းကာလတွေအတွင်း ရုရှားရဲ့ မြေပြင် ထိုးစစ်ကို တွန်းလှန် ခြေမှုန်းပစ်ရာမှာ Nlaw တင့်ကားဖျက် ဒုံးက အဓိကနေရာက ပါဝင်ခဲ့တယ်လို့ Royal United Services Institute က Justin Bronk က ပြောပါတယ်။
အမြောက်လို လက်နက်ကြီးတွေနဲ့ အတူ တွဲဖက် အသုံးပြုရာမှာ တော်တော်လေးကို ထိရောက်ခဲ့တယ်လို့ သူကဆိုပါတယ်။
အထူးသဖြင့် တင့်ကားစစ်ကြောင်း တက်လာရင် ရှေ့ဆုံးက တင့်ကားတွေကို Nlaw နဲ့ ပစ်ပြီး ဖျက်လိုက်တာနဲ့ နောက်မှာ ပါလာတဲ့ တတန်းလုံး ပိတ်မိပြီး အမြောက်စာ မိကုန်တာမျိုးကို ပြောတာပါ။
တာတိုပစ် ဒုံးကျည်
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်က ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး James Heappey က Brimstone ဒုံးကျည် ရာပေါင်းများစွာကို ယူကရိန်းကို ပို့ပေးမှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
Brimstone တွေကို တင့်ကား၊ လက်နက်ကြီး နဲ့ ကမ်းတက်ယာဥ်လို ယာဥ်မျိုးတွေကို ပစ်ခတ်တိုက်ခိုက်ရာမှာ သုံးနိုင်ကြောင်း အရင် အမေရိကန် ရေတပ်မှာ အမှုထမ်းခဲ့ဖူးတဲ့ ကက်ပတိန် Chris Carlson က ပြောပါတယ်။
ဒီ ဒုံးကျည်ကို သာမန်အားဖြင့် လေယာဥ်ကနေ ပစ်ခတ်တာ ဖြစ်ပေမယ့် ယူကရိန်းမှာတော့ ထရပ်ကားတွေရဲ့ နောက်မှာ တင်ပြီး ပစ်ခတ်နေကြပါတယ်။
မြေပြင်ကနေ ပစ်ရတာကြောင့် ထိရောက်မှုပိုင်းမှာ အားနည်းသွားရကြောင်း Chris Carlson က ပြောပါတယ်။
Brimstone ကို သင်္ဘောဖျက် ဒုံးအဖြစ် သုံးမယ်ဆိုရင်တော့ သင်္ဘောကြီး တစင်းလုံးကို မြှုပ်ပစ်နိုင်လောက်တဲ့ အထိ မစွမ်းဆောင်နိုင်ပေမယ့်လည်း ကြီးကြီးမားမားပျက်စီးသွားတဲ့ အထိတော့ လုပ်ပစ်နိုင်ပါတယ်။
ဘယ်နေရာကို ပစ်သလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်၊ အင်ဂျင်ခန်းတို့ ရေစူးမှတ်တို့နားကို ထိလို့ကတော့ အဲဒီသင်္ဘော တော်တော် ကံဆိုးပြီသာ မှတ်တော့လို့ ကက်ပတိန် Carlson က ပြောပါတယ်။
သံချပ်ကာ ယာဥ်များ
ဗြိတိန်က ယူကရိန်းအတွက် သံချပ်ကာ ယာဥ်ပေါင်း ၁၂၀ ပို့ပေးထားပြီး အဲဒီထဲမှာ Mastiff လို စစ်သည်တင် ကင်းလှည့်ယာဥ်တွေတောင် ပါပါတယ်။
Mastiff တွေဟာ အာဖဂန်နစ္စတန်မှာ တာဝန်ကျတဲ့ ဗြိတိသျှ တပ်ဖွဲ့တွေအတွင်း အင်မတန် လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းနဲ့ တခြား ဖောက်ခွဲရေး ပစ္စည်းတွေရဲ့ အန္တရာယ်ကနေ တော်တော် အကာအကွယ် ပေးနိုင်တဲ့ အတွက် ဖြစ်ပါတယ်။
ဒွန်ဘတ်စ် ဒေသလို မိုင်းတွေ အများကြီး မြှုပ်ထားတဲ့ နယ်မြေတွေမှာ ဒီ Mastiff ယာဥ်တွေက အင်မတန်မှ အသုံးဝင်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
အခုစစ်ပွဲတွေမှာ နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းတွေကို အကြီးအကျယ် အသုံးပြုကြတယ်လို့ ယူဆရပါတယ်။ ရန်သူ့ ယာဥ်တွေကို မိုင်းတွေကို ရှောင်ကွင်းရင်း တင့်ကားဖျက် လက်နက်မျိုးတွေနဲ့ ပစ်ခတ်လို့ရတဲ့ နေရာအထိ ရောက်လာအောင်လုပ်တာ ဖြစ်ပါတယ်။
ဒရုန်း
ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာနက လမ်းပန်းဆက်သွယ်ရ ခက်တဲ့ နေရာတွေမှာ ရှိနေတဲ့ တပ်ဖွဲ့တွေကို ကူညီနိုင်ဖို့ ဝန်ချိန်ခပ်များများ သယ်ပို့နိုင်တဲ့ မောင်းသူမဲ့ (UAV) စနစ် ဒရုန်းတွေကို ဒါဇင်များစွာ ပို့ပေးနေကြောင်း ပြောပါတယ်။
အဲဒီ ဒရုန်းတွေက ရှေ့တန်းက တပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေး ပစ္စည်းတွေကို ထိထိရောက်ရောက် သယ်ပို့ ပေးနိုင်ကြောင်း အထူးသဖြင့် ရုရှားရဲ့ လက်နက်ကြီး အန္တရာယ်နဲ့ အဝိုင်းခံရမယ့် အန္တရာယ်မျိုးတွေ နဲ့ ကြုံနေရတဲ့ နေရာတွေက တပ်တွေကို ထောက်ပံ့ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ယူကရိန်း အရှေ့ဖျားမှာ ရှိကြတဲ့ ယူကရိန်းတပ်ဖွဲ့တွေ အများအပြားကို ရုရှားဘက်က ဝိုင်းနိုင်တာမျိုးတော့ မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ အဲဒီက တချို့ဒေသတွေမှာ လက်နက်ကြီးအန္တရာယ်က အမြဲလိုလို ကြုံနေရတာ ဖြစ်ပါတယ်။ ရှေ့တန်းက တပ်ဖွဲ့တွေမှာ လိုနေတာတွေက အရေအတွက် အရလည်း တော်တော်များပါတယ်၊ ဒါကြောင့် ရှေ့တန်းက လိုနေတဲ့ ပစ္စည်းတွေကို ဒရုန်းသုံးပြီး ပို့ပေးနိုင်ရင် အချိန်ကုန်လည်း သက်သာသလို ဘေးအန္တရာယ်လည်း ပိုကင်းပါတယ်လို့ Justin Bronk က ပြောပါတယ်။
လေကြောင်းရန် ကာကွယ်ရေးစနစ်များ
ဗြိတိန်က ယူကရိန်းကို Starstreak ဒုံးကျည်တွေ အပါအဝင် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေလည်း လှူထားပါတယ်။
Starstreak က အနိမ့်ပျံသန်းလာတဲ့ လေယာဥ်တွေကို တာတိုမှာ ပစ်ချနိုင်သလို လေယာဥ်တွေက တန်ပြန်ပစ်ခတ်တဲ့ မီးရှူးတွေလို အာရုံလွှဲတဲ့ အရာတွေကိုလည်း ရှောင်ကွင်းနိုင် ပါတယ်။
လေယာဥ်မှူး တယောက်ဘက်က ကြည့်ရင်တော့ Starstreak ဟာ တော်တော်ကို အန္တရာယ် ပေးနိုင်ပါတယ်။ အပစ်ခံရပြီဆို ဘာမှ မလုပ်နိုင်သလောက်ပါပဲ လို့ မစ္စတာ Bronk က ပြောပါတယ်။
သူက ရုရှားတွေက မြေပြင်က ယူကရိန်းတပ်ဖွဲ့တွေမှာ Starstreak တွေ ကိုင်ထားပြီ ဆိုတာ သိရင် အဲဒီနေရာတွေကို လာတိုက်ဖို့ အင်မတန် အန္တရာယ်များတယ်လို့ ယူဆကြမှာပဲလို့ ဆိုပါတယ်။
ဒါပေမယ့် Starstreak ကို သုံးတတ်အောင် လေ့ကျင့် သင်ကြားဖို့ကတော့ Nlaw ထက်ပိုပြီး အချိန်ပေးရပါတယ်။ ပြီးတော့ တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေ နေရာမှာတော့ အစားထိုးလို့ မရကြောင်း လေ့လာသူတွေက ပြောပါတယ်။
ဗြိတိန်က အဲဒီ Starstreak ဒုံးကျည်တွေကို ရွှေ့လျားသယ်ယူ ပစ်ခတ်နိုင်ဖို့အတွက် Stormer လို့ခေါ်တဲ့ ယာဥ် အနည်းငယ်လည်း ပို့ပေးထားပါတယ်။
ရေရှည်အတွက်
ယူကရိန်းတပ်ဖွဲ့တွေအတွက် ရေရှည်မှာ အနောက်တိုင်းထုတ် စစ်လက်နက် ပစ္စည်းတွေဟာ အင်မတန်မှ အရေးကြီးလာမှာဖြစ်တယ်လို့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနက အငြိမ်းစား ဗိုလ်မှူးချုပ် Ben Barry က ပြောပါတယ်။ ယူကရိန်းမှာ ကိုယ်ပိုင် လက်နက် ထုတ်လုပ်နိုင်တဲ့ အခြေအနေတွေ ရှိနေပေမဲ့ ရုရှားဆီကနေ နယ်မြေ အကြီးအကျယ် ပြန်လည် သိမ်းယူနိုင်ဖို့ အတွက်ကတော့ အနောက်နိုင်ငံတွေက အထောက်အကူတွေ အကြီးအကျယ် လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေအတွက် သူတို့ သုံးတတ်တဲ့၊ ခပ်မြန်မြန် လေ့ကျင့်သင်ပြ ပေးနိုင်တဲ့ လက်နက်မျိုးတွေ ပိုလိုအပ်နေတယ်လို့ စစ်ဘက်ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ယူကရိန်းရဲ့ လက်နက်အများစုဟာ အရင် အရှေ့ဥရောပ နိုင်ငံတွေရဲ့ ဝါဆော စစ်စာချုပ် အဖွဲ့ခေတ်က ဒီဇိုင်းတွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ယူကေက ပိုလန်မှာ ရှိတဲ့ T-72 တင့်ကားတွေကို ယူကရိန်းကို လှူပြီး အဲဒီအတွက် အစားအဖြစ် ဗြိတိသျှ လုပ် Challenger 2 တင့်ကားတွေကို ပို့ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
ယူကရိန်းစစ်တပ်ဟာလည်း T-72 တင့်ကားတွေကို ဆယ်စုနှစ်များစွာ သုံးလာတာ ဖြစ်လို့ သူတို့မှာ လေ့ကျင့်ပြီးသား တပ်ဖွဲ့ဝင်တွေအပြင် ပြုပြင်မွမ်းမံဖို့အတွက် အပိုပစ္စည်းတွေက အစ အပြည့်အစုံရှိနေပြီး ဖြစ်ပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် မစခင်နဲ့ စပြီး ရက်ပိုင်းအတွင်းမှာ ယူကေက ယူကရိန်းကို ပံ့ပိုးမယ့်လက်နက်တွေဟာ ခုခံကာကွယ်ရေး လက်နက်တွေသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ယူကရိန်းကို တိုက်ခိုက်လာတာကို ကာကွယ်ဖို့သာ ဖြစ်ပြီး ရုရှားကို သွားတိုက်ဖို့ မဟုတ်ဘူးလို့ ဆိုတာပါ။
အခုတော့ အစိုးရ ဒီလို ကာကွယ်ရေး လက်နက်မျိုးသာ ထောက်ပံ့နေတဲ့ ပုံစံကနေ သွေဖယ်လာတဲ့ လက္ခဏာမျိုး ပြလာနေပြီ ဖြစ်ပါတယ်။ တဖက်မှာလည်း ကာကွယ်ရေး လက်နက်ဆိုတာနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက မေးခွန်းထုတ်ကြပါတယ်။
အငြိမ်းစား ဗိုလ်မှူးချုပ် Barry က ကာကွယ်ရေး သီးသန့်ဆိုတဲ့ လက်နက်မျိုး မရှိပါဘူး။ ကာကွယ်ရေး လက်နက်ဆိုတာကလည်း ပစ်လို့ ခတ်လို့ရတာပဲ။ ခုခံကာကွယ်ဖို့ အတွက်သာ မကဘဲ ထိုးစစ်ဆင်ဖို့ အတွက်ပါ သုံးနိုင်တာပဲလို့ ဆိုပါတယ်။
ယူကေက ကူညီပေးထားသော တခြားပစ္စည်း များ
- Javelin တင့်ကားဖျက် ဒုံးကျည် ၂၀၀ ကျော်
- အဆောက်အအုံဖျက် လက်နက် ၁,၃၆၀
- ပလပ်စတစ် ဖောက်ခွဲရေးပစ္စည်း ၄.၅ တန်
- လက်နက်ငယ်ကျည် ၄၀၀,၀၀၀ ကျော်
- ခေါင်းဆောင်း၊ ကျည်ကာ၊ အကွာအဝေးတိုင်း ကိရိယာနဲ့ ဆေးပစ္စည်းတွေ အပါအဝင် အသက်အန္တရာယ် မပေးနိုင်သော ပစ္စည်း ၂၀၀,၀၀၀ ကျော်
- အီလက်ထရောနစ် စစ်ပစ္စည်း
- တန်ပြန် ရေဒါစနစ်များ
- တန်ပြန် GPS ပစ္စည်းများ
- ညကြည့်ကိရိယာ ထောင်ပေါင်းများစွာ
- လမ်းပန်းဆက်သွယ်မှု ခက်တဲ့ နေရာတွေက တပ်ဖွဲ့တွေကို ကူညီနိုင်ဖို့ အတွက် ဝန်များများ သယ်နိုင်တဲ့ UAV ဒရုန်း စနစ် ဒါဇင်များစွာ