အမေရိကန် - အီရန် နားလည်မှုစာချွန်လွှာပါ အချက်များ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

အမေရိကန်နဲ့ အီရန် စစ်ပွဲ အဆုံးသတ်ရေး သဘောတူချက်ပါ အချက်အပြည့်အစုံကို အမေရိကန်ဘက်က ထုတ်ပြန်လိုက်ပါတယ်။

နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MOU) လို့ သိကြတဲ့ ဒီသဘောတူချက်ပါ အချက်တွေကို အမေရိကန် ထိပ်တန်းတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ဘီဘီစီ အပါအဝင် မီဒီယာတွေကို ဖတ်ပြခဲ့ပါတယ်။

အဲဒီထဲမှာ လာမယ့် ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် သဘောတူချက်တစ်ခု ရရေး နောက်ထပ် ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ နှစ်ဖက်စလုံးက ကတိပြုခဲ့ချက်တစ်ခုပါဝင်သလို ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ အီရန်အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးရေးတို့လည်း ပါဝင်ပါတယ်။

ဒီသဘောတူချက်ပါ အချက် ၁၄ ချက်ကို ကြည့်ကြရအောင်ပါ။

အချက် ၁ -ဒီနားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စု၊ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံနဲ့ လက်ရှိစစ်ပွဲမှာ ပါဝင်တဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ လက်ဘနွန် အပါအဝင် ရှေ့တန်းစစ်မျက်နှာပြင်အားလုံးမှာ စစ်ဆင်တိုက်ခိုက်နေမှုတွေကို ချက်ချင်းနဲ့ ရာသက်ပန် အဆုံးသတ်ကြောင်းနဲ့ ခုချိန်ကစလို့ အချင်းချင်းအကြား စစ်ပွဲ ဒါမှမဟုတ် စစ်ရေးတိုက်ခိုက်မှုတွေ မလုပ်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက် ခြိမ်းခြောက်တာမျိုး အင်အားသုံးတာမျိုးကနေ ရှောင်ကြဉ်ဖို့၊ လက်ဘနွန်နိုင်ငံရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အာမခံဖို့ စတဲ့အချက်တွေကို ကတိပြုတာဝန်ခံကြောင်း ထုတ်ဖော်ကြေညာအပ်ပါတယ်။ အပြီးသတ်သဘောတူချက်ထဲမှာ လက်ဘနွန် အပါအဝင် စစ်မြေပြင်အားလုံးမှာ စစ်ပွဲတွေ ရာသက်ပန် ရပ်တန့်ရေးနဲ့ ဒီစာပိုဒ်ပါ တခြားစည်းမျဉ်းတွေကို အတည်ပြုမှာ ဖြစ်ပါတယ်။

အချက် ၂ - အမေရိကန်ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံအကြား အချုပ်အခြာ အာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို အချင်းချင်းလေးစားလိုက်နာကြဖို့နဲ့တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်တာမျိုးကို ရှောင်ကြဉ်ကြဖို့ တာဝန်ခံ ကတိပြုပါတယ်။

အချက် ၃ - အမေရိကန်ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ံငံတို့အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် သဘောတူချက် ရနိုင်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ ကတိပြုပြီး နှစ်ဖက် သဘောတူမှုနဲ့ ရက်ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

အချက် ၄ - ဒီနားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးပြီးပြီးချင်း အမေရိကန် ပြည်ထောင်စုက သူတို့ရဲ့ ရေကြောင်း ပိတ်ဆို့ထားမှု၊ အီရန် အစ္စလာမ္မစ်သမ္မတ နိုင်ငံအပေါ် နှောင့်ယှက် ဟန့်တားထားမှု မှန်သမျှကို စတင် ဖယ်ရှားပေးမှာ ဖြစ်ပြီး ရေကြောင်း ပိတ်ဆို့ထားမှုတွေကို ရက်ပေါင်း ၃၀ အတွင်း လုံးဝ အဆုံးသတ်ပေးမှာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း ရေကြောင်း အသွားအလာတွေကို စစ်မဖြစ်ခင်က ရေကြောင်းအသွားအလာ အချိုးအစားအတိုင်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက ပြန်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ အပြီးသတ် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတာနဲ့ အမေရိကန် ပြည်ထောင်စုဘက်က ရက်ပေါင်း ၃၀ အတွင်း အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ အနီးတဝိုက်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေကို ဖယ်ရှားပေးဖို့ကိုလည်း နောက်ထပ် တာဝန်ခံကတိပြုပါတယ်။

အချက် ၅ - ဒီနားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက ပါရှန်ပင်လယ်ကွေ့ကနေ အိုမန်ပင်လယ် အသွားအပြန် စီးပွားရေး ကုန်တင်သင်္ဘောတွေကို ဘေးကင်းလုံခြုံစွာ ရက်ပေါင်း ၆၀ အခမဲ့ သွားလာနိုင်ဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး ကုန်တင်သင်္ဘောတွေ သွားလာမှုကို ချက်ချင်း စတင်မှာဖြစ်ပြီး အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက နည်းဗျူဟာနဲ့ စစ်ရေး အတားအဆီးတွေ ဖယ်ရှားရေးနဲ့ မိုင်းရှင်းလင်းရေးတွေ လုပ်ရေးကို ရက်ပေါင်း ၃၀ အတွင်း စဉ်းစားသုံးသပ်မှာ ဖြစ်ပါတယ်။ ဟော်မုဇ် ရေလက်ကြားကမ်းရိုးတန်း နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်ဆိုင်ရာ သက်ဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့အညီ တခြားပါရှန်ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ ဆွေးနွေးပြောဆိုရာမှာ ဟော်မုဇ် ရေလက်ကြားထဲမှာ နောင်အနာဂတ် အုပ်ချုပ်မှု၊ ရေကြောင်းဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံအနေနဲ့ အိုမန်နိုင်ငံနဲ့ ဆက်သွယ်ပြောဆိုမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။

အချက် ၆ - အမေရိကန် ပြည်ထောင်စုက အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ (ပေါင် ၂၂၅ ဘီလျံ) ပါဝင်တဲ့ တိကျပြီး အပြန်အလှန်သဘောတူတဲ့ အစီအစဉ်တစ်ခုကို ရေးဆွဲဖို့ ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့အတူ ကတိပြုပါတယ်။ ဒီအစီအစဉ် အကောင်အထည်ဖော်ရေး ယန္တရားကို အပြီးသတ်သဘောတူချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရက်ပေါင်း ၆၀ အတွင်း အပြီးသတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေအတွက် လိုအပ်တဲ့ လိုင်စင်တွေ၊ ကင်းလွတ်ခွင့်တွေ၊ ခွင့်ပြုချက်တွေအားလုံးကို အမေရိကန်ပြည်ထောင်စုက ခွင့်ပြုမှာ ဖြစ်ပါတယ်။

အချက် ၇ - နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ အမေရိကန်ရဲ့ တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုတွေအားလုံးနဲ့အတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ပြဋ္ဌာန်းချက်တွေ အပါအ၀င် အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အမျိုးအစားအားလုံးကို သဘောတူထားတဲ့ အချိန်ဇယားအတိုင်း ရပ််ဆိုင်းပေးဖို့ အမေရိကန်ပြည်ထောင်စုက ကတိပြုပါတယ်။ အပြီးသတ် သဘောတူချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့အနေနဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြုထားကြပြီး အပြန်အလှန် သဘောတူမှု ရရှိနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုတွေမှာ ဒီကိစ္စတွေကို ချက်ချင်းဖြေရှင်းဖို့ ရည်ရွယ်ထားကြကြောင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။

အချက် ၈ - အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက နျူကလီးယားလက်နက် ရယူတာ ဒါမှမဟုတ် ထုတ်လုပ်တာမျိုး မလုပ်ပါဘူး ဆိုတာကို ထပ်လောင်းအတည်ပြုပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံတို့က စုဆောင်းထားတဲ့ ယူရေနီယမ် သန့်စင်ပစ္စည်းတွေ စွန့်ပစ်ရေးကိစ္စ ဖြေရှင်းဖို့ သဘောတူထားကြပြီး အပိုဒ် ( ၇ )မှာ ထည့်သွင်းထားတဲ့ အချိန်ဇယားနဲ့အညီ အပြန်အလှန် သဘောတူမယ့် ယန္တရားတစ်ခုအရ အနည်းဆုံးလိုအပ်ချက် နည်းလမ်းနဲ့ စွန့်ပစ်မှာ ဖြစ်ပါတယ်။ IAEA ရဲ့ ကြီးကြပ်မှုအောက်မှာ ရောနှောပါဝင်ရမှာ ဖြစ်ပါတယ်။ အပြီးသတ် သဘောတူချက်မှာ သဘောတူမယ့် ကျေနပ်လောက်တဲ့ မူဘောင်တစ်ခုကို အခြေခံပြီး နှစ်ဖက်စလုံးအနေနဲ့ ယူရေနီယမ် သန့်စင်မှုကိစ္စအကြောင်းကိုရော၊ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ နျူကလီးယား လိုအပ်မှုနဲ့ ဆက်နွှယ်နေတဲ့ အပြန်အလှန် သဘောတူထားတဲ့ တခြား ကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အပြီးသတ် သဘောတူချက်က ဒီအပိုဒ်ပါ စည်းမျဉ်းတွေကို အတည်ပြုမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံတို့က အထက်က ဖော်ပြခဲ့တဲ့ နျူကလီးယား ကိစ္စတွေရဲ့ အရေးပါပုံကို အသိအမှတ်ပြုခဲ့ကြပြီး ဒီကိစ္စအပေါ် နှစ်ဖက် သဘောတူချက်ရရေး ဆွေးနွေးပြောဆိုမှုတွေမှာ အမြန်ဆုံးဆွေးနွေး ဖြေရှင်းကြဖို့ သူတို့ ရည်ရွယ်ထားကြကြောင်း ထုတ်ဖော်ပြောခဲ့ကြပါတယ်။

အချက် ၉ - အပြီးသတ်သဘောတူချက် မရခင် အမေရိကန် ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံတို့အနေနဲ့ ပိုနေမြဲ ကျားနေမြဲ အခြေအနေအတိုင်း ဆက်နေသွားကြဖို့ သဘောတူပါတယ်။ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံက သူတို့ရဲ့ နျူကလီးယား စီမံကိန်းကို လက်ရှိအနေအထားအတိုင်း ဆက်ထားထားမှာ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုဘက်ကလည်း နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်မှာ မဟုတ်ဘဲ ဒေသတွင်းမှာ နောက်ထပ် တပ်ဖွဲ့တွေ ချမှာမဟုတ်ပါဘူး။

အချက် ၁၀ - နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးပြီးချင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးချိန်အထိ အမေရိကန် ဘဏ္ဍာရေးဌာနက အီရန် ရေနံစိမ်း၊ ဓာတ်ဆီထုတ်ကုန်တွေနဲ့ တခြားကုန်ပစ္စည်းတွေ တင်ပို့မှု၊ ဘဏ်လုပ်ငန်း၊ ငွေပေးငွေယူတွေ၊ အာမခံတွေ၊ သယ်ယူပို့ဆောင်ရေးစသဖြင့် အပါအဝင် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းအားလုံးအပေါ် ကင်းလွတ်ခွင့်တွေ ထုတ်ပြန်ပေးပါ့မယ်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကတိပြုပါတယ်။

အချက် ၁၁ - ဒီနားလည်မှု စာချွန်လွှာကို အကောင်အထည်ဖော်ရာမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ထိန်းချုပ်ကန့်သတ်ထားတဲ့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုတွေကို အပြည့်အဝ ပြန်လည် ထုတ်ယူအသုံးပြုခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက ကတိပြုထားပြီး ဒီငွေကြေးတွေကို ပြန်လည် ထုတ်ယူမှုနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ် အမေရိကန် ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံတို့အနေနဲ့ အပြန်အလှန် သဘောတူမှု ရယူကြမှာ ဖြစ်ပါတယ်။ စေ့စပ်ညှိနှိုင်းနေချိန်အတွင်း မူလဘဏ်အကောင့်ဖြစ်ဖြစ် ဒါမှမဟုတ် ငွေလွှဲပြောင်းမှုဖြစ်ဖြစ်ကနေ ဆိုင်းငံ့ သိမ်းဆည်းခံထားရတဲ့ ဒီငွေကြေးတွေကို ဗဟိုဘဏ်နဲ့ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နောက်ဆုံး အကျိုးခံစားခွင့်ရှိသူ ဘယ်သူ့ထံမဆို လွှဲပြောင်းပေးအပ်ရာမှာ အပြည့်အဝ အသုံးပြုနိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ လိုင်စင်တွေနဲ့ ခွင့်ပြုချက်တွေအားလုံးကို လျော်ညီစွာ ထုတ်ပြန်ပေးဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကတိပြုပါတယ်။

အချက် ၁၂ - အမေရိကန် ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံတို့အနေနဲ့ ဒီနားလည်မှုစာချွန်လွှာကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရေးနဲ့ အပြီးသတ် သဘောတူချက်ကို နောင်အနာဂတ်မှာ လိုက်နာရေးတွေအပေါ် မပြတ်စောင့်ကြည့်ဖို့ အုပ်ချုပ်ရေးယန္တရားတစ်ခု ဖွဲ့ကို သဘောတူခဲ့ကြပါတယ်။

အချက် ၁၃ - နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပြီးတဲ့အခါ ဒီနားလည်မှု စာချွန်လွှာပါ စာပိုဒ် ၁၊ ၄၊ ၁၀ နဲ့ ၁၁ တို့ကို စတင် အကောင်အထည်ဖော်ဖို့ ရှိပြီး ဒီဆောင်ရွက်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံတို့အနေနဲ့ အပြီးသတ် သဘောတူချက်နဲ့ ပတ်သက်လို့ သီးသန့် ညှိနှိုင်းဆွေးနွေးမှုတွေ စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အချက် ၁၄ - အပြီးသတ် သဘောတူချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ရဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ပြဋ္ဌာန်းချက်တစ်ခုအောက်မှာ အတည်ပြုရမှာ ဖြစ်ပါတယ်။