ဧပြီလ ၁၀ ရက် ညပိုင်း နိုင်ငံတကာ သတင်း

ရေးသားခဲ့သည်။

ကလေးကို နမ်းတဲ့ ဗီဒီယိုပေါ်လာခဲ့ပြီး ဒလိုင်းလာမားက တောင်းပန်

Dalai Lama

ဓာတ်ပုံ ရင်းမြစ်, Getty Images

တိဘက် ဘုန်းတော်ကြီး ဒလိုင်းလာမားက ကလေးငယ် ယောက်ျားလေး တယောက် ကို နမ်းပြီးနှုတ်ဆက်ရင်း လျှာလည်းထုတ်ပြကာ ငါ့လျှာကို စုပ်မလားလို့ မေးနေတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ဘုန်းတော်ကြီးက တောင်းပန်လိုက်ပါတယ်။

သူ့ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကလေးနဲ့ သူ့ မိသားစု ကို တောင်းပန်ထားပြီး ဘုန်းတော်ကြီး ဒလိုင်းလာမားက ကလေးကို ရိုးရိုးသားသား စနောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါလို့ ပြောပါတယ်။

ကလေးရဲ့ နှုတ်ခမ်းကိုလည်း နမ်းတဲ့ အဲဒီ ဗီဒီယိုဟာ တနင်္ဂနွေနေ့က လူမှုမီဒီယာမှာ ခပ်မြန်မြန် ပျံ့နှံ့ခဲ့ပါတယ်။

အသက် ၈၇ နှစ်အရွယ် ဘုန်းတော်ကြီးရဲ့ ဒီအပြုအမူအပေါ် လူအများက ဒေါသထွက် ခဲ့ကြပြီး တချို့ကလည်း တိဘက်မှာ နှုတ်ဆက်တဲ့ ထုံးစံတခုက လျှာထုတ်ပြပြီး နှုတ်ဆက်တာလို့ ရှင်းနေကြပါတယ်။

ဘေလာရုစ်ကို အကာအကွယ်ပေးဖို့ ရုရှားကို ပြော

Belurus

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘေလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှင်ကိုက သူတို့ နိုင်ငံ အတိုက်ခိုက်ခံရရင် ရုရှားအနေနဲ့ သူ့ ပိုင်နက်နယ်မြေလိုမျိုး သဘောထားပြီး သူတို့နိုင်ငံကို အကာအကွယ် ပေးပါလို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေ ရှိုင်ဂုကို မင့်စ်မြို့မှာ တွေ့ဆုံဆွေးနွေး စဉ်မှာ ပြောလိုက်ပါတယ်။

ရုရှားဆီက အဲဒီလို ကတိမျိုး သမ္မတ ပူတင်နဲ့ မကြာခင်က ဆွေးနွေးပွဲတစ်ခုအတွင်းမှာ ရခဲ့တယ်လို့ မစ္စတာ လူကာရှင်ကိုက ပြောပါတယ်။

မစ္စတာပူတင်က ဘေလာရုစ် နယ်မြေပိုင်နက်အတွင်းမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ တပ်ဆင်မယ့်အစီအစဉ်ကို ပြီးခဲ့တဲ့လအတွင်းက ကြေညာခဲ့ပါတယ်။

တကယ်လို့သာ အဲဒီ အစီအစဉ်အတိုင်းဖြစ်လာမယ်ဆိုရင် ကာလအတော်ကြာ အတွင်း ရုရှားက ဒီလို နျူကလီးယားလက်နက်တွေကို နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် တပ်ဆင်ပေးတာ ဖြစ်ပါတယ်။

တရုတ် လှုပ်ရှားတက်ကြွသူ ရှေ့နေ ၂ ယောက် ထောင်ဒဏ် နှစ်ရှည် ကျခံရ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်အစိုးရ ရဲ့ ပွင့်လင်းမြင်သာမှုကို တောင်းဆိုပြီး နိုင်ငံသား အခွင့်အရေးတွေ အတွက် ဆောင်ရွက်နေတဲ့ နာမည်ကျော် လှုပ်ရှားတက်ကြွသူ ရှေ့နေ ၂ ယောက် ထောင်ဒဏ် ၁၂ နှစ်ကနေ ၁၄ နှစ် အထိ ချမှတ်ခံရပါတယ်။

လူ့အခွင့်အရေးရှေ့နေ ရှု ဇီယွန်နဲ့ နိုင်ငံသားအခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒင် ကျားရှီတို့ဟာ နိုင်ငံကို ဖျက်ဆီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး အများပြည်သူ တက်ရောက်ခွင့်မရတဲ့ တရားရုံးမှာ တရားရင်ဆိုင်နေခဲ့ရတာပါ။

နိုင်ငံသားသစ် လှုပ်ရှားမှုကို သူတို့ ၂ ယောက်က စတင် တည်ထောင်လှုပ်ရှားခဲ့ပြီး အဓိကအားဖြင့် အစိုးရ အရာရှိတွေရဲ့ ပိုင်ဆိုင်မှု ဓနတွေကို အများပြည်သူသိအောင် ဖွင့်ထုတ်ကြေညာဖို့၊ တရုတ်နိုင်ငံထဲ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ ကလေးတွေ အနေနဲ့ ပညာရေးအခွင့်အလမ်း ညီတူခံစားနိုင်ခွင့်ရဖို့ စတာတွေကို တောင်းဆိုခဲ့ကြ ပါတယ်။

သူတို့ ၂ ယောက်စလုံးက သူတို့ အကျဉ်းထောင်အတွင်း နှိပ်စက်ညှင်းပန်းခံခဲ့ရတယ် လို့ ပြောပါတယ်။