ဒီဇင်ဘာ ၂၇ရက်နေ့ သတင်းများ

ရေးသားခဲ့သည်။
ကော့ကရိတ်ဒေသတိုက်ပွဲ ၁၀ရက်ကြာအထိပြင်းထန်နေဆဲ

ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသတောင်ပိုင်း ကော့နွဲ့ကျေးရွာဘက်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူပေးကာ တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေတယ်လို့ မြေပြင်သိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

ဒီဇင်ဘာ ၂၆ရက်နေ့ကတည်းက ကော့ကရိတ်ဒေသအတွင်းကို ပို့ဆောင်ထားတဲ့ တပ်မ ၄၄ လက်အောက် စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီက လေကြောင်းလက်နက်ကြီးပစ်ကူစတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ် နေတာလို့ သိရပါတယ်။

“မနေ့က မိကသိမ်ကုန်း ဘုရားတောင်နဲ့ ကမိုင်ကုန်း ၊အံဖကြီး ကျေးရွာ၊ ကော့နွဲ့ ရွာတွေဘက်ကို ပတ်၀င်တဲ့ စစ်တပ်တွေ ပိတ်မိနေတယ်၊ အဲ့ဒါကို ညကရော၊ အခုမနက်ရော လက်နက်ကြီး လှိမ့်ပစ်နေတာ ၊ ၁၂ နာရီ လောက်ကျတော့ ပုဇင်း(ရဟတ်ယာဉ်) တစ်စီး ၄ ပတ်လောက်ပတ်ပြီး စက်သေနတ်ပစ် ဗုံးကြဲတာ တွေလုပ်တယ်” လို့ စစ်ရေးအခြေအနေသိရှိသူ တစ်ဦးက ပြောပါတယ်။

ကော့ကရိတ်တောင်းဘက်ပိုင်း ကော့နွဲ့ရွာဘက် အာရှလမ်းမကြီးတစ်ဝိုက်က တောင်ကြောတွေကို စစ်တပ်ဘက်က ထိန်းချုပ်နိုင်ဖို့နဲ့ ကော့ကရိတ်တောင်ပိုင်းဘက်မှာရှိနေတဲ့ KNLA/PDF ပူးပေါင်းအဖွဲ့တွေကို ရှင်းလင်း ဖို့ စစ်တပ်ဘက်က တိုက်ခိုက်မှုတွေလုပ်နေတာ ဒီကနေ့အထိဆိုရင် ၁၀ရက်အထိကြာမြင့်လာပြီလို့ ဒေသခံနဲ့ ပူးပေါင်းအဖွဲ့တွေထံကသိရပါတယ်။

ဒီကနေ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းကနေ ဗုံးကျဲမှုတွေကြောင့် ထိခိုက်သေဆုံးမှု၊ လူနေအိမ် ထိခိုက်မီး လောင်မှုတွေကို လတ်တလောမသိရှိရသေးပါဘူး။

ဒီဇင်ဘာ ၂၆ရက်နေ့ကတော့ ကော့ကရိတ် တတန်ကူးကျေးရွာ ရွှေကြက်မင်းဘုန်းကြီး ကျောင်း၀န်းထဲကို  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော် ၁ပါး ပျံလွန်တော်မူခဲ့ပြီး၊ အခြားသံဃာ နဲ့ အရပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကော့ကရိတ် ဒေသခံတွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကျေးရွာနဲ့ ရပ်ကွက်တွေထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် အရပ်သား ၃ဦးသေဆုံးခဲ့ပြီး၊ အခြားအရပ်သား၉ဦးထိခိုက်ဒဏ်ရာထားတာလည်းရှိတယ်လို့ သိရပါတယ်။လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရရှိမှုတွေကို ဘီဘီစီက သီးခြားအတည်ပြုထားနိုင်တာမရှိသေးပါဘူး။

ကော့ကရိတ်ဒေသတိုက်ပွဲတွေအပေါ် စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ပြောဆိုလာတာမျိုးမရှိသေးပါဘူး။

NDAA ဥပဒေ၊ အကြမ်းဖက်မှုအားပေးကာ ပြည်တွင်းရေးစွက်ဖက်တယ်လို့ စစ်ကောင်စီထုတ်ပြန်

အမေရိကန်ရဲ့ ဒီဇင်ဘာ ၂၃ရက်နေ့က အတည်ပြုခဲ့တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေထဲက မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ “BURMA Act of 2022” ကိုထည့်သွင်းခဲ့ပြီး NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှုတွေလုပ်မယ့်လုပ်ရပ်ဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သလို၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကသူတို့အနေနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို အဖက်ဖက်ကနေ လုပ်ဆောင် နေကြောင်းနဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ကို ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်သလို၊ ဒီလုပ်ရပ်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်ဘက်က အခုအက်ဥပဒေကို အတည်မပြုခင်ကတည်းက ကြိုတင်ကန့်ကွက်မှုတွေကို ဆက်တိုက် ပြုလုပ်ခဲ့တာတွေကိုလည်း ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီလိုစစ်ကောင်စီဘက်က ကန့်ကွက်တာတွေလုပ်ခဲ့ပေမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (Bill of National Defence Authorization Act - NDAA) က အတည် ဖြစ်လာလို့ ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။

ဒီ NDAA ဥပဒေထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမား တဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောကြားထားပါတယ်။

ဒီဥပ‌ဒေထဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒီဥပဒေအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့်ပြုထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်းတွေ ငွေကြေးဖောင်းပွမှု ဒဏ်ကိုခံနိုင်အောင် မူလတောင်းခံထားတာထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုချပေးထားတာပါ။

ထီးချိုင့်၊ သခွပ်ချောင်ရွာ မီးထပ်ရှို့ခံရ

အင်းတော်နဲ့ ထီးချိုင့်က ဒေသခံ ၄၀ လောက်ဖမ်းခံထားရတယ်လို့ ပြော

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက သခွပ်​ချောင်ရွာကို ဒီဇင်ဘာ ၂၇ရက်၊ ဒီကနေ့ မနက် ၈နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက မီးရှို့တာတွေလုပ်နေတယ်လို့ ‌မီးလောင်မှုကိုမြင်နေရတဲ့ စစ်ဘေးရှောင် အချို့က ဘီဘီစီကိုပြော ပါတယ်။

"လက်ကျန်ကို ဒီနေ့မနက်လောက်ရှင်းတယ်လို့ပြောတာ၊ အိမ်က ၂၅ အိမ်လောက်ကျန်တာ၊ ကျွန်တော်တို့ ဘက် ‌နှင်းမိုင်းနေတုန်းဆိုပေမယ့် အဲဒီကြားကနေပဲ မီးခိုးတွေကို မြင်နေရတယ်" လို့ ‌မီးလောင်မှုကိုမြင်နေရ တဲ့ စစ်ဘေးရှောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကြောင်းတွေဝင်နေတဲ့အချိန်ကစပြီး အနည်းဆုံး ၄ကြိမ်လောက် သခွပ်ချောင်ရွာက မီးဆက်တိုက် အရှို့ခံနေရတာလို့ စစ်ဘေးရှောင်နေရသူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ၃ရက်ကလည်း ထီးချိုင့်နဲ့ အင်းတော်မြို့နယ်အစပ်တွေက ပေါက်တောရွာကနေ အလယ်တောရွာကို ဝင်ရောက်စီးနင်းတဲ့ ဖြစ်စဥ်တွေလည်းရှိခဲ့တယ်လို့ ဆိုကြပါတယ်။ အခုစစ်ကြောင်းတွေက နိုဝင်ဘာ ၂၀ ရက် ကျော်ကတည်းက ထီးချိုင့်နဲ့ အင်းတော်မြို့နယ် တွေထဲမှာ ဒီကနေ့အထိ ဝင်ရောက် စစ်ကြောင်းထိုးနေတာလို့  ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၅ရက်အတွင်းကတော့ အင်းတော်မြို့နယ် အလယ်တောရွာအနားမှာ စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့ တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

အဲဒီနောက်မှာတော့ ကျေးရွာတွေထဲကို ဝင်ထွက် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းက လမ်းသွားလမ်းလာ တွေအပြင် အင်းတော်နဲ့ ထီးချိုင့်မြို့နယ်ထဲက ‌ဒေသခံ ၄၀ လောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ‌‌စစ်ဘေးရှောင် ထီးချိုင့်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေ ဒီဇင်ဘာ ၂၇ရက်နေ့အထိ ပြန်လည်လွတ်‌မြောက်လာတာမျိုးမရှိသေးဘူးလို့ ဒေသခံ တွေကပြောကြပါတယ်။ ဒေသခံတွေဘက်က ပြောပြတဲ့ ဖမ်းဆီးခံရမှုအရေအတွက်နဲ့ စစ်တပ်ဘက်ကဖမ်း ဆီးတဲ့ ဖြစ်စဥ်တွေအပေါ် ဘီဘီစီက သီးခြားအတည်ပြုသိရှိရတာမရှိသေးပါဘူး။

ထီးချိုင့်နဲ့ အင်းတော်နယ်အစပ်ဘက်က မီးရှို့ခံရမှု၊ တိုက်ပွဲတွေစတာတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော် က ဒေသခံသောင်းကျော်က လယ်ကွင်းနဲ့ ဒေသထဲကတောင်ရိုးတွေပေါ်မှာ ခိုလှုံနေထိုင်နေကြ ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်တော့ ထီးချိုင့်နဲ့ အင်းတော်ဘက်က စစ်ပွဲတွေနဲ့ စစ်ကြောင်းထိုးမှု၊ ဒေသခံတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

ပုလောမြို့ နယ်၊ ပလမြို့ ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက ပလမြို့ရဲစခန်ကိုး ဒီဇင်ဘာ ၂၆ရက်နေ့ ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ‌မြိတ်ခရိုင် ကာကွယ်ရေးအဖွဲ့ တွေထံကသိရပါတယ်။

ပလမြို့ရဲစခန်းကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကိုလည်း မြိတ်ခရိုင်ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ဘီဘီစီကိုအတည်ပြုပြောပြပါတယ်။

ပလဒေသခံတွေရဲ့ ပြောပြချက်အရ တိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန် ပစ်ခတ်သံတွေကို ကြားသိရ‌ပေမယ့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတိအကျကိုတော့ သိရှိခဲ့ကြတာမရှိဘူးလို့ ‌သိရပါတယ်။တိုက်ခိုက်ခံရတဲ့ ပလမြို့ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျကိုတော့ ဘီဘီစီကသီးခြားမေးမြန်းသိရှိရမှုမရှိသေးပါဘူး။

ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ တိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှမရှိခဲ့ဘူးလို့ ပြောပါတယ်။အခု ပလမြို့ရဲစခန်းတိုက်ခိုက်ခံရမှုဟာ ဒီဇင်ဘာလအတွင်း ၂ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ရက်နေ့ကလည်း ပထမအကြိမ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ဒီဇင်ဘာ ၉ရက်နေ့ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ဒေသကာကွယ်ရေးအဖွဲ့ဘက်ကသိရပါတယ်။

စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ ပလမြို့ရဲစခန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ပြောကြားတာတော့ မရှိသေးပါဘူး။

မိုးကုတ်၊ ကျောက်မျက်လုပ်ငန်းခွင်မှာ ကျင်းပြိုလို့ အမျိုးသားတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရေပူကျေးရွာအုပ်စု၊ ကတုတ်ကျောက်မျက်လုပ်ငန်းခွင်ထဲမှာ ဒီဇင်ဘာ ၂၆ရက်နေ့က အနက် ၈၀ ပေ အကျယ် ၄ပေရှိတဲ့ ကျင်းပြိုကျမှုမှာ ကျောက်ရှာဖွေတဲ့အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအသင်းတွေထံကသိရပါတယ်။

ဒီဇင်ဘာ ၂၆ရက်နေ့၊ နေ့လည် ၁၂နာရီ ၀၅ မိနစ်အချိန်မှာ လုပ်ငန်းခွင်အတွင်း ကျင်းပြိုကျမှုဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

ကျင်းပြိုကျတဲ့နေရာက ပတ္တမြားအပါအဝင် ကျောက်မျက်တူးဖော်တဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ ကျင်းပြိုကျရာနေရာကို ကူညီကယ်ဆယ်ရေးအဖြစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ မိုးကုတ်အရံမီးသတ်တပ်ဖွဲ့ တို့က ရှာဖွေကယ်ဆယ်မှုတွေကို လုပ်ဆောင်ခဲ့ချိန် အဲဒီအမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ် ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီအမျိုးသားရုပ်အလောင်းကို မိုးကုတ်ဆေးရုံကြီးကို လူမှုကူညီရေးအသင်းတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူအမျိုးသားရဲ့ ပတ်သက်တဲ့အကြောင်းအရာနဲ့ ကျင်းပြိုကျမှုဖြစ်စဥ်အပါအဝင် ဆက်စပ်အကြောင်း အရာတွေကိုတော့ ဘီဘီစီက ဆက်သွယ်မေးမြန်းနေပေမယ့် သီးခြားသိရှိရမှုမရှိသေးပါဘူး။