ကချင်လေကြောင်းတိုက်ခိုက်ခံရမှု ကုလလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကိုချက်ချင်းအရေးယူဖို့ အရပ်ဖက်အဖွဲ့တွေတိုက်တွန်း - အောက်တိုဘာ၂၉ရက် ဘီဘီစီရဲ့ ထိပ်တန်းသတင်းများစုစည်းချက်

ရေးသားခဲ့သည်။

NLD အစိုးရလက်ထက်စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းပြန်လည်လွတ်မြောက်

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်တယ်ဆိုတဲ့အမှုနဲ့ထောင်ဒဏ် ၃ နှစ်ချခံထားရတဲ့ NLD အစိုးရလက်ထက်စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း ဟာ မနေ့အောက်တိုဘာ ၂၈ရက် က ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေကအတည်ပြုပါတယ်။ လွတ်ရက်ပြည့်ဖို့ ကျန်နေသေးပေမဲ့ ဘာကြောင့်လွှတ်ပေးတယ်ဆိုတာကိုတော့မသိရဘူးလို့ ဆိုပါတယ်။

'' ဘာလို့လွှတ်ပေးလဲမသိဘူး။ဒါပေမဲ့ အသက်၈၀ကျော်ပြီဆိုတော့ အသက်ကြီးလို့တော့ဖြစ်နိုင်တယ်။အန်ကယ်ကြီး က သူ့ကျန်းမာရေးအခြေအနေအရ ဇန်နဝါရီ မှာကတည်းက ပြင်ပအကျယ်ချုပ်အာမခံနဲ့အမှုရင်ဆိုင်နေရတာလေ ၊ အခုက သူတို့အမှုက အမိန့်ချလိုက်ပြီဆိုတော့ သူက အကျဥ်းထောင်ကိုမဖြစ်မနေသွားရတာပေါ့။အခု တစ်လလောက်ကြတော့ သူတို့ (စစ်ကောင်စီ) လွှတ်ပေးလိုက်တာပေါ့'' လို့ အခြေအနေကိုသိရှိသူတစ်ဦးကပြောပါတယ်။

အသက် ၈၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းဟာ အူမကြီးလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ပြီးခဲ့တဲ့၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းကစလို့ဆေးရုံတက်ရောက်ကုသနေရတာဖြစ်ပါတယ်။

ဦးစိုးဝင်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်တို့နဲ့အတူ တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့နဲ့အတူ တရားရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ရက်က ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရတာပါ။ ဦးစိုးဝင်းဟာအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းတည်းက အခုလိုဖမ်းဆီးခံထားရတာဖြစ်ပြီး NLD အစိုးရအဖွဲ့ထဲမှာ အသက် ၈၀ ကျော်အရွယ်ရှိတဲ့ အသက်အကြီးဆုံး ဝန်ကြီးလည်းဖြစ်ပါတယ်။

မနေ့က ညနေပိုင်းမှာ ရန်ကုန်အင်းစိန်အကျဥ်းထောင်ကနေ တေးသံရှင်ပိုပိုနဲ့ အလှအပရေးရာဘလော့ဂါ ဝင်းမင်းသန်း၊ ဒါရိုက်တာမိုက်တီးတို့လည်း ပြန်လည်လွတ်မြောက်လာသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနဲ့ အဖွဲ့ဝင် ဦးမြင့်နိုင်တို့ဟာ ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ထားကြပါတယ်။

ရေစကြိုနယ်ထဲကရွာတွေ မီးရှို့ခံနေရ ၊ ဒေသခံတွေဘေးလွတ်ရာထွက်ပြေး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက မြေမလှကျေးရွာ၊ စိုင်သေကျေးရွာနဲ့ သံပြာချောင်းရွာတွေမှာ ဒီကနေ့ အောက်တိုဘာ ၂၉ရက်မနက်အစောပိုင်းကစပြီး နေအိမ်တွေမီးရှို့ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

နေ့လယ်ပိုင်းမှာတော့ မြေမလှရွာမှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရေစကြိုဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေကြားထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ ‌ဒေသတွင်းသတင်းတွေကဖော်ပြနေပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီးနောက် ကျေးရွာတွေအခုလိုမီးရှို့ခံရမှုဖြစ်ပွားတာလို့ဆိုပြီး လက်ရှိမှာ ရွာအတွင်းမနေရဲလို့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

''စိုင်သေရွာကို မနက်လေးနာရီကတည်းကဝင်ပြီးရှို့တာပါ။ စစ်ကြောင်းက ရထောင်ကျေးရွာဘက်ကလာတာပါ။ ရွာကလူတွေတော်တော် ထွက်ပြေးကြပေမဲ့ကျန်တဲ့သူတွေလည်းကျန်နေတယ်။ အခုပြေးတဲ့နေရာမှာဆိုတေ့ရွာက အခြေအနေကိုသေချာမသိရတော့စိတ်ပူနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စိုင်သေကျေးရွာကနေ သံပြာချောင်းရွာကိုလည်း ဆက်လက်ဝင်ရောက်ခဲ့ပြီး မီးရှို့ခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စိုင်သေကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိပြီး သုံးပုံ တစ်ပုံခန့်က မီးထဲပါသွားတယ်လို့ We Love Myaing ရဲ့ ကနဦးသတင်းတွေကဖော်ပြထားပါတယ်။

သံပြာချောင်းရွာကတော့ အိမ်ခြေ ၃၀၀ ရှိပြီး နေ့လယ်ပိုင်းအထိ မီးငြှိမ်းသတ်နိုင်တဲ့ အခြေအနေမရှိဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်မှာ ချေးငွေကုမ္ပဏီတစ်ခုက အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရ

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့ မှာ ချေးငွေ‌တွေလိုက်လံကောက်ခံပြီးပြန်လာတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးဟာ အောက်တိုဘာ၂၈ရက်က သတ်ဖြတ်ခံရတယ်လို့ Early Dawn Microfinance ချေးငွေကုမ္ပဏီကသတင်းထုတ်ပြန်ထားပါတယ်။

သတ်ဖြတ်ခံရသူဟာ အသက် ၃၃နှစ်အရွယ် မစန်းစန်းမော် ဆိုသူဖြစ်ပြီး Early Dawn Microfinance ရဲ့ ပေါက်ခေါင်းဌာနခွဲကချေးငွေအရာရှိ ဖြစ်တယ်လို့ဆိုပါတယ်။

မစန်းစန်းမော်ဟာ ရှားစီဖို-ပေါက်ခေါင်းသွားကားလမ်းဘေးမှာ လည်ပင်းမှာ ပြတ်ရှဒဏ်ရာနဲ့သေဆုံးနေတာဖြစ်ပြီး မသမာသူ ရဲ့ လုပ်ရပ်ကိုအပြင်းအထန်ရှုတ်ချသလို အမှုမှန်ပေါ်ပေါက်ဖို့ သက်ဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ အဲဒီကုမ္ပဏီကထုတ်ပြန်ထားပါတယ်။

ချေးငွေကုမ္ပဏီတွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအသိုင်းအဝိုင်းကတော့ အခုလို ပြည်သူအားလုံး မလုံခြုံတဲ့ကာလမှာ ငွေသိမ်းသူတွေရဲ့ လုံခြုံရေးအတွက် ထည့်သွင်းလုပ်ဆောင်ရမယ့် အခြေအနေတစ်ခုဖြစ်လာပြီလို့မှတ်ချက်ပြုနေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၁၂ရက်ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ပစ္စည်းပို့တဲ့ ဒလီဗာရီသမား ကိုရဲဇော်ဟာလည်းအလားတူသေဆုံးသွားခဲ့ပြီး လူတစ်စုက ကိုရဲဇော်ရဲ့ရင်ဘတ်ကို စကေဘာနဲ့ထိုးပြီးနောက် ဖုန်းနဲ့ပိုက်ဆံတို့ကို လုယက်ယူဆောင်ခဲ့တယ်လို့ BeeXprss ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါသေးတယ်။

ကျိုက်ဒုံရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်း က ကျိုက်ဒုံမြို့ နယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မနေ့အောက်တိုဘာလ ၂၈ ရက် ညပိုင်းက တိုက်ခိုက်ခဲ့ပြီးလက်နက်ခဲယမ်းတွေကိုသိမ်းပိုက်ခဲ့တယ်လို့ KNLA ပူးပေါင်းတပ် ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်လာပါတယ်။

ကျိုက်ဒုံရဲစခန်းကို KNLA တပ်ရင်း ၁၈ နဲ့ ဒေါနစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၁၀မိနစ်ကြာတိုက်ပွဲအတွင်း KNLA ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုစာရင်းကို အတည်ပြု ထုတ်ပြန်မယ်လို့ဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကျိုက်ဒုံနယ်မြေရဲစခန်း ဟာ စစ်ကောင်စီရဲ့ ကျိုက်ဒုံ ဗျူဟာ တောင်ဘက် မလှမ်းမကမ်းတွင်တည်ရှိပြီး စကခ ၁၃ လက်အောက်ခံ ဗျူဟာနဲ့ BGF တပ်ရင်းတစ်ရင်း အခြေစိုက်ထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေကဖော်ပြပါတယ်။

ဒေါနစစ်ကြောင်းက တော့ အခုတိုက်ခိုက်မှုဟာ KIO/KIA နယ်မြေအနန့်ပါ ဖြစ်စဉ်နဲ့ နိုင်ငံတဝန်း တရားမဲ့လုပ်ရပ်တွေအပေါ် တုံ့ပြန်တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း ရက်ပေါင်း၆၃၅ အတွင်း သေဆုံးသူ ၂၄၀၁ဦးရှိတယ်လို့ AAPPထုတ်ပြန်

စစ်အာဏာသိမ်း ရက်ပေါင်း၆၃၅ အတွင်း သေဆုံးသူ ၂၄၀၁ဦးရှိပြီးဖြစ်ကာ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂၇၈၃ ယောက်ရှိပြီး အဲဒီထဲက ၁၆၀၉ ကတော့ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃၁၈၁ ဦး ရှိတယ်လို့ဆိုပါတယ်။

နေအိမ်ချိပ်ပိတ်ခံထားရမှုတွေနဲ့ပတ်သက်လို့ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ထိ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၀ထက်မနည်းရှိထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၈ ရက် အထိစာရင်းတွေအရ သေဒဏ်ချမှတ်ခံထားရပြီးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၈၄ဦးရှိပြီဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၂ ဦး အပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရတယ်လို့ ဖော်ပြပါတယ်။ လက်ရှိမှာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၆ ဦးရှိပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်ကနေ ‌၂၀၂၂ခုနှစ်အောက်တိုဘာ ၂၈ရက်အထိကောက်ယူထားတဲ့စာရင်းတွေဖြစ်ပြီး ‌လက်လှမ်းမီ သမျှကောက်ယူထားတာဖြစ်လို့လက်တွေ့မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်းနှစ်ပတ်လည်အဖြစ် ကချင်ပြည်နယ်၊ ဖားကန့် မှာကျင်းပခဲ့တဲ့ ပွဲ ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ချက်ချင်းအရေးယူပေးဖို့ဆိုပြီး အရပ်ဖက်အဖွဲ့ အချို့က တိုက်တွန်းစာထုတ်ပြန်ပါတယ်။

လူပေါင်း ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး နောက်ထပ် ၁၀၀ ကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့သလို အနီးအနားက ဆေးရုံမှာ‌ ဆေးကုသခွင့် မပြုခဲ့ဘူးဆိုပြီးလည်းထောက်ပြထားပါတယ်။

ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)က မွန်းနေလီက '' ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ လူပေါင်း ၁၀၀ နီးပါး သေဆုံး စေခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်က မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် အစွမ်းကုန် အရေး ပေါ်တုံ့ပြန်မှုအဖြစ် ဆောင်ရွက်ရပါမယ်'' လို့ပြောကြားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ သေချာရေရာမှု ကင်းမဲ့သော အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်လက်သင့်ခံနေတာဟာ မြန်မာစစ်တပ် အပေါ် အရေးယူရမယ့် တာဝန်ကို ခေါင်းရှောင်နေတာဖြစ်ပြီးဒါကို ချက်ချင်းရပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ကျရှုံးနေတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ထားရှိဖို့ဆုံးဖြတ်လိုက်တာဟာမြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကသာခိုင်မာတဲ့အရေးယူမှုတွေလုပ်ဆောင်ရတော့မယ်ဆိုတဲ့ အချက်ကို ပြနေတဲ့ နောက်ထပ်အချက်တစ်ခုဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့တွေကတိုက်တွန်းပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်အပေါ်မှာ ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ်ဆို့ဖို့နဲ့ စစ်အုပ်စုနဲ့ သူ့နဲ့ဆက်စပ်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ် ဆောင်နိုင်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ဖို့အတွက် လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းအသုံးချရပါမယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက “ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမှု မလုပ်ခင် ရက်အနည်းငယ်အလိုမှာပဲ ကျူးလွန်လိုက်တာ ဖြစ်တဲ့အတွက် ဒါဟာ အခွံသာ ရှိတဲ့ ရှုတ်ချမှုတွေကို မမှုဘူးဆိုတဲ့ ထင်ရှားတဲ့သက်သေပဲ ဖြစ်ပါတယ်'' လို့ပြောထားပါတယ်။ တောင်းဆိုထားတဲ့ အရပ်ဖက်အဖွဲ့တွေကတော့ ရှေ့ပြေးအသံအဖွဲ့၊ ကချင်အမျိုးသမီးများအစည်းအရုံး(ထိုင်းနိုင်ငံ) နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တို့ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ဒီဖြစ်စဉ်ဟာ ကေအိုင်အေတပ်မဟာ ၉အခြေပြုနေရာကို ဥပဒေစည်းမျဉ်းတွေအတိုင်း တိုက်ခိုက်တာလို့ ဆိုထားပြီးသေဆုံးသူတွေထဲမှာ ကေအိုင်အေအရာရှိတချို့နဲ့ PDF တွေပါဝင်နေတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကတေ့ ကချင်ပြည်နယ်ဖားကန့်ဖြစ်စဥ်နဲ့ပတ်သက်လို့ အမေရိကန်ဗြိတိန်အပါအဝင် သံရုံးတချို့ထုတ်ပြန်ချက်နဲ့ ကုလသမဂ္ဂပြောကြားချက်တွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားတာပါ။