ယူကရိန်းကဆည်ကို ရုရှား ဖောက်ခွဲတယ်လို့ ယူကရိန်း စွပ်စွဲ- ဇွန် ၆ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံ ဒီနီပရို မြစ်ပေါ်မှာရှိတဲ့ အဓိကကျတဲ့ ဆည်ကို ရုရှားက ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ ယူကရိန်းက ရုရှားကို စွပ်စွဲလိုက်ပါတယ်။

ထိုးစစ်ကို ဟန့်တားနိုင်ဖို့အတွက် အခုလို ဖောက်ခွဲလိုက်တာလို့လည်း ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး က နိုဗာကာဟိုဗာ ဆည်ပေါက်ကွဲပျက်စီးခဲ့တာကြောင့် မြို့ ၈ဝ လောက် ရေကြီးနိုင်တယ်လို့ ပြောပါတယ်။

ခါဆွန် ဒေသ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲက အိုလက်ဇန္ဒရာ ပရိုကူဒင်က ဒေသခံတွေကို ဘေးလွတ်ရာကို အမြန် ရှောင်တိမ်းကြဖို့ တိုက်တွန်းထားပါတယ်။

"ရုရှား စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပါတယ်၊ ကာဟိုဗာ ဆည်ကို သူတို့ ဖောက်ခွဲလိုက်တာပါ၊ ၅ နာရီအတွင်း ရေက အရေးပေါ် အဆင့်ကို ရောက်လာမှာ ဖြစ်ပါတယ်၊ ဘေးကင်းလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းတာတွေ စတင်နေပါပြီ၊ အရေးပေါ် အဖွဲ့တွေ အားလုံး အလုပ်လုပ်နေပါတယ်၊ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ပစ္စည်းတွေ ယူပြီး ရွှေ့ပြောင်းပေးတဲ့ ဘတ်စ်ကားတွေကို စောင့်ဖို့ ပြောချင်ပါတယ်"လို့ ကြေညာနေပါတယ်။

အန္တရာယ်များတဲ့နေရာကနေ အမြန်ဆုံးထွက်ခွာဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အတွက် ဖြစ်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

ပျက်စီးသွားတဲ့နေရာကနေ ရေတွေ ဒလဟော စီးဆင်းနေတဲ့ ဓာတ်ပုံတွေလည်း မြင်တွေ့နေရပါတယ်။ ရွှေ့ပြောင်းမှုတွေလည်း လုပ်ဆောင်နေပါတယ်။

ရုရှား ထိန်းချုပ်ထားတဲ့နေရာမှာ ရှိတဲ့ ဆည်ဖျက်ဆီးလိုက်တယ်ဆိုတဲ့ အပေါ် ရုရှားက ငြင်းဆန်ထားပြီး ယူကရိန်းရဲ့ ဗုံးကြဲမှုတွေအပေါ် အပြစ်တင်လိုက်ပါတယ်။

ရုရှား သိမ်းထားတဲ့ ခရိုင်းမီးယားနဲ့ ဇာပိုရီးရှား နျူကလီးယား စက်ရုံကို ဆည်က ရေတွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

ဒီလို ဆည်ကို ဖောက်ခွဲလိုက်တဲ့အပေါ် ယူကရိန်းကို ထောက်ခံတဲ့ အနောက်အုပ်စုက ဆန့်ကျင်ခဲ့ပြီး ရုရှားကို တာဝန်ခံမှုရှိဖို့ ပြောပါတယ်။

အာဖဂန်ဘိန်းစိုက်ပျိုးမှု တာလီဘန် အောင်မြင်စွာ ကိုင်တွယ်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးတာကို တာလီဘန် အစိုးရက အောင်မြင်စွာ နှိမ်နှင်းကိုင်တွယ် နိုင်ခဲ့တယ်ဆိုတာ ဘီဘီစီက သက်သေနဲ့ တကွတွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိမှုကို ဗြိတိန် အခြေစိုက် ကျွမ်းကျင်သူတွေက ထောက်ခံခဲ့ပြီး အရင်နှစ်ကနဲ့ ယှဉ်လိုက်ရင် ၅ ပုံရင် ၄ ပုံလောက်ကျသွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်က ဘိန်း ၈ဝ ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပြီး တာလီဘန်ခေါင်းဆောင်က ဘိန်းစိုက်ပျိုးတာကို ပြီးခဲ့တဲ့နှစ်က တားမြစ်ခဲ့ပါတယ်။

စီးပွားရေးပဋိပက္ခကို ရင်ဆိုင်နေရတဲ့ နိုင်ငံအတွက် ဒါဟာ ထိုးနှက်ချက်တခုလို့ လယ်သမားတွေက ပြောပါတယ်။

အသံထက်မြန်တဲ့ ဒုံး အီရန် ထုတ်ပြ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အီရန်နိုင်ငံက ပထမဆုံး ပြည်တွင်းထုတ် အသံထက်မြန်တဲ့ ဒုံးကျည်ကို ပြသလိုက်ပါတယ်။

သမ္မတ အီဗရာဟင်ရေဆီ နဲ့ တော်လှန်ရေး တပ်ဖွဲ့က အဆင့်မြင့် အရာရှိတွေ တက်ရောက်တဲ့ အခမ်းအနားတခုမှာ ဖာတာ လို့ အမည်ပေးထားတဲ့ ဒုံးပုံတွေကို အစ္စလာမ်မစ် သမ္မတ သတင်းဌာနIslamic Republic News Agencyက ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အသံထက် ၅ ဆမြန်ပြီး ကြားဖြတ်ဖျက်ချလို့ မရဘူးလို့ အီရန်က ပြောဆိုလိုက်ပါတယ်။

အနောက်နိုင်ငံက စစ်ဘက် လေ့လာသုံးသပ်သူတွေက အီရန်က သူတို့ ဒုံးရဲ့ စွမ်းရည်ကို ရှိတာထက် ပိုဖော်ပြတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ ယူကရိန်း စစ်ပွဲမှာ ရုရှားကပဲ အသံထက်မြန်တဲ့ ဒုံးတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။

အယ်လ်နီညိုကြောင့် သီးနှံတွေ အထွက်နှုန်းလျော့မယ်လို့ သြစတြေးလျနဲ့ အင်ဒို တာဝန်ရှိသူတွေ သတိပေး

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အင်ဒိုနီးရှားနဲ့ သြစတြေးလျက အရာရှိတွေက ခြောက်သွေ့ ပူပြင်းတဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ကောက်ပဲသီးနှံတွေ ဒီနှစ် အထွက်နှုန်း လျော့မယ်လို့ သတိပေးလာပါတယ်။

ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေက ကောက်ပဲသီးနှံ ထုတ်လုပ်မှုတွေလည်း အန္တရာယ် ရှိနေပြီး တောမီးလောင်မယ့် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။

အယ်လ်နီညိုက ပစိဖိတ်ဒေသနဲ့ အနီး ဝန်းကျင်နိုင်ငံတွေ အပေါ် သက်ရောက်မှုရှိတဲ့ ပူနွေးတဲ့ မတည်ငြိမ်တဲ့ ရာသီ ဖြစ်စဉ်တခု ဖြစ်ပါတယ်။

စင်ကာပူ၊ ဗီယက်နမ် အပါအဝင် အာရှ အရှေ့ပိုင်းနိုင်ငံတွေမှာ စံချိန်တင် အပူချိန်တွေကို မှတ်တမ်းတင်ထားပါတယ်။

တေးသီချင်းတွေ ဝန်ဆောင်မှုပေးနေတဲ့ ဒီဇာ အေအိုင်နဲ့ လူဖန်တီးတဲ့ သီချင်းကို ခွဲခြားဖို့ ကြိုစား

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

သီချင်းတွေ ဂီတတွေကို Streaming ဝန်ဆောင်မှုပေးနေတဲ့ ဒီဇာ (Deezer)က ဉာဏ်ရည်တု (အေအိုင်)ကို သုံးပြီး နာမည်ကျော်အဆိုတော်တွေရဲ့ အသံကို တုပထားတဲ့ သီချင်းတွေကို ဖော်ထုတ်နိုင်ဖို့ နည်းပညာသစ်တခုကို အသုံးပြု ထားတယ်လို့ ဆိုပါတယ်။

တကယ့်ဖန်တီးတဲ့ အနုပညာရှင်တွေ အတွက် ဝင်ငွေကို ကာကွယ်ပေးဖို့ အေအိုင်သုံးပြီး သူတို့ အသံကို တုပထားတာကို အသိပေးရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နေ့စဉ် ထောင်ချီ တေးသီချင်းတွေ ဒီအပလီကေးရှင်းပေါ် တင်နေတာကြောင့် ဒီသီချင်းတွေဟာ လူက ဖန်တီးတာလား စက်က ဖန်တီးတာလားဆိုတာကို ခွဲခြား သိဖို့ အရေးပါတယ်လို့လည်း ဆိုပါတယ်။