နိုဝင်ဘာ ၂၉ ရက် ထိပ်တန်းသတင်းများ - ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ် ကို စစ်ကောင်စီက နှစ်ရှည် ထောင်ဒဏ်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကို နိုဝင်ဘာ ၂၉ ရက်က စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။
ဦးရဲထွဋ်ကို အစိုးရကိုအကြည်ညိုပျက်အောင်လုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄- က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို သမ္မတပြောရေးဆိုခွင့်ရှိသူလည်းဖြစ်ခဲ့တဲ့ ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၇ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ်ကို ဖမ်းဆီးတဲ့နေ့ကနေ အမိန့်ချမှတ်တဲ့နေ့အထိ မိသားစုနဲ့ လုံးဝတွေ့ခွင့်မပေးဘဲ ထောင်ဝင်စာရိက္ခာသာပေးပို့ရတယ်လို့ နီးစပ်သူကပြောပါတယ်။
ဝန်ကြီးဟောင်း ဦးရဲထွဋ်ဟာ တာဝန်တွေက အနားယူပြီးနောက် နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးအဖြစ် သုံးသပ်ချက်တွေပြောဆိုလေ့ရှိသလို ဆောင်းပါးတွေနဲ့ စာအုပ်တွေလည်း ရေးသားနေသူတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က တပ်ဖွဲ့ဂုဏ်သိက္ခာ ထိခိုက်သွားရတာကို အသက်နဲ့ လဲ ပြီး တာဝန်ယူသွားခဲ့တဲ့ ဦးစီးချုပ်တစ်ယောက်အကြောင်းဆိုပြီး အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါအကြောင်း ၂၀၁၉ ခုနှစ်က ကိုယ်တိုင်ရေးဆောင်းပါးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေထားခဲ့ပါတယ်။
အခုလက်ရှိ ဦးရဲထွဋ် တရားစွဲဆိုခံရတဲ့ ပုဒ်မ ၅၀၅- က ဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေ အများဆုံး တရားစွဲဆိုခံရတဲ့ပုဒ်မဖြစ်ပါတယ်။
တပ်မတော်သားတွေနဲ့ အစိုးရဝန်ထမ်းတွေကို တာဝန်ဝတ္တရားပျက်ကွက်အောင် လှုံ့ဆော်တယ်လို့ ယူဆခံရတဲ့အခါ တရားစွဲဆိုနိုင်တဲ့ပုဒ်မအဖြစ် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။
လောက်ကိုင်မှာ ပစ်ခတ်သံတွေကြားနေရ

ဓာတ်ပုံ ရင်းမြစ်, The Kokang
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းမြောက်က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လောက်ကိုင်မြို့ထဲက တုံချိန်အရပ်မှာ ဒီနေ့ နေ့လည်ပိုင်းကစလို့ ပစ်ခတ်ခံတွေကျယ်ကျယ်လောင်လောင်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ရုပ်သံတွေမှာလည်း လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်သံတွေကို ကြားနေရပါတယ်။
လောက်ကိုင်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မှာဖြစ်လို့ လောက်ကိုင်မြို့ထဲက တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ထွက်ပြေးတိမ်းရှောင်ကြဖို့ ၁၀၂၇ စစ်ဆင်ရေးမှာပါဝင်နေတဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ထဲက ကိုးကန့်တပ်(MNDAA)က ကြေညာချက်ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ အခုလို ပစ်ခတ်သံတွေ ကြားနေရတာပါ။
လောက်ကိုင်ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီလားဆိုတာ ကွဲကွဲပြားပြားသိရအောင် ကိုးကန့်တပ် ပြောခွင့်ရသူ လီကျားဝင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုးကန့်အထူးဒေသ ၁ ဟာ ကိုးကန့်လူမျိုးတွေလက်ထဲရောက်ဖို့ လက်တစ်လှမ်းအလိုကို ရောက်နေပြီး ကိုးကန့်လူမျိုးတွေနဲ့ အိမ်ပြန်တိုက်ပွဲဖြစ်လာမယ့် '' လောက်ကိုင်မြို့သိမ်း''တိုက်ပွဲလည်း မကြာမီ စတင်မယ်လို့ ကိုးကန့်တပ်က ၁၀၂၇ စစ်ဆင်ရေး စစ်ဆင်ရေး ၁ လပြည့်တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ပြောပါတယ်။
ကလေးမြို့နယ်မှာ ရဲနဲ့စစ်သား ၁၇ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ရန်ကြီးအောင်ရဲစခန်းကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူချိန် ရဲနဲ့စစ်သား ၁၇ ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဘီဘီစီက သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေဟာ ရန်ကြီးအောင်ရဲစခန်းကို နိုဝင်ဘာ ၂၃ ရက်မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း မနေ့က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ရာမှာပါဝင်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG)ဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဟာ ရဲစခန်းထဲကနေ အနီးနားက လယ်ကွင်းတွေထဲ ထွက်ပြေးတာကြောင့် PDF တွေဘက်က လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး၊ ကလေး PDF ဘက်က ၁ ဦး သေဆုံးသွားတယ်လို့ NUG ကပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဖမ်းမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ကလေးခရိုင် PDF က ဆက်ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိတော့ ပူးပေါင်းတပ်ဖွဲ့တွေဟာ စခန်းသိမ်းပြီးတည်းက ဒီကနေ့အထိ ရန်ကြီးအောင်ရဲစခန်းကို ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။
စခန်းသိမ်းခံရတဲ့နေ့က စစ်တပ်က လေကြောင်းကနေ ၆ ကြိမ်လောက်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်းတော့ လက်နက်ကြီးနဲ့ပစ်တာရော လေကြောင်းကနေ တိုက်ခိုက်တာရော မရှိတော့ဘူးလို့ ကလေးမြို့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ နေရပ်စွန့်ခွာတာမျိုးမရှိပေမယ့် မြေပြင်အခြေအနေသိရှိသူတစ်ဦးရဲ့ အပြောအရ ကာကွယ်ရေးအဖွဲ့တွေကနေ ကလေးမြို့တောင်ပိုင်းမှာရှိတဲ့ ဒေသခံတွေအားလုံးကို ဒီဇင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ဖို့ တိုက်တွန်းနေတယ်လို့ ဘီဘီစီကိုပြောပါတယ်။
တန့်ဆည်မြို့ပေါ်မှာ PDF နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, People's Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို တန့်ဆည်အခြေစိုက်ပြည့်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပြပါတယ်။
တိုက်ပွဲဟာ မနေ့ညတည်းက ပြင်းထန်ဖြစ်ပွားနေတာလို့ သိရပါတယ်။
“မနေ့ည ၁၁ ခွဲတည်းက တိုက်နေတာ အခုထိတော့ မပြီးသေးဘူး။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ပြီး လေယာဥ်နဲ့လည်း ဗုံးကြဲတာတွေရှိတယ်” လို့ သူက ဒေသခံတစ်ဦးက ပြောပါတယ်။
တန့်ဆည်မြို့မရဲစခန်းမှာ စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားပြီး တန့်ဆည်တစ်မြို့လုံးကို ထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့စခန်းတစ်ခုဖြစ်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောကြပါတယ်။
ဒါကြောင့် နှစ်ဘက်လုံးက အဲဒီစခန်းသိမ်းနိုင်ရေးနဲ့ ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲဖော်ဆောင်နေတာဖြစ်တယ်လို့လည်း စစ်ရေးသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
ဒေသခံတွေရဲ့အပြောအရ စစ်တပ်က တိုက်လေယာဥ်နဲ့ရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တန့်ဆည်မြို့ခံတွေအတော်များများ မြို့ပြင်ဘက်ကို ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသတွင်း သတင်းတွေမှာတော့ တန့်ဆည်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီလို့ သတင်းတွေ ဖော်ပြနေပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရွှေပြည်အေးမြို့မှာ ဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, NUG
ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့မှာ PDFတွေနဲ့ စစ်တပ်တို့ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
PDF တွေက ရွေပြည်အေးမြို့ စစ်ကောင်စီစခန်းကို နိုဝင်ဘာလ ၂၂ ရက်မှာသိမ်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးနဲ့ လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ NUG ဘက်က သတင်းထုတ်ပြန်ထားတာပါ။
ဒေသခံတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းချက်အရတော့ မနေ့ညပိုင်းအထိ တိုက်ပွဲတွေဖြစ်နေဆဲလို့ ပြောပါတယ်။
“မနေ့ည ၇ နာရီလောက်က ဟုမ္မလင်းမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ တစ်ချိန်တည်းမှာပဲ နောင်ဆန်းကျင်ရွာဘေး ဇီးပင်သာရွာမှာ တိုက်ပွဲဖြစ်တယ်။ နောက်တော့ စစ်ကောင်စီဘက်က ပြန်ဆုတ်သွားတယ်လို့” မြေပြင်အခြေအနေသိရှိတဲ့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဇီးပင်သာရွာမှာတော့ ရှမ်းနီတပ် (SNA) တွေနဲ့စစ်ကောင်စီတပ်တို့က တပ်စွဲထားတာဖြစ်ပြီး PDF တွေဘက်က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။
ရွေပြည်အေးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် မြို့ခံတွေက ဟုမ္မလင်းမြို့ပေါ်ဘက်ကို စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ရွှေပြည်အေးဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်လာတာမရှိသေးပါဘူး။
ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ကနေ မြစ်ကြောင်းအတိုင်း စုန်လာရင် ၂၅ မိုင်ခန့်အကွာမှာ ရွှေပြည်အေးမြို့ကို ရောက်ပါတယ်။
ရွှေပြည်အေးမြို့ဟာ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့ကြား ချင်းတွင်းမြစ်ဘေးမှာတည်ရှိတဲ့ မြို့ဖြစ်ပါတယ်။
ဒီမြို့မှာ သစ်ပါးလွှာထုတ်စက်ရုံတွေ ရှိပြီးတော့ ပြည်တွင်းသစ်တင်မော်တော်တွေ အကပ်များတဲ့ဆိပ်ကမ်းလည်းရှိပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ရွေပြည်အေးမှာ စစ်တပ်နဲ့ PDF တို့ကြား ပြင်းထန်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ရှမ်းမြောက်ကနေ နိုင်ငံသား ၁၃၀ နီးပါးကို ပြန်ကယ်ထားတယ်လို့ မလေးရှားပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီရောက်နေတဲ့ မလေးရှားနိုင်ငံသား ၁၃၀ နီးပါးကို ပြန်ကယ်ထားပြီးပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောလိုက်ပါတယ်။
ကနဦးမှာ မလေးရှားနိုင်ငံသား ၂၀ ကျော်ပဲရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာတင် ကယ်တင်ထားတဲ့သူ စုစုပေါင်း ၁၂၇ ဦးရှိလာတယ်လို့ ဝန်ကြီးက ပြောတဲ့အကြောင်း မလေးရှားသတင်းတွေမှာဖော်ပြပါတယ်။
အခုတော့ ကယ်တင်ထားတဲ့ဒီလူတွေကို ဒီနေ့မှာ မလေးရှားကို ပြန်ခေါ်ဖို့ရှိတယ်လို့လည်း ဝန်ကြီးက ပြောထားပါတယ်။
ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက တရုတ်အပါအဝင် ထိုင်း၊ ထိုင်ဝမ်နဲ့ ဖီလစ်ပိုင်တို့ဟာ လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေသူတွေကို ပြန်လည်ကယ်ထုတ်နေတာဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်တွေကတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်တွေထဲမှာ ကျားဖြန့်လို့ ခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့လည်း ပါဝင်တယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြန်မာဘက်ကနေ တရုတ်ဘက်ကိုလွှဲပြောင်းထားတဲ့ လူပေါင်း သုံးသောင်းကျော်အထိရှိတယ်လို့ တရုတ်ပြည်ထဲရေးဌာန သတင်းထုတ်ပြန်ထားပါတယ်။
ဒီလူတွေဟာ မြန်မာစစ်ကောင်စီအပါအဝင် ‘‘ဝ’’နဲ့ မိုင်းလား ဒေသတွေကလည်း သူတို့နယ်တွေမှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ဆက်စပ်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်းခဲ့သူတွေလည်း ပါဝင်တယ်လို့ ဘီဘီစီက နားလည်ရပါတယ်။
မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံကလည်း လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာရောက်နေတဲ့ ထိုင်းနိုင်ငံသား ၄၀ ကျော်ကို မြန်မာစစ်ကောင်စီက မြန်မာ-ထိုင်း နယ်စပ်ကနေ ထိုင်းအာဏာပိုင်တွေကို လွှဲပေးထားတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောထားပါတယ်။
ဒါ့အပြင် လုံခြုံရေးကြောင့် လောက်ကိုင်ဘက်ခြမ်းကနေ တရုတ်ဘက်ခြမ်းကို လွှဲပြောင်းပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့တစ်ပတ်မှာ ကယ်ဆယ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။








