ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထောက်ခံသူတွေနဲ့ ရဲတွေ အပြန်အလှန် တိုက်ခိုက် - မတ်လ ၁၈ ရက် ညနေခင်း ထိပ်တန်း သတင်းများ

ရဲတွေက ဖမ်းဆီးမှုတွေ လုပ်ဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရဲတွေက ဖမ်းဆီးမှုတွေ လုပ်ဆောင်
ရေးသားခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းဟာ တရား ရင်ဆိုင်ဖို့ အတွက် မော်တော်ယာဉ်တန်း နဲ့ အစ္စလမ်မားဘတ်ကို လာရောက်ခဲ့ရာမှာ သူ့ကို ထောက်ခံသူတွေနဲ့ ရဲတွေအကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

မစ္စတာခန်းကို ထောက်ခံသူတွေက ကျောက်တုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အတွက် မျက်ရည်ယိုဗုံးတွေ ဖောက်ခွဲခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

အီမရန်ခန်းဟာ ဝန်ကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်စဉ်တုန်းက နိုင်ငံတော်အတွက်ပေးတဲ့ လက်ဆောင်တွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာဖြစ်ပါတယ်။ ဒီစွပ်စွဲမှုတွေကိုတော့ မစ္စတာ ခန်းက ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေး လုပ်ကြံမှုတွေသာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်။

သူနေထိုင်ရာ လာဟိုး မြို့ကနေ အစ္စလာမ်မားဘတ်မြို့ကို တရားရင်ဆိုင်ဖို့ ထွက်ခွာလာစဉ်မှာ ရဲတွေက သူ့ရဲ့အိမ်ကို ဝင်ရောက်ခဲ့ပြီး မစ္စတာခန်းကို ထောက်ခံတဲ့လူတွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ဂျုံတင်ပို့မှု သဘောတူညီချက်

နိုင်ငံအရှေ့ပိုင်းမှာ တိုက်ပွဲ ပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံအရှေ့ပိုင်းမှာ တိုက်ပွဲ ပြင်းထန်

ယူကရိန်းနိုင်ငံကထွက်ရှိတဲ့ ဂျုံစေ့ကို ပင်လယ်နက်ဆိပ်ကမ်း ကနေ တင်ပို့ခွင့်ရရေးအတွက် နောက်ထပ် သဘောတူညီမှု တွေရဖို့ ထပ်မံလုပ်ဆောင်သွားမယ်ဆိုပြီး တူရကီ နိုင်ငံက ပြောကြားလာပါတယ်။

အရင်က ကုလသမဂ္ဂနဲ့ တူရကီတို့ကြားက သဘောတူညီမှုဟာ ဒီကနေ့ည သန်းခေါင်ယံမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပင်လယ်နက် ဆိပ်ကမ်း အသုံးပြုခွင့်နဲ့ ပတ်သက်လို့ ယူကရိန်းနဲ့ ရုရှားကြားမှာ နောက်ထပ် သဘောတူညီ ထားတာတော့ မရှိသေးပါဘူး။

အရင်တုန်းကတော့ ရုရှားဘက်က ၂လတာ ပင်လယ်နက် ဆိပ်ကမ်း အသုံးပြုခွင့်ပေးထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ တူရကီတို့က ၄ လ အသုံးပြုခွင့်ပေးဖို့ တောင်းဆို ထားတာပါ။

ရုရှားက ယူကရိန်းရဲ့ ဂျုံတင်ပို့မှုကို ပိတ်ဆို့ထားတဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်မှာကို စိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လက တူရကီနဲ့ ကုလသမဂ္ဂတို့က ဝင်ရောက်ညှိနှိုင်းပေးပြီး သဘောတူညီမှု ရရှိထားတာလည်းဖြစ်ပါတယ်။

တခါ စစ်ပွဲ သတင်းကို ကြည့်မယ် ဆိုရင်တော့ ရုရှားဘက်က ညလုံးပေါက် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ယူကရိန်းတို့ဘက်က ပြောကြား လာပါတယ်။

နိုင်ငံ အရှေ့ပိုင်းက နိုဗိုမိုကိုဗက်စ် မြို့ကို တိုက်ခိုက်လာတဲ့ ဒရုန်းတွေ အတော်များများ ကို ပစ်ချ နိုင်ခဲ့ပေမဲ့ အရေးပါတဲ့ အခြေခံ အဆောက်အအုံ ၂ ခုက တော့ ဒရုန်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ယူကရိန်း မြို့တော် ကိယဗ် ကိုလည်း ရုရှားတို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး နိုင်ငံ အရှေ့ဘက်ခြမ်းမှာလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်နေကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားနေပါတယ်။

ဂျပန်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု

ဂျပန်နဲ့ ဂျာမနီ ဝန်ကြီးချုပ် ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်နဲ့ ဂျာမနီ ဝန်ကြီးချုပ် ဆွေးနွေး

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး နဲ့ စွမ်းအင် ထောက်ပံ့မှုတွေမှာ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ဂျာမနီနဲ့ ဂျပန်တို့အကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

တိုကျိုမြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါး နဲ့ ဂျာမနီ ဝန်ကြီးချုပ် အိုလဗ် ရှိုးတို့ တက်ရောက်ခဲ့ကြပြီး ယူကရိန်း စစ်ပွဲ အမြန်ဆုံး အဆုံးသတ် ရေးကိုလည်း တောင်းဆိုသွားခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ်ဟာ အစိုးရ အဖွဲ့ ဝန်ကြီး၆ယောက်နဲ့ အတူ ဂျပန်နိုင်ငံကို သွားရောက်ပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရရှိဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယား လူငယ် ၈ သိန်း စစ်မှုထမ်းဖို့ရှိ

မြောက်ကိုရီးယား စစ်တပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား စစ်တပ်

တောင်ကိုရီးယား၊ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ တင်းမာမှုတွေကြောင့် လူငယ် ၈သိန်းကျော် စစ်မှုထမ်းဖို့ စာရင်းပေးခဲ့တယ်လို့ မြောက်ကိုရီးယား ဘက်က ထုတ်ဖော်ပြောကြားလာပါတယ်။

ဒီများပြားတဲ့ စစ်မှုထမ်းမယ့်လူအရေအတွက်နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် တပ်တွေနဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု တွေကြောင့် မြောက်ကိုရီးယားဘက်က စိတ်ဆိုးဒေါသထွက်နေတာ သေချာတယ်လို့ ဆိုးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စစ်ပွဲ လိုလားသူတွေကို သုတ်သင်ဖို့အတွက် မြောက်ကိုရီးယား လူငယ်တွေဟာ စေတနာ့ဝန်ထမ်း စစ်မှုထမ်းဖို့ စာရင်းပေးခဲ့တာ ဆိုပြီး နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်ပြန်ကြေညာသွားခဲ့တာပါ။

မြောက်ကိုရီးယား လက်နက်ကိုင်တပ်မှာ စစ်သား တစ်သန်းလောက် ရှိနိုင်ကြောင်း စစ်ရေး လေ့လာသူတွေက ပြောဆိုကြပါတယ်။

သြစတြေးလျမှာ သန်းနဲ့ချီတဲ့ ငါးတွေ သေဆုံး

ဒါလင်မြစ်ကြောင်း တလျှောက်မှာ ငါးတွေ သေဆုံးနေ

ဓာတ်ပုံ ရင်းမြစ်, UGC

ဓာတ်ပုံ ပုံစာ, ဒါလင်မြစ်ကြောင်း တလျှောက်မှာ ငါးတွေ သေဆုံးနေ

သြစတြေးလျနိုင်ငံက ဒါလင်မြစ်ကမ်း တစ်လျှောက်မှာ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်သန်းမှုကြောင့် ငါးတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

အပူလှိုင်းဒဏ် အဆိုးရွာဆုံး ခံခဲ့ရတဲ့ နေရာကတော့ နယူးဆောက်ဝေး ပြည်နယ်က မီနင်ဒီးမြို့ငယ်လေးမှာ ဖြစ်ပြီး ပုပ်ပွနေတဲ့ ငါးတွေကြောင့် မြစ်ရေ မသန့်ရှင်းမှု တွေလည်း ဖြစ်ပေါ်နေပါတယ်။

အပူလှိုင်းဖြတ်သန်းမှုကြောင့် မြစ်ထဲမှာ အောက်ဆီဂျင် ပမာဏ လျော့နည်း လာတဲ့အပြင် မြစ်ထဲမှာ ရေနည်းပါးမှုကြောင့် ငါးတွေ သေဆုံး ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း သြစတြေးလျ နိုင်ငံမှာ အပူလှိုင်း ဖြတ်သန်းမှုကြောင့် သန်းနဲ့ချီတဲ့ ငါးတွေ သေဆုံးမှုလည်း ဖြစ်ခဲ့ဖူးပါတယ်။