ဖေဖော်ဝါရီ ၁၀ ရက် ထိပ်တန်းသတင်းများ - ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၅၀ ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေ
သေဆုံးသူ ၂၄၉ ယောက်နဲ့ ဒဏ်ရာရသူ ၄၂၀ ရှိ
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ကနေ ဒီဇင်ဘာ ကာလအတွင်းမှာ အကြိမ်ပေါင်း ၇၅၀ ရှိခဲ့ပြီး သေဆုံးသူအရပ်သား ၂၄၉ ယောက်နဲ့ ဒဏ်ရာရသူ ၄၂၀ ရှိတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
လေးလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၇၅၀ ရှိတဲ့အတွက် တစ်ရက်ကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နှုန်းရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီလတွေဟာ ရက္ခိုင့်တပ်တော်အေအေ၊ တအာင်းလွတ်မြောက်ရေးတပ် TNLA၊ ကိုးကန့်တပ် MNDAA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတွေ အားကောင်းနေတဲ့ကာလတွေပဲဖြစ်ပါတယ်။
အဲ့ဒီလေးလအတွင်းမှာ ပြည်သူတွေသေဆုံး ထိခိုက်တာအပြင် ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးခဲ့တာတွေကို သတင်းမီဒီယာ ၄၃ ခုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာ ၁၃၀၀ ကျော်ကနေ စစ်တမ်းကောက်ယူထားတာဖြစ်တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဆိုပါတယ်။
လေကြောင်းစစ်ဆင်ရေးလုပ်တာ၊ မြေပြင်ထိုးစစ်ကို လေကြောင်းပစ်ကူပေးတာ၊ တိုက်ခိုက်ခံရချိန်မှာ ပစ်ကူပေးတာ၊ ကင်းထောက်တာနဲ့ တပ်ရွှေ့တာ၊ စစ်ကူပေးတာ နဲ့ စစ်ရေးအရင်းအမြစ်တွေကို ရိက္ခာပို့ပေးတဲ့နေရာတွေမှာ လေကြောင်းကိုသုံးခဲ့တဲ့အကြောင်း ဉာဏ်လင်းသစ်က ထုတ်ပြန်ပါတယ်။
“ကြိုးကြာဥရွာကို ဒီဇင်ဘာမှာ လေကြောင်းနဲ့လာပစ်တုန်းက ဘာတိုက်ပွဲမှလည်း မရှိဘူးရော၊ ဒီအတိုင်းလာပစ်သွားတာ၊ ကံကောင်းတာက ဘုန်းကြီးနဲ့ကလေးတစ်ယောက် ဒဏ်ရာရတာပဲရှိလို့၊ ကန့်ဘလူပဇီကြီးမှာပစ်သွားတုန်းကလည်း တိုက်ပွဲရှိနေတာမှမဟုတ်တာ၊ အလှူမှာ လူစုလူဝေးဖြစ်နေတုန်း အပစ်ခံရတာလေ။ သူတို့စစ်ကြောင်းတွေ ထိခိုက်မှာစိုးလို့မဟုတ်ဘဲ ဒီအတိုင်း သူတို့သံသယရှိရင်လည်းပစ်နေတာပဲဟာ”လို့ ကောလင်းဒေသခံတစ်ယောက်က ပြောပါတယ်။
အဲ့ဒီလေးလတာကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်တဲ့နေရာတွေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်နီ၊ ချင်းတို့မှာ အများဆုံးဖြစ်ခဲ့ပြီး ကရင်၊ ရခိုင်၊ ကချင်၊ မကွေး၊ မွန်၊ မန္တလေး၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာလည်း လေကြောင်းပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၅၁ ခု၊ စာသင်ကျောင်းပေါင်း ၂၂ ကျောင်း၊ ဆေးရုံဆေးခန်း ၂ ခုနဲ့ ပြည်သူပိုင်နေအိမ်၊ ယာဉ်၊ တိရစ္ဆာန်နဲ့စိုက်ခင်းတွေ ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အရပ်ဘက်အဆောက်အအုံတွေကို ရည်ရွယ်တိုက်ခိုက်တာမရှိပေမဲ့ အဲ့ဒီနေရာတွေကနေ ပစ်ခတ်လာမယ်ဆိုရင် စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်လို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။
ဇရပ်ကြီးမြို့ တိုက်ပွဲက စစ်ရှောင်တွေကို တောင်ငူထဲ ပေးမဝင်လို့ နီးစပ်ရာရွာတွေမှာထားခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, TTSS Facebook
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာမှာ တိုက်ပွဲဖြစ်နေတာကြောင့် ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လူမှုကူညီရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ပေမဲ့ စစ်ကောင်စီတပ်တွေက ထွက်ခွာခွင့်မပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇရပ်ကြီးမြို့အနားဝန်းကျင်တွေကို စစ်ကောင်စီက ပိတ်ဆို့ထားသလို တောင်ငူမြို့ကို ဆက်သွယ်ထားတဲ့ ထန်းတပင်တံတား စစ်ဆေးရေးဂိတ်ကနေ စစ်ဘေးရှောင်တွေကို ဖေဖော်ဝါရီ ၉ ရက် နေ့လယ်ပိုင်းကစပြီး ပေးမဖြတ်တာလို့သိရပါတယ်။
“ကျွန်တော်တို့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေကြားကနေ ခေါ်ခဲ့ကြတာ အယောက် ၄၀ လောက်ရှိတယ်။ နေ့လယ်တစ်နာရီလောက် ထန်းတပင်တံတားကိုရောက်တော့ စစ်ဘေးရှောင်တွေပါရင် မဖြတ်ရဘူးတဲ့။ စစ်တပ်ကပြောတာဗျ။ ဒါနဲ့ တစ်နာရီကနေ သုံးနာရီအထိ သွားခွင့်ပေးမလား စောင့်ကြသေးတယ်။ မရတာနဲ့ ထန်းတပင်မြို့နယ်ထဲက နီးစပ်ရာဘုန်းကြီးကျောင်းမှာ ထားခဲ့ရတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်လာသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ဇရပ်ကြီးမြို့ထဲမှာလည်း ပိတ်မိသူတွေ ရာချီရှိနေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SK Facebook
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထန်းတပင်တံတားကို မနေ့က မနက်ပိုင်းက ဖြတ်သွားလို့ရတယ်လို့ သိရပါတယ်။ ရွာတွေထဲက စစ်ဘေးရှောင်တွေကို မနက်ပိုင်းက ကားတစ်ကြောင်း ကူညီခဲ့ပြီး နေ့လယ်ထပ်သွားခေါ်ပြီးပြန်လာတဲ့အချိန်မှာ စစ်ဘေးရှောင်တွေ ပါလာရင် ဖြတ်သန်းခွင့်မရတော့ဘူးလို့ နောက်ထပ် လူမှုကူညီရေးအဖွဲ့က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေကို သူတို့အိမ်ကို ပြန်ပို့ခိုင်းတယ်။ ကြောက်လို့ထွက်ပြေးလာကြတာကို ထွက်ခွင့်မပေးဘူး။ သူတို့ပါရင်လည်း ကျွန်မတို့ပါ ထွက်လို့မရဘူး။ အဲ့ဒီတော့ နောက်နေ့ ခေါ်လို့ရရင် ခေါ်ပါ့မယ်ဆိုပြီး ဘုန်းကြီးကျောင်းမှာ ထားခဲ့ရတယ်။ သူတို့ကို မခေါ်တော့ဘူးလား၊ ဒီလိုပဲ ထားခဲ့တော့မှာလားဆိုတဲ့စကားတွေကြောင့် စိတ်မကောင်းဖြစ်လွန်းလို့ ကျွန်မ မျက်ရည်ကျမိတယ်။ အခုပြောနေတုန်းလည်း ငိုချင်လာတယ်”လို့ သူက ပြောပါတယ်။
ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာနားမှာ ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်ရှိနေသလို စစ်ကောင်စီက ပေးမဖြတ်တာကြောင့် ကူညီကယ်ဆယ်ရေးတွေအတွက် အခက်ခဲတွေရှိနေကြတယ်လို့ ပြောကြပါတယ်။
ကျေးရွာတွေထဲက ပိတ်မိနေသူတွေနဲ့ ဘုန်းကြီးကျောင်းမှာ ထားခဲ့ရတဲ့ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ နာမကျန်းတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဇရပ်ကြီးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၇ မနက်ကစပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။
အရပ်သားတွေ ဆယ်ဂဏန်းကျော် ထိခိုက်သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်ပေမဲ့ တိုက်ပွဲတွေပြင်းထန်တာကြောင့် အတည်မပြုနိုင်ကြသေးပါဘူး။
ထန်းတပင်တံတားကနေ စစ်ဘေးရှောင်တွေကို ဖြတ်သန်းခွင့်မပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
လားရှိုးမှာပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်

ဓာတ်ပုံ ရင်းမြစ်, cincds
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့က လားရှိုးပြည်သူ့စစ် (ဌာနေ) အဖွဲ့တွေကို စစ်ကောင်စီက အခြေခံစစ်သင်တန်းပြန်ပေးပြီး လက်နက်တပ်ဆင်ပေးလိုက်ပါတယ်။
မနေ့က ပြုလုပ်တဲ့ အဲဒီလက်နက်တပ်ဆင်ပွဲကို တိုင်းမှူးဟောင်းဖြစ်တဲ့ အမှတ်(၂)အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ကိုယ်တိုင် တက်ရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက သူတို့ လက်နက်တပ်ဆင်ပေးတဲ့အရေအတွက်ကို မထုတ်ပြန်ပေမဲ့ ပြည်သူ့စစ် တစ်ရာကျော် သင်တန်းဆင်းခဲ့ကြတယ် လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
‘’အသစ်ဝင်လာတဲ့သူတွေကို လက်နက်တပ်ပေးတာ။ ၁၅ ရက်သင်တန်းပေးတယ်’’ လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေထဲက မြို့ပေါင်း ၁၆ မြို့အထိ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေလက်ထဲ ကျရောက်ခဲ့တာဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ လားရှိုးမြို့နယ်အစပ်အထိ တိုက်ပွဲတွေရှိခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုဖြစ်တဲ့ ဟိုင်ဂင်သဘောတူစာချုပ်အရ ခေတ္တအပစ်ရပ်ထားကြတာ ဖြစ်ပါတယ်။








