ဝန်ထမ်းတွေကို စစ်ကောင်စီ ထောက်ပံ့ကြေး သုံးသောင်းပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ထမ်းတွေ ရဲ့ လက်ရှိလစာကို ကျပ် သုံးသောင်း ထပ်ပေါင်း ပေးမယ် လို့ စစ်ကောင်စီက စက်တင်ဘာ ၃၀ မှာ ကြေညာပါတယ်။
တစ်နေ့ ၈ နာရီအတွက် လုပ်ခ ကျပ် ၄၈၀၀ ပေးနေတဲ့ အစိုးရဌာနတွေ နဲ့ အဖွဲ့အစည်းတွေက နေ့စားအလုပ်သမားတွေကိုပါ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ခံစားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
စစ်ကောင်စီက လစာတိုးတယ်ဆိုတဲ့ အသုံးအနှုန်း ကို မသုံးထားဘဲ အပိုထောက်ပံ့ကြေးပေးတယ် လို့သာ သုံးပေမဲ့ အဲဒီ ကျပ် သုံးသောင်းကို လစဉ် ခံစားခွင့်ပြုမယ် လို့ ဆိုပါတယ်။
ဒီလို အပိုထောက်ပံ့ကြေးခံစားခွင့်ပြုတာဟာ ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးသက်သာချောင်လည်မှုရှိစေဖို့အတွက် လို့ စစ်ကောင်စီက ထုတ်ပြန်ပြီး အရပ်ဘက် ဝန်ထမ်းတွေသာမကဘဲ စစ်ဘက်ကိုပါ တိုးပေးမယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
‘’အောက်တိုဘာလအတွက် လစာ ထုတ်တဲ့အခါအပိုထောက်ပံ့ကြေးကိုပါ ပေါင်းပေးမယ် လို့ သိရပါတယ်’’ လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က အစိုးရဝန်ထမ်း ကိုးသိန်းကျော် ရှိတယ် လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပြီး အဲဒီ ကိုးသိန်းမှာ စစ်တပ် နဲ့ ရဲ မပါဘူး လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က အငြိမ်းစားအရာရှိ တစ်ဦးက ပြောပါတယ်။
‘’ဒါပေမဲ့ CDM တွေ လုပ်ကြတော့ ဝန်ထမ်းက အဲဒီထက် နည်းသွားမှာပေါ့’’ လို့ သူက ပြောပါတယ်။
ဌာန ဆိုင်ရာ ဝန်ထမ်းတွေထဲမှာတော့ အမြင့်ဆုံးရာထူး ညွှန်ကြားရေးမှူးချုပ်ကနေ ရုံးအကူအထိ အဆင့်ဆင့်ကို နိုင်ငံ့ဝန်ထမ်း လို့ သတ်မှတ်ထားတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ညွှန်ကြားရေးမှူးချုပ် အဆင့်ကတော့ နေအိမ် နဲ့ ကား အပါအဝင် လစာက ကျပ် ၅ သိန်းခွဲ ဖြစ်ပါတယ်။
ဝန်ထမ်းတွေထဲမှာ အနိမ့်ဆုံးရာထူးတွေဖြစ်ပြီး အရေအတွက်လည်းများတဲ့ အငယ်တန်း စာရေး လစာ က ကျပ်နှစ်သိန်းမပြည့် သလို ရုံးအကူတစ်ယောက်ရဲ့ လစာက တစ်သိန်းခွဲမပြည့်ဘူး လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
‘’အခုတိုးမယ်ဆိုတဲ့ ပိုက်ဆံက ကုန်စျေးနှုန်းနဲ့ ဘာမှ မကာမိပါဘူး။ အခုတိုးရင် ကုန်စျေးနှုန်းက လိုက်တက်ဦးမှာပဲ ’’ လို့ ဝန်ထမ်းတစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။
အခု အပိုထောက်ပံ့ကြေး မတိုင်ခင် ဝေးလံခေါင်ဖျားဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဒေသစရိတ်ဆိုပြီး ပေးနေတာလည်း ရှိပါတယ်။
အဲဒီစရိတ်ကတော့ တစ်လ ကျပ် ခုနစ်သောင်းကျော် ဖြစ်ပြီး အရာရှိတွေ နဲ့ အခြားအဆင့်တွေကြားကွာဟမှု မရှိဘူးလို့ ရှမ်းပြည်နယ်က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဝန်ထမ်းတွေကို လစာ ထုတ်ပေးနေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာနက ဒီနှစ်ဘတ်ဂျက်အတွက် ကျပ် ဘီလီယံ ၄၃၀၀ ကျော် သုံးဖို့ လျာထားပြီး အခု အပိုထောက်ပံ့ကြေးကို ဝန်ကြီးဌာနဘတ်ဂျက်ကနေ သုံးမယ် လို့ နားလည်ရပါတယ်။
အပိုထောက်ပံ့ကြေးကြောင့် စစ်ကောင်စီဟာ တစ်လကို ကျပ် ဘီလီယံ ၃၀ အထက် ပိုမို သုံးစွဲရမယ်လို့ ဘတ်ဂျက်ရေးရာ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။








