အမေရိကန်စစ်တပ်က UFO တွေ ထပ်တွေ့တာ အကြိမ် ၅၀ဝ ကျော်ရှိလာ

UFO

ဓာတ်ပုံ ရင်းမြစ်, NAVAL AIR SYSTEMS COMMAND

ရေးသားခဲ့သည်။

အမေရိကန်အစိုးရက လျှို့ဝှက်သတင်းအဆင့်ကနေ လျှော့ချလိုက်တဲ့ အစီအရင်ခံစာ အသစ်တွေအရ အမေရိကန်စစ်တပ်က အမျိုးအမည်မသိယာဥ်ပျံ UFO တွေ့ရှိမှု ရာနဲ့ချီပြီး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံတော် ထောက်လှမ်းရေး ဌာနက UFO တွေ့ရှိမှု အကြိမ် ၅၁၀ ရှိခဲ့တာကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဒီဌာနဟာ ၂၀၂၁ က လည်း အလားတူ တွေ့ရှိမှု ၁၄၄ ကြိမ်ရှိကြောင်း မှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်ပါတယ်။

အခုတကြိမ် တွေ့ရှိမှု အသစ်တွေထဲက တဝက်လောက်ဟာ သိပ်မထူးခြားလှပဲ လူမောင်းတဲ့ ယာဉ်ပျံတမျိုးမျိုးသာ ဖြစ်နိုင်တယ်လို့ ဒီဌာနရဲ့ အစီအရင်ခံစာက သုံးသပ်ထားပါတယ်။

ဒါပေမဲ့လည်း အဲဒီအထဲက တွေ့ရှိမှု အကြိမ် တရာကျော်ကတော့ ဘယ်လိုမှ ရင်းမြစ်ရှင်းမပြနိုင်တဲ့ ယာဉ်ပျံတွေ ပျံသန်းတာ တွေ့ရှိမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ufo

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တွေ့ရှိမှု အသစ် ၁၇၁ ကြိမ်ထဲမှာ ထူးခြားတဲ့ ပျံသန်းပုံနဲ့ ပျံသန်းစွမ်းရည် ထူးခြားတဲ့ ယာဉ်ပျံတွေလည်း ပါဝင်

အခုလို ရင်းမြစ်ရှင်းမပြနိုင်တဲ့ ယာဉ်ပျံ ပျံသန်းခြင်း တွေ့ရှိမှုတွေဟာ အထိအခိုက် မခံနိုင်တဲ့ ကန့်သတ် လေကြောင်းနယ်မြေတွေမှာ တွေ့နေရသေးတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့လည်း ဒီအစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒီလို တွေ့ရှိမှု အသစ် ၃၆၆ ကြိမ်ထဲက ၂၆ ကြိမ်ဟာ ဒရုန်းတွေသာ ဖြစ်ပြီး ၁၆၃ ကြိမ်ကတော့ မိုးပျံပူပေါင်းတွေ ဖြစ်သလို ၆ ကြိမ်ကတော့ လေထဲက အမှိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို UFO တွေ့ရှိမှု အကြိမ် တိုးလာတာဟာ ရင်းမြစ်မရှင်းပြနိုင်တဲ့ ယာဉ်ပျံတွေနဲ့ ပတ်သက်လို့ ထင်ကြေးပေး ပြောဆိုမှုတွေကို လျှော့ချဖို့နဲ့ လေကြောင်းလုံခြုံရေးကောင်းလာအောင် ကြိုးစားလာမှုတွေကြောင့်လို့ ဆိုပါတယ်။

ရင်းမြစ်မဖော်နိုင်တဲ့ တွေ့ရှိမှု အသစ် ၁၇၁ ကြိမ်ထဲမှာ ထူးခြားတဲ့ ပျံသန်းပုံနဲ့ ပျံသန်းစွမ်းရည် ထူးခြားတဲ့ ယာဉ်ပျံတွေလည်း ပါဝင်ပြီး တခြားဂြိုဟ်က လာတဲ့ ယာဉ်ပျံတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ဖော်ပြချက်တော့ မပါဝင်ပါဘူး။

ပြီးခဲ့တဲ့လကတော့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ထောက်လှမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အတွင်းဝန် ရော်နယ်လ် မော်လ်ထရီ က သူတို့အနေနဲ့ တခြားဂြိုဟ်တွေက လာရောက်တဲ့ ယာဉ်ပျံတွေ၊ ဒီယာဉ်ပျံတွေ ပျက်ကျတာမျိုးတွေနဲ့ အလားတူ ဖြစ်ရပ်တွေလို့ ပြောနိုင်တဲ့ အခြေအနေတွေတော့ အခုထိ မတွေ့ရသေးဘူးလို့ ပြောဆိုထားပါတယ်။