အမေရိကန် ကန့်သတ်လေပိုင်နက်ထဲ UFO တွေ့ရှိမှုတွေ ပန်တဂွန် လေ့လာမယ်

UFO တွေကို ရေဒီယိုလှိုင်းတွေနဲ့ ရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, UFO တွေကို ရေဒီယိုလှိုင်းတွေနဲ့ ရှာဖွေ
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုက ကန့်သတ် လေပိုင်နက်ထဲမှာ အမျိုးအမည် မသိ ယာဥ်ပျံတွေ တွေ့ရှိခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့မယ်လို့ အမေရိကန် ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီအဖွဲ့က ဒီအရာတွေက တစုံတရာ အန္တရာယ် ပေးနိုင်သလား ဆိုတာကိုပါ လေ့လာသွားမှာ ဖြစ်တယ်လို့ ပဲန်တဂွန်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက အမေရိကန် စစ်ဘက်ရဲ့ အစီရင်ခံစာထဲမှာ ဒီ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာတွေ တနည်းအားဖြင့် UFO တွေ တွေ့ရှိမှုနဲ့ ပတ်သက်တဲ့ သတင်းပို့ချက် ဒါဇင်များစွာနဲ့ ပတ်သက်လို့ အများမျှော်လင့်ထားခဲ့ကြသလို မရှင်းပြနိုင်သလို အမျိုးသား လုံခြုံရေးကိုလည်း ခြိမ်းခြောက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အခုဖွဲ့စည်းမယ့် စုံစမ်းရေး အဖွဲ့ကို ထိပ်တန်း စစ်ဘက်နဲ့ ထောက်လှမ်းရေး ခေါင်းဆောင်တွေက ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ The Airborne Object Identification and Management Synchronization Group လို့ အမည်ပေးထားပြီး အဲဒီ UFO တွေကို ခြေရာခံ၊ အမျိုးအမည်ခွဲခြား ပြီး သတ်မှတ်တာတွေ လုပ်မှာ ဖြစ်တယ်လို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ကက်သလီန်း ဟစ်ခ်စ် က ပန်တဂွန် ခေါင်းဆောင်ပိုင်းကို ပြောခဲ့ပါတယ်။

အဲဒီအဖွဲ့က ထောက်လှမ်းရေး စွမ်းရည်ပိုင်းတွေက လစ်ဟာမှုတွေ လျှော့ချတာ၊ ထောက်လှမ်းမှု အပိုင်းတွေကို သုံးသပ်လေ့လာတာနဲ့ ပြန်လှန်ထောက်လှမ်းရေး အချက်အလက်တွေကို လေ့လာပြီး ဒါနဲ့ ပတ်သက်လို့ မူဝါဒရေးရာ အကြံပေးတာတွေ လုပ်သွားမှာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဌာနက သူတို့ ဆီမှာ ဒီလို တွေ့ရှိတဲ့ အဖြစ်အပျက်တိုင်းမှာ သတင်းပို့လာတာနဲ့ အမျိုးအမည် ပြောနိုင်သည် ဖြစ်စေ၊ မပြောနိုင်သည် ဖြစ်စေ အထူးတလည် အလေးထားပြီး တခုချင်းစီကို လေ့လာ စစ်ဆေးတဲ့ အကြောင်း ပြောပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပန်တဂွန် က ကွန်ဂရက်မှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲက စိန်ခေါ်မှုတွေကိုလည်း ထပ်လောင်း ဖော်ပြထားပါတယ်။

ကောင်းကင်ယံမှာ ပုံမှန်အတိုင်း ရွေ့လျား သွားလာနေတာ မဟုတ်တဲ့ အမျိုးအမည် မသိ ပျံသန်းနေတဲ့ အရာ UFO တွေ အကြိမ်ကြိမ် တွေ့ရတယ်လို့ အမေရိကန် စစ်ဘက်က ပြောခဲ့တဲ့ နောက်မှာ ဥပဒေပြုအမတ်တွေက အစီရင်ခံစာ တင်သွင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

အစီရင်ခံစာထဲမှာ ၂၀၀၄ နောက်ပိုင်း ဒီလို UFO ဖြစ်စဉ်ပေါင်း ၁၄၄ ခု ရှိခဲ့ပြီး အဲဒီထဲမှာ တခုကိုသာ ဖြေရှင်းချက် ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပန်တဂွန်ဘက်ကတော့ ဒီ အရာတွေဟာ တခြားဂြိုဟ်တွေဆီက လာသလား ပြောနိုင်တဲ့ အထောက်အထားမျိုးတွေ သဲသဲကွဲကွဲမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကမ္ဘာ့ ပြင်ပကလာတာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ငြင်းပယ်ထားတာမျိး မရှိပါဘူး။

ဒီလို UFO ဖြစ်စဥ် တခုနဲ့ ကြုံရတိုင်းမှာ ဖြစ်နိုင်ခြေ ရှိလောက်တဲ့ အကြောင်းပြ ဖြေရှင်းချက်မျိုးတွေ ထုတ်ပြန်ပေးတာမျိုး တော့ ရှိပါတယ်။ အဲဒီအထဲမှာ တရုတ်နဲ့ ရုရှားလို့လို တခြားနိုင်ငံတွေ နည်းပညာ အဆင့်မြင့်တဲ့ အရာတွေ၊ ရေဒါနဲ့ ဖမ်းယူလို့ မတွေ့နိုင်တဲ့ ရေခဲ က တဆင့် ပုံဆောင်ခဲ အသွင်ဖြစ်တည်လာမှုတွေလို ကမ္ဘာ့လေထုထဲက သဘာဝ ဖြစ်စဥ်တွေနဲ့ အမေရိကန်ရဲ့ ထိပ်တန်း လျှို့ဝှက်ထားတဲ့ ဖန်တီး တီထွင်မှုတွေ ဖြစ်နိုင်ကြောင်း တွေပါ ပါဝင်ပါတယ်။

အဲဒီ UFO တွေ့ရှိမှု ဖြစ်စဥ်တွေထဲက တခုကိုတော့ လေလျော့နေတဲ့ မိုးပျံပူပေါင်း အကြီးစားကြီး ဖြစ်တယ်ဆိုပြီး ယုံကြည်မှု အပြည့်နဲ့ ဖြေရှင်းချက် ပေးနိုင်ခဲ့ကြပါတယ်။