မြန်မာမှာ ရုရှားစစ်အခြေစိုက်စခန်းတွေ တည်ထောင်မှာ အမေရိကန် စိုးရိမ်

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရင်ကထက် ဆက်ဆံရေး ပိုမိုနီးကပ်လာတဲ့ ရုရှားနဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးဟာ ပြည်တွင်းရေးသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လာစေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒဲရက်ခ် ရှိုလေးက ပြောပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ရုရှားနိုင်ငံက ဆက်လက်ထောက်ခံအားပေးနေတာတွေဟာ လုံးဝ လက်သင့်မခံနိုင်သလို ဒါဟာ မြန်မာ့ပြည်တွင်းရေးသာမက အာဆီယံ ဒေသတွင်းအတွက်ပါ ပြဿနာတရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း နှစ်နိုင်ငံကြား စစ်ရေး ဆက်ဆံရေးသာ တိုးတက်လာနေပြီး ရုရှားနိုင်ငံကနေ မြန်မာနိုင်ငံကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးမှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်၊ ဒီလုပ်ရပ်ဟာ ပဋိပက္ခကို ပိုပြီးတောက်လောင်စေတယ်လို့လည်း အကြံပေး ပုဂ္ဂိုလ် ရှိုလေးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

တချိန်တည်းမှာပဲ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်အခြေစိုက် စခန်းတွေ တည်ထောင်လာမှာကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်နေတဲ့ မြန်မာစစ်ကောင်စီကို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပေမယ့် ရုရှားနိုင်ငံကတော့ ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံနေပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့သလို နှစ်နိုင်ငံ ထိပ်ပိုင်းသံတမန်တွေလည်း အပြန်အလှန် သွားရောက်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းပြီးတဲ့နောက် မြန်မာစစ်ခေါင်းဆောင် ကိုယ်တိုင် ရုရှားနိုင်ငံကို ၃ ကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီး စီးပွားရေး ဖိုရမ်တခုမှာ ရုရှားသမ္မတ ပူတင်နဲ့လည်း တွေ့ဆုံခဲ့ဖူးပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက နှစ်နိုင်ငံလုံးက စစ်ခေါင်းဆောင်တွေကို ပစ်ပယ်ထားချိန်မှာ ရုရှား-မြန်မာ စစ်ရေးဆက်ဆံရေး ပိုမို တိုးတက်လာလို့ စစ်အခြေစိုက်စခန်းထူထောင်ဖို့ ရုရှားဖက်က ကြိုးစားလာနိုင်တယ်လို့ အမေရိကန် အကြံပေးအဖွဲ့ (Think Tank ) တွေက ၂ဝ၂၁ ခုနှစ်ကတည်းက သတိပေးခဲ့ဖူးပါတယ်။

ရုရှားဟာ ဆူဒန်နိုင်ငံမှာ စစ်အခြေစိုက်စခန်းထူထောင်ဖို့ သုံးခဲ့တဲ့ နည်းလမ်းတွေကို မြန်မာနိုင်ငံမှာလည်း သုံးနေတာတွေ့ရတယ်လို့ အမေရိကန် Think Tank အဖွဲ့တွေက ထောက်ပြခဲ့ကြတာပါ။

နှစ်နိုင်ငံ စစ်ခေါင်းဆောင်တွေအချင်းချင်းကြား တွေ့ဆုံမှုတွေအတွင်း တပ်မတော်တွေ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့သလို နည်းပညာ ဖလှယ်ရေးနဲ့ လေ့ကျင့်ရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နည်းပညာအကူအညီအဖြစ် ရုရှားဟာ မြန်မာစစ်တပ်ကို နျူကလီးယားနည်းပညာကိုပေးတဲ့အတွက် အပေးအယူသဘောမျိုး ပြန်တောင်းဆိုလာနိုင်တယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ကိုကြည်စင်က သုံးသပ်ပါတယ်။

“ဒီလိုမျိုး အရမ်းထိလွယ်ရှလွယ် နည်းပညာတခုကို ရုရှားက အလွယ်တကူ ပေးတယ်ဆိုတာက အလကားပေးတာ ဖြစ်ပါ့မလား။ အပြန်အလှန်အားဖြင့် ရုရှားနိုင်ငံအနေနဲ့ စစ်အခြေစိုက်စခန်း တည်ဆောက်ဖို့ တောင်းဆိုလာနိုင်လား။ တောင်းဆိုလာခဲ့ရင်လည်း စစ်ရေးအရကော သံတမန်ရေးအရကော စစ်ကောင်စီက ရုရှားကို အရမ်းမှီခိုနေရတဲ့ အတွက်ကြောင့်မလို့ ငြင်းဖို့ရာလည်း ပိုခက်မယ်” လို့လည်း သူက ထောက်ပြပါတယ်။

အမေရိကန် စွပ်စွဲချက် စစ်ကောင်စီ ငြင်းဆို

မနှစ်က ရုရှားခရီးစဥ်မှာ မြန်မာမှာရုရှားစစ်အခြေစိုက်စခန်းတည်ဆောက်ဖို့ဖြစ်နိုင်သလားလို့ ရုရှားမီဒီယာတွေရဲ့အမေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး မဖြစ်နိုင်ဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂ (ခ) မှာ မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြုလို့ ပြဋ္ဌာန်းထားတာပါ။

ဒါပေမဲ့လည်း ရုရှားနိုင်ငံရဲ့ ကျေးဇူးကြောင့် မြန်မာစစ်တပ်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်ခု ဖြစ်ခဲ့တယ်လို့ဆိုပြီး မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် ပြောဆိုခဲ့ဖူးပါတယ်။

မြန်မာစစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးမှုတွေကို ရှိပေမယ့်လည်း ရုရှားစစ်အခြေစိုက်စခန်းတွေ တည်ထောင်လာနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စိုးရိမ်ချက်တွေကို ပယ်ချပါတယ်။

“ မြန်မာနိုင်ငံမှာ အမေရိကန်ဘက်က စွပ်စွဲတဲ့အတိုင်း စစ်အခြေစိုက်စခန်းတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ရုရှားနိုင်ငံအနေနဲ့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ တည်ဆဲဥပဒေ အချုပ်အခြာ အာဏာနဲ့ ပတ်သက်ရင် အမြဲတမ်း လေးစားတဲ့နိုင်ငံတနိုင်ငံ ဖြစ်တယ်။ အမေရိကန်ရဲ့ စိုးရိမ်ချက်ဟာ နံပါတ် (၁) ကတော့ အင်ဒို ပစိဖိတ် ဒေသမှာ လွှမ်းမိုးရေး လုပ်နေတယ်။ လုပ်နေတဲ့အတွက် သူ့အပြင် ကျန်တဲ့ နိုင်ငံတနိုင်ငံနဲ့ ဆက်ဆံရေးတိုးတက်လာမှာကို သူ့အနေနဲ့ စိုးရိမ်တာပေါ့။ နံပါတ် (၂) အချက်ကတော့ သူလုပ်နေတာတွေသည် တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အစဥ်တစိုက် လုပ်နေတာပဲ။ ဒီအပေါ်မှာ မအောင်မြင်မှာလည်း စိုးရိမ်တယ်လို့ ထင်တယ်” လို့ ငြင်းဆိုပါတယ်။

စစ်ရေးအကဲခတ်တချို့ကတော့ ရုရှားအနေနဲ့ မြန်မာပြည်က မဟာဗျူဟာကျတဲ့ ပင်လယ်ထွက်ပေါက်တစ်ခုမှာ စီးပွားရေးအကြောင်းပြချက်နဲ့ ဆိပ်ကမ်းတစ်နေရာရယူထားပြီးပြီလို့ ထောက်ပြနေကြပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ Myanmar Witness အဖွဲ့ကလည်း ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ ဆိပ်ကမ်းကနေ စစ်လက်နက်တွေတင်ဆောင်လာတဲ့ ရုရှားသင်္ဘောတွေ သီလဝါ ဆိပ်ကမ်းကိုဝင်ထွက်နေတဲ့အကြောင်း ၂ဝ၂၂ ခုနှစ်တုန်းက ဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရဘက်ကတော့ မြန်မာနိုင်ငံတွင်းက မတည်ငြိမ်မှုတွေ၊ နယ်စပ်ရာဇဝတ်မှုတွေနဲ့ မူးယစ်ဆေး ကိစ္စရပ်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အကျပ်တည်းတွေကြောင့် အရှေ့တောင်အာရှမှာ အန္တရာယ် အရှိဆုံး နိုင်ငံအဖြစ် ရှုမြင်တယ်လို့ မစ္စတာ ရှိုလေးက ပြောပါတယ်။

ဒါကြောင့် အာဆီယံအဖွဲ့ရဲ့ သံတမန်ရေး ကြိုးပမ်းချက်တွေကို အမေရိကန်အနေနဲ့ ထောက်ခံအားပေးခဲ့ပြီး ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံတွေနဲ့လည်း လက်တွဲ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ လာမယ့်ရက်ပိုင်းအတွင်း မြန်မာစစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ ရှိပြီး မြန်မာနိုင်ငံတွင်းက ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံအနေနဲ့ အာဏာသိမ်းစစ်တပ်ကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့မှုကို ရပ်တန့်ရမယ်လို့လည်း သတိပေးလိုက်ပါတယ်။